(၆)လအောက် ကလေးငယ်ကို ရေတိုက်သင့်၊ မသင့် ဒွိဟဖြစ်နေလား

by: Nang Htwe
 1 comments  1 love

အသက်(၆)လအောက် ကလေးငယ်ကို ရေတိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက ကြောက်စရာကောင်းတာကြောင့် ဆရာဝန်နဲ့ ကျွမ်းကျင်သူတွေက ရေမတိုက်ဖို့ အကြိမ်ကြိမ် သတိပေးနေကြတာပါ။

အသက်(၆)လအောက် ကလေးငယ်တွေကို ရေမတိုက်ဖို့ ဆရာဝန်နဲ့ ကျွမ်းကျင်သူတွေက အတန်တန် သတိပေးထားကြပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ သတိပေးနေပါစေ ပတ်ဝန်းကျင်မှာ အသက်(၆)လအောက် ကလေးငယ်တွေကို ရေတိုက်နေတာ တွေ့ရပါတယ်။ အသက်(၆)လအောက် ကလေးငယ်တွေကို ရေတိုက်တာ အလွန်အန္တရာယ်များပါတယ်။

Image result for Drinking water can be harmful to smallest babies

မိခင်နို့မှာ ရေဓါတ်(၈၈) ရာခိုင်နှုန်းကျော်တောင်ပါဝင်တာမို့ ကလေးငယ်ကို အပြင်ကရေ တိုက်စရာ လုံးဝလုံးဝ မလိုအပ်ပါဘူး (Photo by March of Dimes)

မိခင်နို့မှာ ရေဓါတ်ဘယ်လောက်ပါဝင်လဲ

ဘာကြောင့် အသက်(၆)လအောက် ကလေးငယ်တွေကို ရေမတိုက်သင့်တာလဲ။ အရင်ဆုံး မိခင်နို့မှာ ဘာတွေပါဝင်နေလဲဆိုတာ ပြောပြပေးမယ်နော်။ မိခင်နို့မှာ ရေဓါတ်(၈၈.၁)ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဆီဓါတ် (၃.၈)ရာခိုင်နှုန်း၊ ပရိုတိန်းဓါတ် (၀.၉)ရာခိုင်နှုန်း၊ Lactose (၇.၀)ရာခိုင်နှုန်း၊ တခြားအာဟာရဓါတ် (၀.၂) ရာခိုင်နှုန်း ပါဝင်ပါတယ်။ မိခင်နို့မှာ ရေဓါတ်(၈၈) ရာခိုင်နှုန်းကျော်တောင်ပါဝင်တာမို့ ကလေးငယ်ကို အပြင်ကရေ တိုက်စရာ လုံးဝလုံးဝ မလိုအပ်ပါဘူး။ မိခင်နို့ တစ်မျိုးတည်းနဲ့ လုံလောက်ပါတယ်။

ရေတိုက်ခြင်းရဲ့ ဆိုးကျိုးများ

အသက်(၆)လအောက် ကလေးငယ်ကို ရေတိုက်မယ်ဆိုရင် ကောင်းကျိုးထက် ကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေက ပိုများပါတယ်။ ကလေးငယ်ရဲ့ ကျောက်ကပ်ဟာ ပိုလျှံတဲ့ရေနဲ့ အတူ ဆိုဒီယမ်တွေကို စွန့်ပစ်နိုင်စွမ်းရှိသေးပါဘူး။ ပိုလျှံတဲ့ ဆိုဒီယမ်တွေဟာ ကျောက်ကပ်က မစွန့်နိုင်တာကြောင့် ဦးနှောက်ထဲကို ရောက်ရှိသွားပါတယ်။ ဦးနှောက်လှုပ်ရှားမှုတွေ ထိခိုက်လာပါတယ်။ ဦးနှောက်ထိခိုက်တာကို ဘယ်လိုသိနိုင်လဲ။ ယားယံလာခြင်း၊ မူးဝေခြင်းနဲ့ တခြားအန္ဓာကိုယ်အစိတ်အပိုင်းတွေ အပြောင်းအလဲဖြစ်လာတာက ဦးနှောက်ထိခိုက်နေပြီဆိုတာကို ပြတာပါ။ နောက်ထပ် လက္ခဏာတွေကတော့ ခန္ဓာကိုယ်အပူချိန် နိမ့်လာတာ ဒါမှမဟုတ် (၉၇) ဒီဂရီထက် နည်းလာတာ၊ မျက်နှာတွေရောင်ရမ်းလာတာ၊ ကြွက်သားပြဿနာ၊ တက်တာ၊ အတက်လွန်ပြီးသေဆုံးတာတွေ ဖြစ်လာနိုင်တဲ့အပြင် ကလေးငယ်ရဲ့ ဘဝတစ်လျှောက် ဥာဏ်မကောင်းတော့တာကို ကြုံရနိုင်ပါတယ်။

Image result for newborn baby breastfeeding

မိခင်နို့ တစ်မျိုးတည်းနဲ့ လုံလောက်ပါတယ် (Photo by Maternal Goddess)

ပတ်ဝန်းကျင်ရဲ့ ဖိအား

အသက်(၆)လအောက် ကလေးငယ်ကို ရေတိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက ကြောက်စရာကောင်းတာကြောင့် ဆရာဝန်နဲ့ ကျွမ်းကျင်သူတွေက ရေမတိုက်ဖို့ အကြိမ်ကြိမ် သတိပေးနေကြတာပါ။ မေမေတို့ကိုယ်ကလည်း (၆)လအောက် ကလေးငယ်ကို ရေမတိုက်ရတာ သိပေမယ့်လည်း ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြောင့် တွေဝေပြီး ရေတိုက်မိတာ၊ မေမေတို့မသိအောင် မိသားစုဝင်တွေက ခိုးတိုက်တာ စတဲ့ ပြဿနာတွေကို ကြုံရပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးငယ်ကို ရေမတိုက်မိအောင် သတိထားရမယ့်အပြင် မိသားစုဝင်တွေကိုလည်း ပညာပေးရပါမယ်။

အသက်(၆)လအောက် ကလေးငယ်တွေကို ရေလုံးဝမတိုက်ပါနဲ့နော်။ အသက်(၆)လအထက် ကလေးငယ်တွေကို တစ်နေ့ ရေဘယ်လောက် ပမာဏ တိုက်သင့်တယ်ဆိုတာ နောက်အပတ်မှာ Kalay ကနေ ပြောပြပေးသွားပါမယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x