(၅)လ ကနေ (၆)ခြောက်လအရွယ်ကလေးများရဲ့ပုံမှန်ပြုလုပ်ရမယ့်နေ့စဉ်အချိန်ဇယား

by: Khin Nyein Lwin
 2 comments  9 love

အသက် (5)လ ကနေ (6) လအရွယ် ကလေးလေးများအတွက် တစ်နေ့စာအတွက် နာရီအလိုက် ပုံမှန်ပြုလုပ်သင့်တဲ့ အချိန်ဇယားလေးကို ဝေမျှထားခြင်း ဖြစ်ပါတယ်

မေမေတို့ရေ  မေမေတို့မှာ ငါးလနဲ့ခြောက်လအရွယ်ရှိတဲ့ သားသားမီးမီးတို့ရှိနေလားရှင့် ? ဒါဆိုရင်တော့ ဒီစာမူကို ဆက်လက်ဖတ်စေချင်ပါတယ်။ မေမေတို့မှာ ငါးလနဲ့ခြောက်လအရွယ် သားသားမီးမီးလေးတို့အတွက် အစားအစာကျွှေးတာ၊ ကစားခိုင်းတာ၊ အိပ်ခိုင်းတာတွေအတွက်  နေ့စဉ်ပြုလုပ်သင့်တဲ့ ပုံမှန်အချိန်ဇယား ရှိဖို့လိုအပ်ပါတယ်။  မေမေများအတွက်တော့ အရမ်းကိုအထောက်အကူ ဖြစ်စေမှာပါ။ ဒါဆို ဘယ်လို ပုံမှန်အချိန်ဇယား ထားရှိသင့်တယ်ဆိုတာကို မေမေများအတွက် Kalay မှ အကြံလေးပေးပါရစေနော်။

 

အောက်ပါဇယားကတော့ အသက် (၅) နဲ့ (၆) လအရွယ်ရှိတဲ့ကလေးများအတွက်ဖြစ်ပါတယ်:

  •  (၂၄) နာရီအတွင်း မိခင်နို့ ဒါမှမဟုတ် ဖော်မြူလာနို့ကို (၃၂) အောင်စနဲ့အထက် တိုက်ပေးပါ။ (ဘယ်လို တိုက်ကျွှေးရမလည်း ဆိုတာကို နို့မှုန့်တိုက်ခြင်း နဲ့ မိခင်နို့ တိုက်ကျွှေးခြင်း တို့မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်) ဒီအရွယ်မှာတော့ ကလေးအများစုက တခြား အစားအစာတွေ စားနေနိုင်ပြီ ဆိုပေမယ့် မိခင်နို့ နဲ့ ဖော်မြူလာနို့ ကတော့ လိုအပ်နေဆဲဖြစ်ပါတယ်။
  • (၂၄) နာရီအတွင်း (၁၄) နာရီခန့် အိပ်ပေးရမှာ ဖြစ်ပြီး ဒီထဲမှာ ညအိပ်ချိန် နဲ့ နေ့ခင်းနေ့လည် အိပ်ချိန်တွေပါ ပါဝင်ပါတယ်။ မနက်ပိုင်းနဲ့နေ့လည်ခင်း နှစ်ချိန်ကတော့ ပုံမှန်အိပ်စက်ခိုင်းရမှာဖြစ်ပြီး ကလေးတွေက တစ်နေ့မှာ သုံးချိန်လောက်အိပ်သင့်ပါတယ်။
  • ကလေးတွေကို ကစားချိန်၊ ကြွက်သားများသန်မာအောင်လုပ်ပေးချိန်နဲ့တခြား အသစ်အသစ်သောအရာများ တတ်မြောက်ဖို့ မေမေတို့နဲ့ သင်ကြားပေးတဲ့အချိန်ဆိုတာလည်း ရှိရပါတယ်။
  • ကလေးတွေကို မေမေတို့က စာဖတ်ပြပေးတဲ့အချိန်၊ တွန်းလှည်းနဲ့လမ်းလျှောက်ထွက်မယ့်အချိန်၊ ကလေးကိုနှိပ်နှယ်ပေးမယ့်အချိန် များလည်း ထားရှိရပါမယ်။

မနက် 6 ကနေ မနက် 8 နာရီ

ကလေးလေးက အိပ်ယာကနေနိုးနေပြီး ဟိုကြည့်ဒီကြည့်နဲ့ လှုပ်ရှားနေပါလိမ့်မယ်။ ဒီအခါ မေမေတွေက နို့လေးတိုက်ပြီး ကလေးလေးကို ဆက်အိပ်ခိုင်းလို့ ရပါတယ်။ မေမေတို့လည်း ကလေးလေးနဲ့အတူတူ လိုက်အိပ်ပေါ့နော်။

မေမေနဲ့အတူတူ အိပ်ရတာကို ကလေးလေးတွေက နှစ်သက်ကြပါတယ်

 

မနက် (8) ကနေ မနက် (9) နာရီ

ဒီအချိန်လောက်ဆိုရင်တော့ ကလေးကိုနှိုးပြီး ဒိုက်ပါလဲပေး၊ ညအိပ်အကျီကိုချွှတ်ပြီး အကျီအသစ်လဲပေး ပြီးတော့ ကလေးကစားနေကျ အရုပ်လေးများနဲ့ ခဏပေးဆော့ပေးပါ။

မနက် (9) နာရီ ကနေ မနက် (10) နာရီ

ကလေးကို မိခင်နို့အဝတိုက် ဒါမှမဟုတ်လည်း ဖော်မြူလာနို့တစ်ဗူး တိုက်ပါ။ တိုက်ပြီးတဲ့အခါ ဒိုက်ပါလေးနဲ့ပဲ ကြမ်းပြင်ပေါ်မှာ သူဘာသူပေးကစားလိုက်ပါ။ ကလေးကစားမယ့် ကြမ်းပြင်ကိုတော့ ရေဝတ်ဖတ်နဲ့ သန့်ရှင်းနေအောင် တိုက်ထားဖို့ လိုပါတယ်။

ကြမ်းပြင်ပေါ်မှာ ပေးကစားတဲ့အခါ အောက်ခံကြမ်းပြင်က သန့်ရှင်းစေဖို့ လိုအပ်ပါတယ်

မနက် (10) နရီ

အနည်းဆုံးပုံမှန် (45)မိနစ်လောက် ပြန်အိပ်စေပါ။ ကလေးပုခက်ထဲမှာ မသိပ်လည်း မေမေတို့အိပ်တဲ့ ကုတင်ပေါ်မှာ သိပ်ထားလည်း ရပါတယ်။ ပြီးတော့ ပြန်နိုးလာတဲ့အခါ အကျီလဲ၊ ဒိုက်ပါအသစ်လဲပေးပြီး ကလေးကြိုက်နှစ်သက်တဲ့ အရုပ်လေးများ၊ စာအုပ်များနဲ့ ဆော့ကစားပေးပါ။

ကလေးလေးအိပ်တဲ့အခါ နွေးထွေးလုံခြုံစွာ အိပ်စေပါ

နေ့လည်ခင်း

နေ့လည်ခင်းဆိုရင်တော့ ကလေးကို မိခင်နို့ ဒါမှမဟုတ် ဖော်မြူလာနို့ကို တစ်ဗူး အဝတိုက်ပေးပါ။ တကယ်လို့ ကလေးက ဖြည့်စွက်စာ စားနေပြီ ဆိုရင်လည်း ဖြည့်စွက်စာ မကျွှေးခင် နို့ကိုအရင်တိုက်ပေးပါ။ ပြီးမှ စီစဉ်ထားတဲ့ ဖြည့်စွက်စာကို ကျွှေးပါ။ အစာကျွှေးပြီးမှ နို့ကိုတိုက်မယ်ဆိုရင် ကလေးက နို့ကိုကောင်းကောင်းမစို့တော့ပါဘူး။ ဒါကြောင့် ကလေး ပြန်နိုးပြီးဆော့ပြီးတာနဲ့ နို့အဝတိုက်ပါ။

နေ့လည် (2) နာရီ

နေ့ခင်းအချိန်ကတော့ ကလေးကို ရေချိုးပေးသင့်တဲ့အချိန်ပါ။ နေရောင်ရှိတဲ့အတွက် ကလေးလည်းအရမ်းအေးတာမျိုး၊ ချမ်းတာမျိုး မရှိတော့ပါဘူး။ ရေချိုးနေတုန်း ကလေးကြိုက်တတ်တဲ့အရုပ်လေးတွေနဲ့ ကလေးကိုဆော့ကစားခွင့်ပေးပါ။ ရေမချိုးခင်ထဲက ရေချိုးပြီးရင် ဝတ်မယ့်အကျီ၊ လဲပေးမယ့် ဒိုက်ပါ၊ လိမ်းပေးမယ့် ခရင်မ်တွေကအစ အသင့်ပြင်ထားပေးပါ။ မဟုတ်ရင် ကလေးက အရမ်းငယ်လွန်းတဲ့အတွက် ချမ်း်အေးလာနိုင်ပါတယ်။

ရေချိုးပြီး အကုန်လုံးဝတ်ဆင်ပေးပြီးတာနဲ့ မိခင်နို့ ဒါမှမဟုတ် ဖော်မြူလာနို့တစ်ဗူး အဝထပ်တိုက်ပါ။ ပြီးတာနဲ့ ကလေးကို နေ့ခင်းနေ့လည် ပြန်အိပ်အောင်သိပ်ပါ။

နို့တိုက်နေရင်းနဲ့ပဲ ကလေးလေးပြန်အိပ်ပျော်သွားနိုင်ပါတယ်

ညနေ (5) နာရီ ကနေ (6) နာရီ

ညနေခင်းမှာတော့ ကလေးနဲ့အတူ လမ်းလျှောက်ထွက်တာ၊ ဟိုနားဒီနားသွားတာ၊ ပန်းခြံထဲတွန်းလှည်းလေးနဲ့ခေါ်သွားတာ ဒါမျိုးကို မေမေတို့က ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ ကလေးက လူတွေအများကြီးနဲ့ထိတွေ့နီးစပ်ခွင့်ရပြီး လူမကြောက်တော့မှာလည်း ဖြစ်ပါတယ်။ ပြီးရင် ဒီအချိန်အတွင်းမှာ ကလေးအတွက် ညစာလည်း ကျွှေးဖို့လိုအပ်ပါတယ်။ မိခင်နို့ဒါမှမဟုတ် ဖော်မြူလာနို့ ကိုအဝတိုက်ပြီး ဖြည့်စွက်စာကို ဒီအချိန်ကြားအတွင်းမှာ ကျွှေးပေးပါ။

ညနေ (6) ခွဲ ကနေ ည (7) နာရီ

ဒီအချိန်လောက်ဆိုရင်တော့ အိမ်မှာ လူစုံသလောက်ဖြစ်မှာပါ။ ဒါဆို မေမေက တခါနားပြီး ဖေဖေနဲ့ကလေးများကို အတူဆော့ကစားပေးပါ။ မေမေကတော့ အိမ်အတွက် လုပ်စရာရှိတာလေးတွေ လုပ်လို့ရပါတယ်။ ဒီအချိန်အတွင်းမှာ ကလေးကြိုက်နှစ်သက်တဲ့ကစားနည်းလေးတွေ၊ အရုပ်လေးတွေနဲ့ ဆော့ကစားပေးပါ။ အသီးအနှံလေးတွေကို စားစေချင်ရင်လည်း ကလေးစားတတ်တဲ့ အသီးအနှံလေးတွေကို ကျွှေးထားနိုင်ပါတယ်။

ဒိုက်ပါအသစ်လဲပြီး ညအိပ်ရင်လိမ်းတဲ့ ခရင်မ်များ လိမ်းပေးပြီး ကလေးကို နှိပ်နှယ်ပေးပါ

ည (9) နာရီ

ဒီအချိန်လောက် ရောက်ရင်တော့ ကလေးကို ညအိပ်အကျီ လဲဝတ်ပေးပါ။ ဒိုက်ပါအသစ်လဲပြီး ညအိပ်ရင်လိမ်းတဲ့ ခရင်မ်များ လိမ်းပေးပြီး ကလေးကို နှိပ်နှယ်ပေးပါ။ ပြီးရင်တော့ ကလေးကို မိခင်နို့ ဒါမှမဟုတ် ဖော်မြူလာနို့ တစ်ဗူးတိုက်ပြီး စာအုပ်လေးတာ ဖတ်ပြတာ၊ ပုံပြောတာလေးတွေကို လုပ်ပေးပါ။ ဒီအချိန်မှာတော့ ကလေးကအိပ်ချင်သေးမှာမဟုတ်သေးပါဘူး။ ဒါကြောင့် ကလေးအိပ်ချင်လာအောင် ခဏချီပိုးပြီး သိပ်ပေးပါ။

ည (9:30) ကနေ ည (11) နာရီ

ကလေးအိပ်ချိန်ရောက်ပါပြီ။ အိပ်ခန်းမှာ မီးတွေပိတ်ထားဖို့လည်း လိုအပ်ပါတယ်။ မီးမှိတ်တာနဲ့အိပ်ရမယ်ဆိုတဲ့ အသိရှိအောင် ကလေးအိပ်တော့မယ့်အချိန်တိုင်း အခန်းထဲ အလင်းရောင်မရှိစေဖို့ မီးများမှိတ်ထားဖို့ အရေးကြီးပါတယ်။ ဒီအချိန်ကနေ မနက် (6) နာရီလောက်ထိ ကလေး နှစ်ခြိုက်စွာ အိပ်ပျော်ဖို့အရေးကြီးပါတယ်။ တစ်ခါတစ်လေလည်း ကလေးအိပ်ပျော်သွားဖို့ အချိန်အနည်းငယ်ပေးရပါတယ်။ ဒါပေမယ့် ကလေးကို ဒီအချိန်အတိုင်းအတာအတွင်းပဲ အိပ်ပျော်စေဖို့ ပြုလုပ်ပေးပါလို့ အကြံပြုပေးချင်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles