မေမေ့ကလေးလေး အစားဂျီးများနေတယ်ဆိုရင်

by: Phyo Pyae Thu
 1 comments  10 love

အစားရွေးပြီး ဟိုဟာမစား၊ ဒီဟာမစား ဖြစ်နေလို့ စိတ်ညစ်နေရလား။ ဒါဆိုရင်တော့ မေမေတို့ရဲ့ ကလေးလေး အစားမရွေးဘဲ စားဖို့အတွက် နည်းလမ်းလေးတွေ ရှိပါတယ်။ 

မေမေ့ရဲ့ သားသားမီးမီးလေး အစားရွေးပြီး ဟိုဟာမစား၊ ဒီဟာမစား ဖြစ်နေလို့ စိတ်ညစ်နေရလား။ ဒါဆိုရင်တော့ မေမေတို့ရဲ့ ကလေးလေး အစားမရွေးဘဲ စားဖို့အတွက် နည်းလမ်းလေးတွေအတွက် Kalay မှပြောပြပေးမယ်နော်။

နှစ်ခါ ကျွေးခြင်းဟာ ကလေးငယ်တွေကို လိုအပ်တဲ့ ကယ်လိုရီနဲ့ အာဟာရဓါတ်ကို အပြည့်ရစေပါတယ်(Photo: Healthy Families BC)

ပြင်ဆင်ပါ

မေမေတို့ ကလေးတွေကို ကျွေးချင်တဲ့အစားအစာတွေ မှန်သမျှကို စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်ပါ။ စားပွဲခင်း၊ ပန်းကန်၊ ဟင်းရဲ့အရောင်တွေကစလို့ သူတို့ နှစ်သက်တဲ့ အရာလေးတွေနဲ့ ဆွဲဆောင်ပါ။ ကလေးငယ်ကို အရသာရှိပြီး အာဟာရပြည့်ဝတဲ့ အစာကိုကျွေးပြီး အသီး၊ ကိတ်မုန့်၊ ဂျယ်လီအစရှိတဲ့ အချိုပွဲကို ဆက်ကျွေးနိုင်ပါတယ်။ နှစ်ခါ ကျွေးခြင်းဟာ ကလေးငယ်တွေကို လိုအပ်တဲ့ ကယ်လိုရီနဲ့ အာဟာရဓါတ်ကို အပြည့်ရစေပါတယ်။

ကလေးတွေကို တစ်ယောက်တည်း သီးသန့်စားခိုင်းတာထက် လူကြီးထမင်းစားဝိုင်းမှာ ပါဝင်ခိုင်းပါ (Photo by Hybread.mk)

ပါဝင်ပါ

ကလေးတွေကို တစ်ယောက်တည်း သီးသန့်စားခိုင်းတာထက် လူကြီးထမင်းစားဝိုင်းမှာ ပါဝင်ခိုင်းပါ။ ထမင်းဝိုင်းမှာ ပါဝင်ခိုင်းတာက သူတို့အစားရွေးတဲ့ အာရုံကိုမေ့ပြီး လူကြီးတွေ စားသလိုလိုက်စားတာမျိုး ဖြစ်စေတဲ့အပြင် ရင်းနှီးမှုလည်း တိုးစေပါတယ်။ ထမင်းစားဝိုင်းမှာ သူတို့လေးတွေကို စကားတီတီတာတာပြောနေတာကလည်း အစားရွေးတဲ့ စိတ်ကို မေ့ပျောက်နိုင်ပါတယ်။

ချက်ပြုတ်ပါ

မေမေတို့ နောက်ထပ် ထိရောက်စေတဲ့နည်းလမ်းကတော့ သူတို့အတွက် ဟင်းချက်တဲ့အခါ သူတို့လေးတွေကို ခေါ်ပြပါ။ ဟိုဟာလေး ယူပေးပါ။ ဒါလေး သယ်ပေးပါ စသဖြင့် ပါဝင်ခိုင်းပါ။ မစားသောက်ခင် အစားအသောက်လတ်လတ်ဆတ်ဆတ်တွေကို မြင်ရတာကြောင့် ပိုပြီး စားဝင်စေပါတယ်။ ပြီးရင်တော့ ထမင်းဝိုင်းမှာ ဟင်းတွေ ပြင်ရင်လည်း သူတို့လေးတွေကို ကူခိုင်းနော်။ ဒါဆိုရင် သူတို့လေးတွေ အစားအစာပေါ်မှာ ပိုစိတ်ဝင်စားလာပြီး အစားရွေးတာတွေ လျော့သွားမှာပါ။

နေရာပြောင်းပါ

အစားရွေးတာဟာ စိတ်ကြောင့်ပါပဲ။ ဒါကြောင့် သူတို့ စိတ်အပြောင်းအလဲ ဖြစ်စေမယ့် နေရာမှာ ထမင်းကျွေးတာမျိုးလုပ်ပါ။ ဆော့နေရင်း ထမင်းလိုက်ခွံ့တာ၊ အပြင်မှာ ထမင်းထွက်ကျွေးတာ၊ ပန်းတွေ၊ ငါးတွေကြည့်ရင်း ကျွေးတာတွေ လုပ်ပါ။ ဒါဆိုရင် ကလေးက အစားအစာပေါ် အာရုံထားတာ ပြောင်းသွားပြီး အစားရွေးဖို့တောင် သတိမရတော့ဘဲ တခြားအရာတွေကိုသာ ဂရုစိုက်နေပါလိမ့်မယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x