ရာသီတုပ်ကွေးသည် အချိန်မရွေး၊ နေရာဒေသမရွေး၊ လူကြီး လူငယ်၊ ကျား၊ မ မရွေး ကို ခြိမ်းခြောက်လျက်ရှိပြီး ကျန်းမာရေးပြဿနာများအပြင် အသက်ဆုံးရှုံးသည်အထိ ထိခိုက်စေ နိုင်ပါသည်။ မြန်မာပြည်တွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှု များသော မိုးရာသီအချိန်မှာ မကြာမီရောက်ရှိလာ တော့မည်ဖြစ်ပြီး ကူးစက်မှု လွယ်ပြီး အသက်အန္တရာယ်ထိ ဒုက္ခပေးနိုင်သော ရာသီတုပ်ကွေးမှ ကာကွယ်နိုင်ရန် ရာသီတုပ်ကွေးကာကွယ်ဆေးကို ကြိုတင် ထိုးထားကြရန် အရေးတကြီး လိုအပ်နေပါသည်။ အဆုတ်နှင့် ရင်ခေါင်း အထူးကု ဆရာဝန် ဒေါက်တာ ရတနာကျော်၏ ပြောကြားချက်အရ ပြင်းထန်သော ရာသီ တုတ်ကွေး ရောဂါလက္ခဏာ များ ခံစားရခြင်းမှ ကင်းဝေးစေရန်အတွက် ရာသီတုပ်ကွေးနှင့် ပတ်သက်သော ကြိုတင်သတိပြုသင့်သည်များကို လိုက်နာပြီး ရာသီတုပ်ကွေး ကာကွယ်ဆေးကို မဖြစ်ခင်ကပင် တွေဝေမနေဘဲ ချက်ချင်း ထိုးထားသင့်ကြောင်း အကြံပြု ပြောကြားထားပါသည်။ “ရာသီတုပ်ကွေးရောဂါ – Seasonal Influenza ဟာ တုပ်ကွေးဗိုင်ရပ်စ်ပိုး – Influenza Virus ကြောင့် ဖြစ်ပွားရတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ အသက်အရွယ် အပိုင်းအခြား မရွေးမှာ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ နှစ်စဉ် ဖြစ်ပွားနေတဲ့ရောဂါပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ မိုးရာသီဖြစ်တဲ့ ဇွန်လကနေပြီး စက်တင်ဘာလ ကြားထဲမှာ တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းဟာ အလွန်မြင့်မားပါတယ်။” ဟု ဒေါက်တာ ရတနာကျော်မှ ပြောကြားခဲ့ပါသည်။
ရာသီတုပ်ကွေးရောဂါသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက် ပျံ့နှံ့နိုင်ပါသည်။ ရောဂါပိုးရှိသူ နှာချေခြင်း / ချောင်းဆိုးခြင်းတို့မှ ထွက်လာသော အစက်အမှုန် (droplet) များကို တိုက်ရိုက်ရှူသွင်းမိပါက ကူးစက်ခံရနိုင်ပါသည်။
ရာသီတုပ်ကွေးသည် အသက်အရွယ်အပိုင်းအခြားမရွေး၊ နေရာဒေသမရွေး၊ လူတိုင်းလူတိုင်းကို ကူးစက်နိုင်သည့် ပြင်းထန်သည့် ဗိုင်းရပ်စ်ပိုး ဖြစ်ပါသည်။ ကျွန်ုပ်တို့ မျှော်လင့်ထားသည်ထက် ပိုမို ပြင်းထန်ပြီး ကူးစက်ခံရသူအများစုမှာ အလွယ်တကူ ဖျားနာခြင်းမှ စ၍ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက် ကုသရသည့်အထိ ဖြစ်နိုင်ပါသည်။ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားပါက အဖျားရှိပြီး၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် နုံးခွေခြင်း စသည့် ရောဂါ လက္ခဏာများအား ခံစားရနိုင်ပြီး လူနာအချို့တွင် ရောဂါနောက်ဆက်တွဲ အနေဖြင့် ပြင်းထန် အဆုတ်ရောင် နမိုးနီးယား ရောဂါ လက္ခဏာများ ဖြစ်ပွားနိုင်ပါသည်။ ရာသီတုပ်ကွေးဗိုင်းရပ်စ်သည် လူတိုင်းကို ကူးစက်ခံရနိုင်ပြီး WHO ၏ ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သော အသက်အန္တရာယ် စိုးရိမ်ရပြီး နောက်ဆက်တွဲ ရောဂါ လက္ခဏာများ ပြင်းထန်စွာ ဖြစ်ပွားနိုင်သော အသက်အရွယ် အပိုင်းအခြားများမှာ
1 ကိုယ်ဝန်ဆောင်အမျိုးသမီးများ
- အသက် ၆၅နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ
- အသက် ၆လမှ အသက် ၅နှစ်အရွယ်ကလေးသူငယ်များ
- နာတာရှည် ကျန်းမာရေး အခြေအနေ ရှိသူများ
- ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောဝန်ထမ်းများ ဖြစ်ပါသည်။
ယခုအခါတွင် လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးနှင့် သုံးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးဟူ၍ တုပ်ကွေးကာကွယ်ဆေး အမျိုးအစားနှစ်မျိုးရှိပါသည်။ လေးမျိုးစပ်ကာကွယ်ဆေးသည် Influenza B အမျိုးအစားများကိုပါပို၍ ကာကွယ်နိုင် သောကြောင့် H1N1နှင့် H3N2ကဲ့သို့ Influenza Aမျိုးကွဲများအပြင် Victoria (သို့မဟုတ်) Yamagata အမျိုးအစား Influenza B မျိုးကွဲများကိုပါ ကာကွယ်ပေးနိုင်ပါသည်။ WHO၏အကြံပြုချက်များအရ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေး ကိုထုတ်လုပ်ပါသည်။
ရာသီတုပ်ကွေး ကူးစက်ခံရခြင်းသည် မိမိတို့ နေ့စဉ် လုပ်ဆောင်နေရသော လုပ်ငန်းဆောင်တာများကို ပိုမို နှောင့်နှေး ကြန့်ကြာစေပါသည်။ မိသားစု စားဝတ်နေရေး၊ စီးပွားရေးများကို ရာသီတုပ်ကွေး ဖြစ်ပွားခြင်းကများစွာ ထိခိုက်စေနိုင်သည့်အတွက် ပေါ့ဆမနေသင့်ဘဲ အထူး ဂရုပြုသင့်ပါသည်။ “ရာသီတုပ်ကွေးရောဂါဟာ နေရာဒေသမရွေး၊ အသက်အရွယ်အပိုင်းအခြား မရွေး၊ အားလုံးကို ကူးစက် ပြန့်ပွားနိုင်တာကြောင့် အထူး ဂရုပြုသင့်ပါတယ်။ မကြာခင်မှာလည်း ရာသီတုပ်ကွေးဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ မိုးရာသီ ရောက်တော့မှာ ဖြစ်တဲ့အတွက် အားလုံးပဲ ပေါ့ဆမနေပဲ ဂရုစိုက်သင့်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီး ထိရောက်တာကြောင့် တုပ်ကွေးရာသီ ရောက်မလာခင်မှာ ကာကွယ်ဆေးကိုကြိုတင်ထိုးထားဖို့ တိုက်တွန်းလိုပါတယ်။ အခုအခါမှာ တုပ်ကွေးကာကွယ်ဆေးတွေကို နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ လွယ်လွယ်ကူကူ သွားရောက် ပြီး ထိုးနိုင်နေပြီ ဖြစ်ပါတယ်။” ဟု ဒေါက်တာ ရတနာကျော်မှ ထပ်လောင်း ပြောကြားခဲ့ပါသည်။
Comments