ကလေးလေး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်စေချင်တဲ့ မေမေတို့အတွက်

by: Nang Htwe
 0 comments  1 love

ကလေးငယ် ဖွံ့ဖြိုးမှု မြန်ခြင်း၊ နှေးခြင်းဟာ မေမေတို့ရဲ့ အကူအညီနဲ့ အထောက်အပံ့တွေအပေါ် အများကြီး မူတည်နေကြောင်း ပြောပြပေးလိုက်ပါတယ်

ကလေးငယ်အတွက်တော့ ပတ်ဝန်းကျင်အရာဝတ္ထုတွေက အသစ်အဆန်းတွေပါ။ စူးစမ်းလေ့လာတာ၊ ကိုယ်ပိုင်စိတ်ကူးတွေ ဖြစ်ပေါ်တာ၊ သင်ယူတာတွေက ကလေးငယ် ဖွံ့ဖြိုးလာတဲ့ လက္ခဏာတွေပါ။ ကလေး တစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးတဲ့ နှုန်းထားမတူပါဘူး။ မေမေတို့ရဲ့ အကူအညီ အထောက်အပံ့တွေ ပိုရတဲ့ကလေးက ဖွံ့ဖြိုးတိုးတက်နှုန်း ပိုမြန်ပါတယ်။ ကိုယ့်ကလေး ဖွံ့ဖြိုးတိုးတက်မှု မြန်အောင် ဘယ်လိုအထောက်အကူပြုမလဲ။

ကလေးငယ်အတွက်တော့ ပတ်ဝန်းကျင်အရာဝတ္ထုတွေက အသစ်အဆန်းတွေပါ (Photo by Playful Bee – Bee Well)

(၁) တုပခြင်း

ကလေးက ပတ်ဝန်းကျင်ကနေ သင်ယူပါတယ်။ အရာဝတ္ထုတွေကို စူးစမ်းပါတယ်။ ကလေးဟာ တစ်ခုခုကို နားလည်သွားပြီး သူတို့လေးတွေရဲ့ မျက်နှာအမူအရာလေးတွေ ပြောင်းလဲသွားပါတယ်။ အထူးသဖြင့် မေမေဖေဖေတို့ရဲ့ မျက်နှာအမူအရာတွေကို အတုခိုးပါတယ်။ မေမေတို့ ရယ်တဲ့အတိုင်း လိုက်ရယ်တာ၊ မေမေတို့ မျက်နှာအမူအရာ တစ်ခုခု လုပ်ပြတဲ့အခါတိုင်း တခစ်ခစ်နဲ့ သဘောကျနေတာမျိုး ပြုလုပ်ပါတယ်။ ကလေးနဲ့ ခဏခဏ စကားပြောပေးပါ။ မကြာခဏ ကလေးကို ပြုံးပြရယ်ပြပါ။

(၂) အတွေးအခေါ်

ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို စူးစမ်းလေ့လာရင်း ကလေးငယ်ဆီမှာ ကိုယ်ပိုင်အိုင်ဒီယာတွေ ရလာပါတယ်။ ဥပမာ အရုပ်တွေနဲ့ ကစားတဲ့အခါ ပိုသိသာပါတယ်။ သူတို့စိတ်ကူးလေးထဲကအတိုင်း ကစားပါတယ်။ ကလေးငယ်ရဲ့ စိတ်ကူး ပိုမိုတိုးတက်လာအောင် မေမေတို့က ကူညီပေးရပါမယ်။ အထူးသဖြင့် အရုပ်ဝယ်ပေးတဲ့အခါ ပြီးစလွယ်မဝယ်ပေးဘဲ ကလေးဖွံ့ဖြိုးမှု အားကောင်းစေတဲ့ အရုပ်နဲ့ ကစားစရာ ပစ္စည်းတွေ များများဝယ်ပေးထားသင့်ပါတယ်။

အရုပ်ဝယ်ပေးတဲ့အခါ ကလေးဖွံ့ဖြိုးမှု အားကောင်းစေတဲ့ အရုပ်နဲ့ ကစားစရာ ပစ္စည်းတွေ များများဝယ်ပေးထားသင့်ပါတယ် (Photo by ynproxy.xyz)

(၃) စိတ်ပိုင်းဆိုင်ရာ

ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုက အလွန်အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူပြုတဲ့ ဂိမ်းကစားနည်းတွေကို မေမေတို့က စီစဉ်ပေးသင့်ပါတယ်။ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် စာအုပ်တွေထဲကနေ ရှာဖွေနိုင်သလို အင်တာနက်ကလည်း မေမေတို့ လေ့လာနိုင်ပါတယ်။

(၄) ဘာသာစကား

ကလေးငယ် စကားပြောတတ်ဖို့ မေမေတို့က မကြာခဏ သူတို့လေးတွေနဲ့ စကားပြောဖို့ လိုအပ်ပါတယ်။ မေမေတို့ ကလေးကို မကြာခဏ စကားပြောပေးတာက သူတို့လေးတွေအတွက် စိတ်လှုပ်ရှားမှု ပိုရစေပြီး စကားပြောဖို့ ပိုလှုံ့ဆော်ပေးပါတယ်။

ကလေးငယ် ဖွံ့ဖြိုးမှု မြန်ခြင်း၊ နှေးခြင်းဟာ မေမေတို့ရဲ့ အကူအညီနဲ့ အထောက်အပံ့တွေအပေါ် အများကြီး မူတည်နေကြောင်း ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles