ပူတူတူးလေးတွေ အငိုတိတ်သွားစေမယ့် ကလေးချော့နည်းလေးများ

by: Nang Htwe
 0 comments  0 love

စီနီယာရှိတဲ့ မေမေတွေအတွက်တော့ ကလေးငိုတာကို အခြေအနေ အရိပ်အကဲခတ်နိုင်ပေမယ့်လည်း မေမေအသစ်တွေအတွက်တော့ ဘာမှန်းမသိ ဖြစ်နေနိုင်ပါတယ်။

ကလေးငယ်တွေ တစ်ရက် ဘယ်နှစ်ကြိမ်ငိုနိုင်လဲ။ အနည်းဆုံး(၂)ကြိမ်ကနေ အများဆုံး(၃)ကြိမ်အထိ ငိုနိုင်ပါတယ်။ ကလေးငယ်တွေ ဘာကြောင့် ငိုကြတာလဲ။ နို့ဆာတဲ့အခါ၊ ပင်ပန်းတဲ့အခါ၊ ပျင်းတဲ့အခါနဲ့ အနှီးလဲဖို့ လိုအပ်ချိန်တွေမှာ အများဆုံးငိုကြွေးပါတယ်။ အဓိက ကတော့ ကလေးငယ်တွေက စကားမပြောနိုင်သေးတာမို့ ငိုတာနဲ့ပဲ ပြသတာပါ။ စီနီယာရှိတဲ့ မေမေတွအတွက်တော့ ကလေးငိုတာ အခြေအနေကို အရိပ်အကဲခတ်နိုင်ပေမယ့်လည်း မေမေအသစ်တွေအတွက်တော့ ဘာမှန်းမသိ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကလေးအငိုတိတ်နိုင်မယ့် နည်းလမ်းတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

တစ်ရက်ကို အနည်းဆုံး(၂)ကြိမ်ကနေ အများဆုံး(၃)ကြိမ်အထိ ငိုနိုင်ပါတယ် (Photo by Tips Kesehatan Ala Dokter Spesial Hari Ini – Karirsumut.)

အနှီးတင်းတင်းကျပ်ကျပ် ထုပ်ထားခြင်း

ကလေးငယ်က လူကြီးတွေလိုပဲ လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်ပါတယ်။ အနှီးထုပ်တဲ့အခါ တင်းတင်းကျပ်ကျပ်ထုပ်ထားရင် နေထိုင်ရခက်ပြီး ငိုနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေငိုတဲ့အခါ အနှီးတင်းတင်းကျပ်ကျပ် ထုပ်တာကို ပြင်ပေးလိုက်ပါ။

သီချင်းဖွင့်ပေးပါ

ဘယ်လောက်ပဲချော့ချော့ အငိုမတိတ်ဘူးဖြစ်နေတယ်ဆိုရင် သီချင်းဖွင့်ပေးထားပါနော်။ ကလေးငယ်တွေဟာ ဂီတကို ချစ်မြတ်နိုးပါတယ်။ ကလေးငယ်တွေ သီချင်းနားထောင်ပေးတာက နှလုံးနဲ့ အသက်ရှူလမ်းကြောင်းကို အထောက်အကူပြုပြီး ဦးနှောက်အာရုံကြောစနစ်ကို တည်ငြိမ်အောင် ပြုလုပ်ပေးပါတယ်။

ကစားပေးပါ

မေမေ့ကလေးလေး အရမ်းငိုနေတယ်ဆိုရင် အရုပ်ကလေးတွေ ပြပေးပါနော်။ အရုပ်လေးတွေကို မေမေတို့က ကိုင်ပြီး လှုပ်ရှားပြတာနဲ့ အနီးဆုံးမြင်သာတဲ့ နေရာမှာ ထားပေးတာက ငိုနေတဲ့ ကလေးငယ်ကို ရပ်သွားစေပါတယ်။

ကလေးငယ်က အိမ်ထဲမှာကြာကြာနေရတာ မွန်းကြပ်တာကို ခံစားရပါတယ် (Photo by iStock)

သဘာဝအလင်းရောင်

တခါတလေမှာ ကလေးငယ်က အိမ်ထဲမှာကြာကြာနေရတာ မွန်းကြပ်တာကို ခံစားရပါတယ်။ ခံစားချက်ကို ငိုတာနဲ့ပဲ ပြပါတယ်။ ဒီလိုအချိန်မှာ မေမေ ဒါမှမဟုတ် ဖေဖေက ကလေးငယ်ကို ချီပြီး အပြင်ကို ထွက်ခဏ ထွက်လည်ပေးလိုက်ပါနော်။ အပြင်ထွက်ပြီး လမ်းခဏလျှောက်ပေးလိုက်တာက မွန်းကျပ်နေတဲ့ ကလေးငယ်အတွက် ကောင်းသွားစေသလို မေမေတို့အတွက်လည်း လေကောင်းလေသန့်ရနိုင်တာပေါ့နော်။

အသံတုပြုလုပ်ပေးပါ

တိရိစ္ဆာန်အသံတုလေးတွေ၊ ကားသံ၊ လေယာဉ်ပျံအသံနဲ့ တခြားအသံတုလေးတွေကို ငိုနေတဲ့ ကလေးငယ်တွေရှေ့မှာ ပြုလုပ်ပေးပါ။ ငိုနေတဲ့ ကလေးငယ်လေး တိတ်သွားပါလိမ့်မယ်။

နေရာပြောင်းပါ

ကလေးငယ်က တစ်နေရာထဲမှာ မနေချင်တာကြောင့်လည်း ငိုနိုင်ပါတယ်။  နေရာပြောင်းပေးလိုက်တာက သူတို့လေးတွေ ငိုတာရပ်သွားစေပါတယ်။ ဥပမာ အခန်းထဲမှာ ငိုနေတယ်ဆိုရင် ဧည့်ခန်းထဲမှာ ပြောင်းထားပေးပါ။

ကလေးငယ်က စကားမပြောနိုင်သေးတာမို့ သူတို့လေးတွေ ငိုတဲ့အခါ မေမေတို့အနေနဲ့ စိတ်ရှည်ရှည်ထားပြီး ချော့ပေးဖို့ Kalay ကနေတိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video