သားသားမီးမီးလေး အသက်(၁)နှစ်မှာ ရှိရမယ့် ဖွံ့ဖြိုးမှုများ

by: Phyo Pyae Thu
 0 comments  31 love

အာဟာရ မျှတအောင် ကျွေးပါ။ သားသားမီးမီးလေးတွေကို အိပ်ပျော်အောင် ချော့သိပ်ပါ။ နေ့လည်နေ့ခင်းမှာ အိပ်ကို အိပ်အောင် လုပ်ပေးရပါမယ်။ ဒါမှ ကလေး အားပြည့်နိုင်မှာပါ။

မေမေတို့ရဲ့ သားသားမီးမီးလေးတွေ အသက်(၁) နှစ်အရွယ် ရောက်ပြီလား။ တစ်နှစ်အရွယ်မှာ ရှိရမယ့် ဖွံ့ဖြိုးမှုနဲ့ရော ပြည့်စုံရဲ့လား။ အကယ်လို့များ တစ်နှစ်မှာ မပြည့်စုံရင် ဘာတွေ လုပ်ရမလဲ။ မေမေတို့ ဖတ်ကြည့်ဦးနော်။

အာဟာရပြည့်ပါစေ (Photo by 类似视频)

ပထမခြေလှမ်း

မေမေတို့ရေ တစ်နှစ်အရွယ်မှာ သားသားမီးမီးလေးတွေ ခြေလှမ်းစတင်လှမ်းနေပါပြီနော်။ ကလေးအတော်များများဟာ (၉)လနဲ့ (၁၂) လကြားမှာ လမ်းလျှောက်ခြင်းကို အစပျိုးသင်ကြားကြပါတယ်။ သားသားမီးမီးလေး အသက် တစ်နှစ်ခွဲထိတောင် လမ်းမလျှောက်သေးဘူးဆိုရင်လည်း အရမ်းတော့ စိတ်မပူပါနဲ့။ ဖြစ်တတ်ပါတယ်။ ဒါကို ဖွံ့ဖြိုးမှု နောက်ကျလိုက်တာလို့တောင် မသတ်မှတ်ပါနဲ့နော်။ စကားလည်း တစ်လုံးစ၊ နှစ်လုံးစတော့ စတင်ပြောနေပါပြီ။ ဒါကတော့ ပုံမှန်ရှိနေရမှာပါ။ မေမေတို့ရေ ကလေးလေး ကောင်းကောင်း ဖွံ့ဖြိုးဖို့ လုပ်ဆောင်ရမှာတွေကိုလည်း မှတ်ထားပေးဦးနော်။

ပေးဆော့ပါ (Photo by Яндекс)

သွားပေါက်ခြင်း

မေမေတို့ စောင့်ကြည့်ရမှာတွေကတော့ ကလေး သွားဘယ်နှစ်ချောင်း ပေါက်ပြီလဲ။ လေးဘက်သွားတုန်းလား၊ မတ်တပ်စမ်းပြီလား၊ လမ်းလျှောက်ပါလား၊ နာမည်ခေါ်ရင် သိပြီလား။ ဘယ်လို အစားအစာတွေကို ပိုကြိုက်လဲ၊ ဘာတွေ စားချင်သလဲ၊မျက်လုံးကိုပွတ်နေတာမျိုး၊စာအုပ်တွေနဲ့ အရုပ်တွေကို မျက်နှာနားကပ်ထားမျိုး ရှိနေပြီလား။ ဒါတွေ သိထားရပါမယ်နော်။

မွေးကင်းစကနေ အသက်(၁)နှစ်အတွင်း ဖွံံ့ဖြိုးလာမှု အဆင့်ဆင့်

အသက်(၁)နှစ်အတွင်းမှာ သားသားမီးမီးလေးတွေ ဘယ်အထိဖွံ့ဖြိုးေနပြီလဲ။ သူတို့လေးမှာ အသက်အရွယ်နဲ့အလိုက် ဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။ မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေကို ဖွံ့ဖြိုးမှု ရှိမရှိ အမြဲစစ်ဆေးနေဖို့လိုပါတယ်။

မွေးကင်းစကနေ အသက်(၁) နှစ်အတွင်း ဖွံ့ဖြိုးမှု အဆင့်ဆင့်

မွေးကင်းစ

မေမေဖေဖေတို့ကို ငိုတာလေးတွေနဲ့ စတင်ဆက်သွယ်ပါတယ်။ သူတို့လေးတွေရဲ့ အရပ်ကတော့ (၈)လက်မကနေ (၁၂)လက်မအထိ ရှိပါတယ်။

(၁)လ

အကြားအာရုံတွေ ဖွံ့ဖြိုးလာပါပြီ။ မွေးတဲ့အနံ့လေးတွေကိုလည်း ကြိုက်နှစ်သက်နေပြီး နို့ကောင်းကောင်းစို့တတ်နေပါပြီ။ မိသားစုဝင်တွေရဲ့ အသံလေးတွေကိုလည်း ပြန်လည်တုန့်ပြန်ဖို့ ကြိုးစားနေပါပြီ။

(၂)လ

အကူအညီမပါဘဲ ဦးခေါင်းလေးတွေ ထောင်မတ်နိုင်လာပါပြီ။ အနီးဆုံးမှာနေတဲ့ မေမေဖေဖေတို့ရဲ့ မျက်နှာလေးလေးတွေကိုလည်း မှတ်မိနေပါပြီ။ ပခုံးထောင်မတ်ဖို့ကတော့ မေမေဖေဖေတို့ရဲ့ အကူအညီလိုပါသေးတယ်။

(၃)လ

မေမေဖေဖေတို့ကို မျက်လုံးအကြည့်လေးတွေနဲ့ ဆက်သွယ်လာပြီး သီချင်းသံလေးတွေကို စတင်နားထောင်နေပါပြီ။ လက်တွေကို ဆုပ်ထားရာကနေ ဖွင့်လာနိုင်ပါပြီ။

(၄)လ

မေမေတို့အစားစားတာကိုမြင်တဲ့အခါ သူတို့လေးတွေကလည်း စားချင်နေပါပြီ။ အရုပ်လေးတွေကို ကြိုက်နှစ်သက်လာပါတယ်။ သူတို့လေးတွေကြိုက်နှစ်သက်တဲ့ အရုပ်လေးတွေဆီကိုလည်း မဖြစ်ဖြစ်အောင် သွားယူတာကို မေမေဖေဖေတို့ တွေ့ရမှာပါ။

(၅)လ

အရောင်လေးတွေကို မြင်နိုင်လာပြီး မေမေဖေဖေတို့ရဲ့ အသံကိုလည်း နားထောင်နိုင်လာပြီ။

(၆)လ

ရယ်တတ်လာပြီး ထိုင်ဖို့စတင်ကြိုးစားလာပါတယ်။ ဖြည့်စွက်စာတွေကိုလည်း စတင်စားနိုင်လာပါတယ်။

(၇)လ

အရောင်လေးတွေကို ခွဲခြားနိုင်လာပြီး အကြားအာရုံ ပြည့်စုံစွာဖွံ့ဖြိုးလာပါတယ်။ ခြေထောက်လေးတွေကလည်း အပေါ်အောက် လှုပ်ရှားလာပါတယ်။

(၈)လ

အမှီအခိုမလိုဘဲ ထိုင်နိုင်လာပါတယ်။ မတူညီတဲ့ အမူအရာလေးတွေကိုလည်း ပြုလုပ်နိုင်လာပါပြီ။

(၉)လ

အရာဝတ္ထုလေးတွေရဲ့ လှုပ်ရှားမှုလေးတွေကို စတင်သင်ယူနေပါတယ်။ မေမေဖေဖေစတဲ့ စကားလုံးအတိုလေးတွေကို စတင်ခေါ်ဆိုလာနိုင်ပါတယ်။ လေးဘက်ထောက်သွားဖို့ကြိုးစားလာပါတယ်။

(၁၀)လ

နေ့တိုင်းကြားနေရတဲ့ သီချင်းသံလေးတွေကို မှတ်မိလာပြီး လက်မကို ပါးစပ်ထဲထည့်ပြီး စုပ်လာပါတယ်။ မေမေဖေဖေစတဲ့ စကားလုံးတွေကို ပီပီပြင်ပြင်ခေါ်ဆိုနိုင်လာပါတယ်။

(၁၁)လ

အရာဝတ္ထုတွေရဲ့ နာမည်လေးတွေကို မှတ်မိလာပြီး လမ်းလျှောက်ဖို့ စတင်ကြိုးစားလာပါတယ်။

(၁၂)လ

ရေနဲ့ဆော့ကစားရတာကို ကြိုက်နှစ်သက်လာပြီး ရုပ်ပုံလေးတွေကိုလည်း စိတ်ဝင်စားလာပါတယ်။ စကားလုံးတော်တော်များများကိုတော့  နားမလည်သေးပါဘူး။ အကူအညီမပါဘဲ အချိန်ကြာကြာထိုင်နိုင်လာပါတယ်။ တစ်ချိန်ထဲမှာပဲ အရာဝတ္ထုတစ်ခုကို ကြည့်တာနဲ့ နားထောင်တာကို တပြိုင်နက်ထဲ လုပ်နိုင်လာပါတယ်။

(၁) နှစ်အရွယ် ကလေးငယ်တွေအတွက် အစားနဲ့အအိပ် အချိန်ဇယား

ရင်နှစ်သည်းချာလေးတွေ အသက်(၁) နှစ်ပြည့်လာပြီမလား။ (၁) နှစ်အရွယ်ကနေ စလို့ ဖွံ့ဖြိုး တိုးတက်မှုနှုန်းတွေ မရပ်တန့်စေဖို့ဆိုတာ အစားနဲ့ အအိပ်ေတွ မှန်နေဖို့ လိုပါတယ်။ သားသားမီးမီးလေးတွေ ရှိသင့်တဲ့ ခန္ဓာကိုယ် အရွယ်အစား ရှိနေဖို့နဲ့ စကားပြောခြင်း၊ လမ်းလျှောက်ခြင်း၊ သွားပေါက်ခြင်းလေးတွေ အချိန်နဲ့ တပြေးညီ ဖြစ်ပေါ်ဖို့အတွက် ဇယားလေးနဲ့ပြပေးလိုက်တယ်နော်။

အိပ်ရာနိုးချိန်က (၇) နာရီဆိုရင်

သားသားမီးမီးလေးတွေရဲ့ အိပ်ရာနိုးချိန်က (၇) နာရီဆိုရင် မျက်နှာသစ်ပေးတာနဲ့ ကလေးက အိပ်ရာနိုးကာစမှာ ငိုတယ်ဆို ချော့မြူပြီး မနက်စာ ကျွေးလို့ရပါတယ်နော်။ မနက်စာကိုတော့ တစ်နှစ်ပြည့်ပြီဆိုရင် နွားနို့လေး တိုက်နိုင်ပါတယ်။ မေမေ့နို့ချိုရော တိုက်နော်။  ဗိုက်ပြည့်ပြီဆိုရင်တော့ ကြမ်းပြင်မှာ ပေးဆော့ပါ။ မထိခိုက်မိတာက လွဲရင် အားလုံးခွင့်ပြုပါ။

ဆော့ပြီးရင်တော့

မေမေတို့ ရေချိုးပေးတာတွေ၊ သန့်ရှင်းရေးတွေ လုပ်ပေးနိုင်ပြီး နေ့လည်စာကျွေးဖို့ အာရုံစိုက်ရတော့မှာပါနော်။ နေ့လည်စာမှာ မေမေ့နို့အပြင် အသီး၊ အသားပျော့ပျော့လေးတွေကို ဖြည့်စွက်စာ ပုံစံကျွေးရမှာပါ။ အာဟာရ မျှတအောင် ကျွေးပါ။ သားသားမီးမီးလေးတွေကို အိပ်ပျော်အောင် ချော့သိပ်ပါ။ နေ့လည်နေ့ခင်းမှာ အိပ်ကို အိပ်အောင် လုပ်ပေးရပါမယ်။ ဒါမှ ကလေး အားပြည့်နိုင်မှာပါ။

အိပ်ရာနိုးတဲ့အခါ အဆာပြေအနေနဲ့

မေမေတို့ ဖြည့်စွက်စာ ဖျော်ရည် ကျွေးနိုင်ပါတယ်။ အသီးတွေဆို အတော်ကို အဆင်ပြေပါတယ်။ အသီးကို သကြား၊ဆား မထည့်ရဘူးနော်။ ကလေးတို့ သဘာဝ အိပ်ပြီး စားပြီးရင်တော့ ဆော့ဖို့ စိတ်အားသန်ကြမှာပါ။ ဒီအချိန်မှာ ဆော့ရင်း ကလေးနဲ့ စကားေြပာပါ။ မတ်တပ်စမ်းတာမျိုး လေ့ကျင့်ကူညီပါ။ သင်ယူမှု နှုန်း မြန်အောင် လုပ်ကြည့်ပေးပါ။

ညနေစာ အချိန်ရောက်လာပြီဆိုရင်တော့

မေမေ့နို့ချို့ မတိုက်သေးဘဲ ဖြည့်စွက်စာ ကျွေးပါ။ ဖြည့်စွက်စာကို လတ်ဆတ်အောင် ထားပါ။ ပြီးရင်တော့ အိပ်ဖို့ သိပ်ပေးလိုက်တော့နော်။

တစ်နှစ်အရွယ်မှာ ယောကျ်ားလေးဆိုရင် အလေးချိန် (၁၀kg)၊( ၇၈) စင်တီမီတာနဲ့ ဦးခေါင်းကတော့ (၄၆ )စင်တီမီတာတွေ ရှိရပါမယ်။ မိန်းကလေးဆိုရင်တော့ အလေးချိန်(၉.၅kg )၊ (၇၈ )စင်တီမီတာနဲ့ ဦးခေါင်းကတော့ (၄၅) စင်တီမီတာတွေ ရှိရပါမယ်။ ဒီလိုအရွယ်အစားထက် အများကြီးနည်းနေရင် ဒါမှမဟုတ် သိပ်များနေရင်တော့ ဆရာဝန်ပြဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles