ကလေးအတွက် လိုအပ်တဲ့ သံဓါတ်ကို အစားအစာတွေနဲ့ ဖြည့်ရအောင်

by: Khin Nyein Lwin
 0 comments  0 love

သားသားမီးမီးလေးတွေ ကျန်းမာစေဖို့ သံဓါတ်တွေ ပြည့်ဝနေဖို့ အရမ်းကို အရေးကြီးပါတယ်။ သံဓါတ်အတွက် ဘာတွေ ကျွေးရမလဲဆိုတာ မျှဝေလိုက်ပါတယ်နော်။

မေမေတို့ရေ သားသားမီးမီးလေးတွေဟာ အသက် (၁) နှစ်ကနေ (၃) နှစ်အထိ တစ်နေ့ကို သံဓါတ် (၇) မီလီဂရမ် လိုအပ်ပြီး အသက်(၄) နှစ်ကနေ (၈) နှစ်အထိကတော့ (၁၀) မီလီဂရမ်အထိ လိုအပ်ပါတယ်။ သွေးနီဥထဲမှာ သံဓါတ်ပါဝင်တဲ့ Hemoglobinဟာ ဆဲလ်တွေဆီကို အောက်ဆီဂျင်ရောက်ရှိဖို့အတွက် အထောက်အကူပြုပေးပါတယ်။ သံဓါတ်မပြည့်ဝဘူးဆိုရင် အသားအရောင်ဖျော့လာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားစားချင်စိတ်နည်းခြင်းနဲ့ နှလုံးခုန်နှုန်းမမှန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ မေမေတို့ရေ သားသားမီးမီးလေးတွေ ကျန်းမာစေဖို့ သံဓါတ်တွေ ပြည့်ဝနေဖို့ အရမ်းကို အရေးကြီးပါတယ်။ သံဓါတ်အတွက် အစားအစာတွေနဲ့ ပြည့်အောင် ဖြည့်လို့ရပါတယ်။ သားသားမီးမီးလေးတွေကို ဘာတွေ ကျွေးရမလဲဆိုတာ မျှဝေလိုက်ပါတယ်နော်။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးကလည်း သံဓါတ်ကို ပြည့်ဝစေတာမို့ သားသားမီးမီးတို့အတွက် အကောင်းဆုံး အစားအစာပါပဲ။ အသားမကြိုက်တဲ့ သားသားမီးမီးလေးတွေဆိုရင်တော့ ပဲအမျိုးမျိုးနဲ့ အစားထိုးပြီး စားပေးလို့ ရပါတယ်။

အသား

မေမေတို့ရေ အသားချက်တဲ့အခါမှာတော့ ကျက်အောင်၊ နူးအိအောင်ချက်ဖို့ အမြဲ သတိရနေပေးနော်။ ဒါမှ သားသားမီးမီးလေးတွေအတွက် အဆင်ပြေမှာပါ။ ကြက်သား၊ ဝက်သား၊ အမဲသား ဘယ်အသားမဆို သံဓါတ်ပေးစွမ်းနိုင်ပါတယ်။

အရွက်စိမ်း

သားသားမီးမီးလေးတွေက အသီးအရွက်တွေ စားဖို့ ငြင်းဆန်နေရင်တောင် ချော့မော့ပြီး ကျွေးကို ကျွေးသင့်တဲ့ အရွက်ထဲမှာ ဟင်းနုနွယ်ရွက်က ထိပ်ဆုံးက ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ဟာ သံဓါတ်ကို အပေးနိုင်ဆုံး အရွက်ဖြစ်တာကြောင့်ပါ။ ကြော်ချက်ပြီး ကျွေးနိုင်သလို ရေစင်အောင်ဆေးပြီး ပြုတ်ပြီးတော့လည်း အရည်တိုက်ကျွေးနိုင်ပါတယ်။

ဖရုံစေ့

သားသားမီးမီးလေးတွေရဲ့ သရေစာမှာ ဖရုံစေ့ ထည့်စားပေးရုံနဲ့ သံဓါတ်ကို ဖြည့်တင်းပြီးသား ဖြစ်မှာပါ။ ဖရုံစေ့ခွက်တစ်ခွက်မှာ သံဓါတ် (၆) မီလီဂရမ် ပါဝင်ပါတယ်။ နေကြာစေ့ စားမယ်ဆိုရင်လည်း သံဓါတ်ရရှိနိုင်ပါတယ်။

ငါး

သားသားမီးမီးလေးတွေ သံဓါတ်အပြည့်အဝ ရချင်တယ်ဆိုရင် ငါးများများ ကျွေးဖို့ လိုပါတယ်။ ငါးမှာပါတဲ့ ပရိုတင်းနဲ့ သံဓါတ်တွေနဲ့ fatty acids တွေက ကလေးအတွက် ဦးနှောက်မှတ်ဥာဏ်တွေအတွက် ကောင်းမွန်စေပါတယ်။ ကလေးအများစုက ငါးမကြိုက်တတ်ကြဘူးမို့ သေချာတော့ ချော့ပြီး ကျွေးဖို့ လိုပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles