ကလေးဉာဏ်ရည်ကောင်းမွန်ဖို့ လုံလောက်တဲ့ သံဓာတ်အာဟာရကို ဖြည့်တင်းပါစို့

by: Swe Mar
 0 comments  48 love

ကလေးငယ်တွေ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးဖို့မိခင်ဝမ်းတွင်းမှာ ရှိနေစဉ်မှာကတည်းက အမေစားတဲ့ အာဟာရဓာတ်တွေကနေ သံဓာတ်ကိုစုပ်ယူပြီး ဦးနှောက်ကို ဖွံ့ဖြိုးခဲ့တာပါ။

ကိုယ်ဝန်ဆောင်ချိန်ကာလမှာ မေမေတို့စိတ်ပူတာတွေက အများကြီးပါနော်။ ဒီလိုစိတ်ပူရတဲ့အထဲမှာ ကလေးလေးဉာဏ်ရည်နဲ့ဆိုင်တဲ့ ပြဿနာတွေလည်း ပါပါတယ်။ ကလေးတွေ ဉာဏ်ရည်နိမ့်ရတဲ့ အကြောင်းရင်းတွေကတော့ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ အာဟာရဓာတ်ချို့တဲ့မှုကြောင့် ကလေးမှာ အာဟာရချို့တဲ့ရတာ၊ ကလေးကိုနို့တိုက်တာ၊ မိခင် နို့ဖြတ်တာ၊ ကလေးကိုအစာကျွေးရာမှာ လိုအပ်ချက်တွေရှိတာကြောင့် အာဟာရပြတ်လပ်တာ၊ မွေးဖွားစဉ် မွေးဖွားမှုခက်ခဲတာကြောင့် ကလေးဦးနှောက်ဒဏ်ရာရတာ၊ ကလေးငယ်စဉ်မှာ အပူကြီးပြီး ဖျားနာတာကြောင့် တက်တဲ့ရောဂါရတာ စတာတွေကြောင့် ဉာဏ်ရည်နိမ့်ရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော၊ မီးဖွားပြီးချိန်မှာပါ ကလေးလေးရဲ့ အာဟာရနဲ့ပက်သက်လို့ အထူးဂရုစိုက်သင့်ပါတယ်နော်။

ကလေးဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက် အဓိကလိုအပ်တာက သံဓာတ်အာဟာရကို အသားပေးဖော်ပြပါမယ်။ ကလေးငယ်တွေ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးဖို့သံဓာတ်အာဟာရလိုအပ်ပါတယ်။ ဦးနှောက်ထဲက စဉ်းစားတွေးခေါ်မှုနဲ့ သက်ဆိုင်တဲ့ ကလပ်စည်းတွေဖွံ့ဖြိုးဖို့အတွက် သံဓာတ်အာဟာရက အဓိကပါ။ မိခင်ဝမ်းတွင်းမှာ ရှိနေစဉ်မှာကတည်းက အမေစားတဲ့ အာဟာရဓာတ်တွေကနေ သံဓာတ်ကိုစုပ်ယူပြီး ဦးနှောက်ကို ဖွံ့ဖြိုးခဲ့တာပါ။ မွေးဖွားပြီး အသက် ၅နှစ်ထိတိုင်အောင်လည်း ကလေးဦးနှောက်အတွက် သံဓာတ်ကလိုအပ်ပါတယ်တဲ့။

 

သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်များ

 

ဒါကြောင့် မိခင်စားတဲ့ အစားအသောက်တွေနဲ့ တိုက်ရိုက်ပက်သက်နေတာဖြစ်လို့ မေမေတွေအနေနဲ့ သံဓာတ်အားကောင်းတဲ့ အစားအစာတွေစားပေးဖို့လိုအပ်ပါတယ်။ အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ အသည်းအမြစ်၊ ဝက်သား၊ အာလူး၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ ကန်စွန်းရွက်၊ ပဲအမျိုးမျိုး ဆလတ်ရွက်၊ သံဓာတ်များတဲ့ အစားအစာတွေ၊ အစိမ်းရောင်အသီးအရွက်တွေကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက် မိခင်တွေအနေနဲ့ များများစားသုံးပေးသင့်ပါတယ်နော်။ ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုအားကောင်းစေဖို့ဗီတာမင်စီကိုလည်း စားသုံးပေးရပါမယ်။ ချဉ်တဲ့အရသာရှိတဲ့ အသီးဖျော်ရည်တွေများများသောက်ပေးပါ။  ရှောင်ကြဉ်သင့်တာကတော့ ကဖီးဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်စတာတွေပါ။ ဒါတွေက သံဓာတ်ကို အားလျော့စေလို့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အများကြီးမသောက်မိဖို့ လိုပါတယ်။

ကလေး ၆ လကျော်လို့ ဖြည့်စွက်စာကျွေးပြီဆိုရင်လည်း ကလေးတွေကို သံဓာတ်ပါတဲ့ အစားအသောက်တွေဖြစ်တဲ့ အသား၊ ငါး၊ အာလူးတို့နဲ့ ဆန်ကိုပြုတ်ပြီး ကြိတ်ချေကျွေးရမှာဖြစ်ပါတယ်။ ၆လကျော်လာတဲ့ကလေးအတွက် မိခင်နို့က ရတဲ့ သံဓာတ်အာဟာရက မလုံလောက်တော့ပါဘူး။ ဒါကြောင့် ဦးနှောက်ဖွံ့ဖြိုးစေတဲ့ သံဓာတ်ဖြည့် အစားအစာတွေကို ကျွေးပေးဖို့ အကြံပြုလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles