မေမေ့သားသားမီးမီးလေးတွေ အသက်(၈)လထဲရောက်လာတဲ့အခါမှာ ပတ်ဝန်းကျင်က ပစ္စည်းအသစ်တွေကို စိတ်ဝင်တစားနဲ့ စပ်စုနေပါပြီ။ သားသားမီးမီးလေးတွေ စိတ်ဝင်စားနေတာကို မေမေဖေဖေတို့ ဘယ်လိုသိနိုင်မလဲ။ အရာဝတ္ထုတွေကို ပါးစပ်ထဲကောက်ထည့်တာတွေ ကြုံလာရပြီဆိုရင်တော့ ဒါက စိတ်ဝင်စားတဲ့အမူအရာပါ။ ဒီအချိန်မှာ မေမေဖေဖေတို့က သေသေချာချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သူတို့လေးတွေက အရာဝတ္ထုတွေကို လျင်လျင်မြန်မြန် ပါးစပ်ထဲကောက်ထည့်နိုင်တာကြောင့် အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို ထိခိုက်မှာစိုးရိမ်ရပါတယ်။ ပါးစပ်ထဲကနေ သေသေချာချာပြန်ထုတ်ပေးဖို့လိုအပ်သလို အခြေအနေတွေကိုလည်း အသေးစိတ် စောင့်ကြည့်ပေးပါ။

မေမေ့သားသားမီးမီးလေးတွေ အသက်(၈)လထဲရောက်လာတဲ့အခါမှာ ပတ်ဝန်းကျင်က ပစ္စည်းအသစ်တွေကို စိတ်ဝင်တစားနဲ့ စပ်စုနေပါပြီ (Photo by Christian Headlines)
အစားအစာအသစ်များ
အစားအစာအသစ်တွေကိုလည်း မကြာခဏ ပြုလုပ်ကျွေးသင့်ပါတယ်။ သူတို့လေးတွေက အစားအစာတွေကို ကိုယ်တိုင်ယူစားချင်လာပါတယ်။ မေမေဖေဖေတို့အနေနဲ့ စားစရာတွေကို သူတို့လေးတွေရဲ့လက်ထဲမှာ မကြာခဏ ထည့်ပေးပါ။ မကြာခဏ သူတို့လေးတွေကိုယ်တိုင် အစားအစာတွေကို လက်နဲ့ကိုင်တွယ်ပြီး စားစေတာ က နောင်တချိန်မှာ အစားကျွေးရခက်တာနဲ့ ဂျီးများတာတွေ နည်းလာစေပါတယ်။ မေမေဖေဖေတို့ဘက်ကနေ အစားအစာတွေကို သူတို့ကိုယ်တိုင်ယူစားနိုင်ဖို့ လေ့ကျင့်ပေးပါ။ မတော်တဆ ပြုတ်ကျခဲ့ရင်တောင်မှ ကွဲရှိနိုင်ခြင်းမရှိတဲ့ ပန်းကန်၊ဇွန်းနဲ့ ခွက်တို့ကို ရွေးချယ်ပေးနိုင်ပါတယ်။

သားသားမီးမီးလေးတွေက ပတ်ဝန်းကျင်ကို စိတ်ဝင်စားလာသလို အဖော်မလိုဘဲ တစ်ယောက်တည်းနဲ့လည်း ပျော်ပျော်ရွင်ရွင် ဆော့ကစားနေတတ်ပါတယ် (Photo by BabyCenter)
သင်ကြားပေးခြင်း
သားသားမီးမီးလေးတွေက ပတ်ဝန်းကျင်ကို စိတ်ဝင်စားလာသလို အဖော်မလိုဘဲ တစ်ယောက်တည်းနဲ့လည်း ပျော်ပျော်ရွင်ရွင် ဆော့ကစားနေတတ်ပါတယ်။ ဒီအချိန်က စူးစမ်းတဲ့အရွယ်ဖြစ်တာကြောင့် မေမေဖေဖေတို့က စိတ်ရှည်ရှည်ထားပြီး သင်ကြားပေးပါ။ သီးချင်းလေးတွေကို ဆိုပြတာ၊ ပုံပြင်ဖတ်ပြတာနဲ့ အပေးအယူမျှတတဲ့ ကစားနည်းတွေကို အတူတူကစားတာတွေက သားသားမီးမီးလေးတွေရဲ့ သင်ယူနိုင်စွမ်းကို ပိုပြီးအထောက်အကူဖြစ်စေပါတယ်။ သားသားမီးမီးလေးတွေ လေ့လာစူးစမ်းတာကို သေသေချာချာသတိထားကြည့်ပေးဖို့လိုအပ်သလို အကူအညီတွေပေးဖို့လည်း လိုအပ်ပါတယ်။ ပန်းကန်၊ ခွက်နဲ့ တခြားပစ္စည်းတွေကို လွင့်ပစ်တာနဲ့ ပစ်ချတာတွေကို ပြုလုပ်နိုင်တာကြောင့် ထိခိုက်ဒဏ်ရာမရစေတဲ့ ပစ္စည်းတွေကို ဝယ်ပေးထားသင့်ပါတယ်။
သားသားမီးမီးလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ကျန်းမာဖို့အတွက် မေမေဖေဖေတို့က ဂရုတစိုက်နဲ့ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်နေပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
Comments