သားသားမီးမီးလေးတို့ အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တင်းခိုင်မာဖို့

by: Swe Mar
 0 comments  24 love

အရေးကြီးတာက သားသားမီးမီးတို့သန္ဓေသားလောင်းဘဝမှာကတည်းက ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ပရိုတိန်းဓာတ်ပြည့်မှီစေဖို့ ဖြည့်တင်းသင့်ပါတယ်။

မေမေတို့ရေ သားသားမီးမီးလေးတို့ ကြီးလာတဲ့အခါ အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်ဖို့အတွက် ပရိုတင်း အာဟာရပြည့်မှီဖို့ လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ပြည့်ပြည့်ဝဝ မရတဲ့ကလေးတွေဟာ အသက်အရွယ်အလိုက် ရှိသင့်တဲ့ အရပ်အမောင်းနဲ့ မပြည့်မှီပဲ ပုပုညက်ညက် ဖြစ်နေတတ်ပါတယ်။ ချို့တဲ့မှုကြောင့် ပိန်လှီပြီး ကိုယ်ခံစွမ်းအားကို ကျဆင်းစေပါတယ်။ ဒီလိုကလေးတွေဟာ မကြာခဏဖျားနာတတ်ပါတယ်။ ဖျားနာပြီဆိုရင်လည်း တော်တော်နဲ့ နလန်မထူတော့ပါဘူး။ ပရိုတင်းဓာတ်ချို့တဲ့မှုက ဘယ်အချိန်မှာ သိသာလာသလဲဆိုရင် ကလေးအသက် တစ်နှစ်ခွဲ နှစ်နှစ်အရွယ်မှာ ဖြစ်တတ်ပါတယ်။

ပရိုတင်းဓာတ်အတွက် အရေးကြီးတာက  သားသားမီးမီးတို့ကို သန္ဓေသားလောင်းဘဝမှာကတည်းက ဖြည့်တင်းသင့်ပါတယ်။  မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အသား၊ ငါး၊ ပင်လယ်စာ၊ ဥ၊ ပဲအမျိုးမျိုးတို့ကို များများ စားသောက်ပေးရမှာဖြစ်ပြီး နို့တိုက်ချိန်မှာလည်း အလားတူ စားသောက်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ ကလေးအသက် တစ်နှစ်ခွဲ၊ နှစ်နှစ်အရွယ် လမ်းလျောက်တက်ချိန်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ နို့တိုက်တဲ့မိခင်တွေအနေနဲ့ ပျမ်းမျှအားဖြင့် တနေ့ကို ပရိုတိန်းဓာတ် ၇၁ ဂရမ် လိုအပ်ပါတယ်။ ပရိုတိန်း ၇၁ ဂရမ်ပြည့်ဖို့ ယေဘုယျအားဖြင့် တွက်ပြရမယ်ဆိုရင် နွားနို့ သို့မဟုတ် ဒိန်ချဉ် စတဲ့ နို့ထွက်ပစ္စည်း ပုံမှန်ခွက် ၃ ခွက်စာနဲ့ အသားသို့မဟုတ် ငါးအတုံး ၄တုံးခန့်လိုအပ်မယ်လို့ယေဘူယျ ခန့်မှန်းပါတယ်။

ကလေးအဖတ်စားပြီဆိုရင်လည်း  ချက်တဲ့ ဆန်ပြုတ်ထဲမှာ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ ဥတို့ကို ထည့်ပြီး ချက်ပြုတ်ပေးဖို့ လိုပါတယ်။ အာဟာရပြည့်မှီပြီး ခန္ဓာကိုယ်တောင့်တင်းမှသာ ပြင်ပက ရောဂါပိုးတွေ ဝင်ရောက်လာတာကို ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။ အရပ်ရှည်ပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် ပရိုတိန်းဓာတ်နဲ့အတူ ကယ်လဆီယံဓာတ်၊သံဓာတ်နဲ့ ဗီတာမင်အေဓာတ်တွေလည်း လိုအပ်ပါသေးတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles