သင်နဲ့ သင်ချစ်ရသူတွေကို တုပ်ကွေးအန္တရာယ်ကာကွယ်ဖို့ တုပ်ကွေးကာကွယ်ဆေး ထိုးပြီးပြီလား

by: Khin Nyein Lwin
 0 comments  0 love

ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရာသီတုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် တုပ်ကွေး ကာကွယ်ဆေးကို အခုပဲ ထိုးလိုက်ပါ။

 

ရာသီတုပ်ကွေးဟာ ရာသီအကူးအပြောင်းမှာပို အဖြစ်များပြီး ဗိုင်းရပ်စ်ပိုး ဟာ အချိန်မရွေး နေရာမရွေး ကူးစက်မြန်တဲ့အတွက် အခုလို ရာသီမှာ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ရာသီတုပ်ကွေးရောဂါဟာ လွယ်လွယ်ကူကူ ကူးစက်နိုင်တဲ့ ပြင်းထန်တဲ့ ဗိုင်းရပ်စ် ကူးစက်မှုကြီးပဲ ဖြစ်ပါတယ်။ အသက် (၆)လမှ (၅)နှစ်အရွယ် ကလေးငယ်တွေမှာ တုပ်ကွေးရောဂါ ကူးစက်ခံရ နှုန်းမြင့်မားပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ အသက် (၆၅)နှစ်နဲ့ အထက် ဘိုးဘိုးဘွားဘွားတွေ၊ နာတာရှည် ဆေးကုသမှု ခံယူထားရသူတွေ ဟာလည်း ရာသီတုပ်ကွေး ဗိုင်းရပ်ပိုးကူးစက်မှုရဲ့ ခြိမ်းခြောက်မှုဒဏ်ကို ခံစားနေကြရပါတယ်။

လူတိုင်းအနေနဲ့ နေရာအနှံ့အပြားမှာ ပုန်းကွယ်နေတတ်တဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုး ရန်ကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ပါဘူး။ ဒီကြားထဲ နှလုံးရောဂါနဲ့ ဆီးချိုရောဂါရှိနေပြီဆိုရင် ကျန်းမာရေးကောင်းတဲ့ လူတွေထက် နှစ်ဆပိုပြီး ဂရုစိုက်ဖို့ လိုနေပါပြီ။

ဒါကြောင့် ရာသီတုပ်ကွေး ဖြစ်ပွားမှုမှ ကာကွယ်နိုင်ဖို့အတွက် ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ရာသီတုပ်ကွေး ကာကွယ်ဆေး နှစ်စဉ်ထိုးဖို့အတွက် တိုက်တွန်းပေးသင့်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ ရှိသူတွေကို တုပ်ကွေးကာကွယ်ဆေး ထိုးပြီးပြီလားဆိုတာ သေသေချာချာ ဂရုတစိုက် စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

လူအများစုဟာ ရာသီတုပ်ကွေးရောဂါကြောင့် ရုတ်တရက် နှလုံးတိုက်ခိုက်ခံရမှု ဖြစ်ပွားနိုင်ခြေကို မြင့်မားစေနိုင်တယ် ဆိုတာကို သတိမထားမိကြပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ အသက် (၆၅)နှစ်နဲ့အထက် လူကြီးတွေမှာ တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးတဲ့ ပထမဆုံး (၇) ရက်အတွင်းမှာ နှလုံးတိုက်ခိုက်ခံရမှု ဖြစ်နိုင်ချေ (၆)ဆ ပိုမိုမြင့်မားနိုင်ခြေရှိနေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် တုပ်ကွေးရောဂါဖြစ်ပွားမှုကို ပေါ့ပေါ့ဆဆ မနေဘဲ တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ကြိုတင် ထိုးပေးပြီး ဒီရောဂါကို မြန်မြန်ဆန်ဆန် ကာကွယ်ထားသင့်ပါတယ်။

ဒါ့အပြင် တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ကတော့ အသက် (၅)နှစ်အောက် ကလေးတွေမှာဆိုရင် နားရောဂါနဲ့ အဆုတ်ရောင်ရောဂါဖြစ်ပွားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာဆိုရင် ကိုယ်တွင်းအင်္ဂါ ပြောင်းလဲမှုတွေကြောင့် တုပ်ကွေးရောဂါဟာ ပြင်းထန်တဲ့ ဖျားနာမှုဖြစ်ပွားစေနိုင်ပါတယ်။ ဆီးချို သွေးချိုဝေဒနာရှင် တွေဟာလည်း တုပ်ကွေးရောဂါနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုမို ခံစားရနိုင်ပါတယ်။

ဒါဆို ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းပြီး အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်တဲ့ ရာသီတုပ်ကွေးမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ သေသေချာချာ ဂရုစိုက် ဆင်ခြင်ဖို့ လိုလာပြီ ဖြစ်ပါတယ်။ ကိုယ်ခံအားနည်းတဲ့ သင့်ရင်သွေးလေး အပါအဝင် သင်ချစ်တဲ့ မိသားစုကို တုပ်ကွေးရောဂါကူးစက်မှု အန္တရာယ်ကနေ ကာကွယ်ပေးဖို့အတွက် အလွယ်ကူဆုံးနဲံ အကောင်းဆုံး နည်းလမ်းကတော့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးဖြစ်အောင် ထိုးပါလို့ အကြံပြုချင်ပါတယ်။ အခုဆိုရင် တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေကို နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ လွယ်လွယ်ကူကူ သွားရောက် ထိုးနိုင်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် အချိန်မရွေး နေရာမရွေးဖြစ်ပွားနိုင်ပြီး နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်ပွားစေတဲ့ ရာသီတုပ်ကွေးရောဂါ အန္တရာယ်မှ ကိုယ်နဲ့ ကိုယ်ချစ်တဲ့သူတွေကိုကာကွယ်ဖို့ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ဒီနေ့ပဲ တုပ်ကွေး ကာကွယ်ဆေးကို အမြန်ဆုံး ထိုးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles