မေမေတို့ သတိထားရမယ့် ကလေးငယ်ရဲ့ စိတ်ကျန်းမာရေး

by: Nang Htwe
 0 comments  0 love

စိတ်ကျန်းမာရေးပြဿနာက စောစောသိလေ ကောင်းလေပါပဲ။ အလုပ်မအားတဲ့ မိဘတွေနဲ့ အိမ်တွင်းရေးပြဿနာရှိတဲ့ မိဘတွေက ကလေးငယ်ရဲ့ ဒီပြဿနာကို စောစောမသိနိုင်ပါဘူး။

လူကြီးတွေမှာ စိတ်ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရနိုင်သလို ကလေးငယ်တွေမှာလည်း ဒီပြဿနာရှိနေနိုင်ပါတယ်။ ကလေးပဲ ဘာမှမဖြစ်လောက်ပါဘူးလို့ မေမေတို့ ခံယူထားတယ်ဆိုရင် နောင်တချိန်မှာ ပြဿနာ တွေ အများကြီးရင်ဆိုင်ရနိုင်ပါတယ်။ မေမေတို့အနေနဲ့ ကလေးငယ်မှာ ဒီပြဿနာရှိနေတယ်ဆိုရင် လက်ခံဖို့ ကြိုးစားရပါမယ်။ ပထမဆုံး လက်ခံလိုက်မှသာ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိနိုင်မှာပါ။

လူကြီးတွေမှာ စိတ်ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရနိုင်သလို ကလေးငယ်တွေမှာလည်း ဒီပြဿနာရှိနေနိုင်ပါတယ် (Photo by excited-baby)

စိတ်ကျန်းမာရေးပြဿနာ

ဒီစိတ်ကျန်းမာရေး ပြဿနာကို အိမ်မှာပဲ ဖြေရှင်းလို့မရပါဘူး။ စိတ်ကျန်းမာရေးဆရာဝန်တွေဆီမှာ သွားရောက်ပြသပေးရပါမယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာရပါမယ်။ ကလေးငယ်မှာ စိတ်ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရပြီဆိုရင် ယတြာချေတာတွေ အဆောင်လုပ်တာတွေ ဗေဒင်မေးတာတွေ မပြုလုပ်ဘဲ ဆရာဝန်နဲ့သာ အမြန်ဆုံးပြသပေးပါ။

စောင့်ကြည့်ပေးခြင်း

ဒီလို အမြဲတမ်းစောင့်ကြည့်ပေးတာက တခြားကျန်းမာရေးပြဿနာတွေအပြင် စိတ်ကျန်းမာရေးကိုပါ စောစောသိစေနိုင်လို့ပါ။ စိတ်ကျန်းမာရေးပြဿနာက စောစောသိလေ ကောင်းလေပါပဲ။ အလုပ်မအားတဲ့ မိဘတွေနဲ့ အိမ်တွင်းရေးပြဿနာရှိတဲ့ မိဘတွေက ကလေးငယ်ရဲ့ ဒီပြဿနာကို စောစောမသိနိုင်ပါဘူး။ မိဘနဲ့ ကလေးငယ်ကြား ဆက်ဆံရေးမူမမှန်မှသာ သိလာပါတယ်။

ကလေးငယ်တွေက သူတို့လေးတွေရဲ့ ခံစားချက်ကို လူကြီးတွေလို ထုတ်ဖော်မပြောပြတတ်ပါဘူး။ ဒါကြောင့် သူတို့လေးတွေရဲ့ အမူအရာကို ကြည့်ပြီး သိနိုင်ပါတယ်။

စိတ်ရောဂါရှိနေတဲ့ ကလေးငယ်ရဲ့ လက္ခဏာများ

  • ပုံမှန်မဟုတ်တဲ့ အမူအရာနဲ့ အပြုအမူများ ပြုလုပ်ခြင်း
  • အစားအသောက်စားတဲ့အခါ ပြဿနာရှိနေခြင်း
  • ကောင်းစွာမအိပ်ခြင်း၊ သိပ်ရတာ ခက်ခဲခြင်း
  • ညအချိန်တွင် မကြာခဏ လန့်အော်ခြင်း
  • ညအိပ်ချိန်မှာ မကြာခဏ လမ်းထလျှောက်ခြင်း
  • စကားထစ်ခြင်း
  • ပတ်ဝန်းကျင်က အရာဝတ္ထုများ ကောက်စားခြင်း
  • စကားပြောတဲ့အခါ မူမမှန်ခြင်းနဲ့
  • ခြေ၊ လက်အမူအရာ ပုံမှန်မဟုတ်ခြင်း စတဲ့လက္ခဏာတွေ တွေ့နေရပြီဆိုရင် အမြန်ဆုံးကုသသင့်ပါတယ်။

စိတ်အားငယ်တတ်တဲ့ ကလေးငယ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ ကျောင်းတက်တဲ့အခါ စာမလိုက်နိုင်တာ၊ ဥာဏ်ထိုင်းတာ၊ တွေဝေတာ၊ စိတ်မပါတာနဲ့ လူတောမတိုးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စောစောသိပြီး အမြန်ကုသဖို့ လိုအပ်ပါတယ်။

ကလေးငယ်ဟာ သူတို့လိုချင်တာမရခဲ့ရင် ဒါမှမဟုတ် စိတ်မကျေနပ်ရင် အောင်ငိုတာ၊ လူးလိမ့်ငိုတာ၊ စိတ်ကြီးတာတွေနဲ့ ပစ္စည်းတွေ ပစ်ပေါက်တာတွေက  စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေလို့ပါ(Photo by Здоровье зубов – Здоровые зубы – сбереженный кошелек)

လက္ခဏာများ

ကလေးငယ်တွေ လက်သည်းကိုက်တာနဲ့ လက်မစုပ်တာတွေက သဘာဝပါ။ ဒါပေမယ့် အသက်(၃)နှစ်ကျော်တဲ့အထိ လက်သည်းကိုက်တာနဲ့ လက်မစုပ်တာတွေပြုလုပ်နေတယ်ဆိုရင် ဒါဟာ စိတ်ရောဂါ ရှိနေတဲ့ လက္ခဏာပါ။ အသက်(၅)နှစ်ကျော်တဲ့အထိ အိပ်ယာထဲ မကြာခဏ သေးပေါက်ချနေသေးတယ်ဆိုရင်လည်း စိတ်ရောဂါ ရှိနေနိုင်ပါတယ်။

ကလေးငယ်ဟာ သူတို့လိုချင်တာမရခဲ့ရင် ဒါမှမဟုတ် စိတ်မကျေနပ်ရင် အောင်ငိုတာ၊ လူးလိမ့်ငိုတာ၊ စိတ်ကြီးတာတွေနဲ့ ပစ္စည်းတွေ ပစ်ပေါက်တာတွေက သူတို့လေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေလို့ပါ။

ကလေးငယ်တွေမှာ ဘာကြောင့် စိတ်ကျန်းမာရေး ထိခိုက်ရတာလဲ

  • ကလေးငယ်တွေကို စိတ်ညစ်အောင်ပြုလုပ်တာ
  • မကြာခဏ ရိုက်တာ
  • စိတ်အားငယ်အောင် ပြောဆိုတာ
  • ကြောက်စိတ်ရိုက်သွင်းပေးတာနဲ့
  • မိဘနှစ်ပါး အဆင်မပြေတာတွေက ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ကလေးငယ်မှာ စိတ်ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်နေရပြီဆိုရင် ရောဂါနုစဉ်မှာ အမြန်ဆုံးသိအောင်ပြုလုပ်ပြီး ဆရာဝန်ထံမှာ ကုသမှု ခံယူပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: All ParentsbabyProblem


Comments

0 comments
Latest video
Refer to more useful articles