(၉) လ ဆိုတာ ကလေးငယ်တွေ စတင်ရွေ့လျားဖို့ အစပြုတဲ့အချိန်ပါပဲ။ တွားသွားခြင်း၊ တရွတ်တိုက်သွားခြင်းနဲ့ ကြမ်းပြင်ပေါ် သူတို့ဘာသာ ရွေ့နိုင်အောင် စတင်ကြိုးစားပါလိမ့်မယ်။ သူဘယ်လိုပဲလုပ်လုပ် သူ့ဘာသာသူ သွားနိုင်အောင်လုပ်မှာပါ။ ဒီအရွယ်ကလေးတွေဟာ အရမ်းကိုစပ်စုတတ်ကြပါတယ်။ ကြမ်းပြင်ပေါ်က အစွန်းအထင်း တစ်ခုကိုတောင် စူးစမ်းချင်ကြပါတယ်။ သူတို့ကို လေ့လာခွင့်ပေးလိုက်ပါ။ ဒါပေမယ့် တစ်စုံတစ်ရာ မထိခိုက်မိအောင် အနားမှာ အမြဲရှိနေဖို့တော့လိုပါတယ်။
ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု
ဒီအရွယ်မှာ ကလေးရဲ့ ကြီးထွားမှုအပိုင်းမှာ အလေးချိန်က အရပ်ထက် ပိုအရေးကြီးပါတယ်။ အလေးချိန်ကနေ ကလေးတွေ အာဟာရ ဓာတ်တွေကို ဘယ်လိုကောင်းစွာ စုပ်ယူနိုင်လဲဆိုတာ ပြသလို့ပဲ ဖြစ်ပါတယ်။ အရပ်ကိုတော့ တခြားမျိုးရိုးဗီဇဆိုင်ရာ အချက်တွေနဲ့ ဆုံးဖြတ်ပါတယ်။ WHO က သတ်မှတ်ချက်အရ ၉ လအရွယ် ယောက်ျားလေးတွေရဲ့ ပျမ်းမျှ အလေးချိန်ဟာ ၈.၉ ကီလိုဂရမ်နဲ့ ၇၂ စင်တီမီတာ ရှိပြီး မိန်းကလေးအတွက် ၈.၂ ကီလိုဂရမ် နဲ့ ၇၀.၂ စင်တီမီတာဖြစ်ပါသည်။
လှုပ်ရှားနိုင်မှုစွမ်းရည်
ကလေးဟာ ကျွမ်းကျွမ်းကျင်ကျင်လေးဘက်ထောက် သွားတတ်ပြီး လှေကားပေါ်လည်း လေးဘက်ထောက်တက်နေပါပြီ။ ဒါကြောင့် ကလေးက လှေခါးနားမှာရှိတဲ့အခါ မိမိလည်း ရှိနေဖို့လိုပါတယ်။ ပုံစံအမျိုးမျိုးပြောင်းတဲ့နေရာမှာ မြန်မြန်ဆန်ဆန်ကျင့်သားရနေပြီးမကြာခင်ပရိဘောဂတွေကို အားပြုပြီး လမ်းလျှောက်တာ၊ စမ်းကြည့်တာ တွေ့ရပါလိမ့်မည်။ ဒါပေမယ့် ခြေဗလာနဲ့ လမ်းလျှောက်တာဟာ ခြေထောက်ကြွက်သားတွေကို ဖွံ့ဖြိုးစေပြီး ကုပ်ယူမှု အားကောင်းစေလို့ ဖိနပ်ဝတ်ပေးဖို့ မလိုသေးပါဘူး။
ကလေးတစ်ယောက်ရဲ့ရွေ့လျားနိုင်စွမ်း ဖွံ့ဖြိုးတိုးတက် ပုံမတူဘူးဆိုတာ မှတ်ထားပါ။ တချို့ကလေးတွေက ဖွံ့ဖြိုးမှု အဆင့်တစ်ခုကို ခဏလေးနဲ့ကျော်လွှားနိုင်သလို တချို့ကလေးတွေကလည်း အဆင့်တွေကျော်ပြီး မြန်မြန် ဖွံ့ဖြိုးတာမျိုးလည်းရှိပါတယ်။ ဒီအရွယ်မှာ သင့်ကလေးကလေးဘက်ထောက် မသွားတာမျိုးစတဲ့ ပြဿနာတွေကို စိတ်ပူရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဆက်သွယ်ခြင်း
ဒီအရွယ်မှာ ၉ လသား ကလေးရဲ့ ဆက်သွယ်ရေး စွမ်းရည်က မြန်မြန် ဖွံ့ဖြိုးနေပြီး တကယ့် စကားလုံးတွေနဲ့တူတဲ့ အသံမျိုး တွေ စလုပ်လာပါလိမ့်မည်။ ဒါကြောင့် သင့်ကလေး စကားလုံးတွေနဲ့ အကျွမ်းတဝင် ဖြစ်အောင် သူတို့ကိုပုံမှန် စကားပြော ပေးတာကောင်းတဲ့ အကြံဉာဏ်တစ်ခုပါပဲ။ ဒါ့အပြင် သင်လုပ်ခိုင်းတာတွေနဲ့ ကိုယ်လက်အမူအရာ တွေကိုလည်း ကောင်းကောင်း နားလည်ပြီး သူကိုယ်တိုင်လည်း လိုက်လုပ်လာပါလိမ့်မည်။ တချို့ကလေးတွေက ဒီအရွယ်မှာ အသံ တွေကိုပါ အတုခိုးလိုက်လုပ်တတ်နေကြပါပြီ။
ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု
သင့်ကလေးရဲ့ ပထမ ၁ နှစ်တာကာလဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့အချိန်ပါပဲ။ တစ်ဘဝလုံး လေ့လာသင်ယူ နိုင်ဖို့ ထောင်သောင်းများစွာသော ကွန်ယက်တွေ ဦးနှောက်ထဲမှာ ဖြစ်တည်နေတဲ့ ကာလပါပဲ။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပြီး သင့်ကလေးငယ်ရဲ့ သင်ယူမှုကို အရှိန်မြင့်တင်ပေးနိုင်ပါတယ်။
ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ပြုစုပျိုးထောင်ဖို့ ဈေးကြီးတဲ့ ဗီဒီယိုတွေ သင်ထောက်ကူပစ္စည်းတွေ ဝယ်ဖို့ မလိုပါဘူး။ လူသားချင်း ဆက်ဆံမှုရဲ့ တန်ဖိုးကို ဘယ် DVD အခွေကမှ လိုက်မမှီပါဘူး။ သင့်ကလေးကို နေ့တိုင်း စာဖတ်ပြ သီချင်းဆိုပြတာနဲ့ စကားပြောတာတွေ လုပ်တာကပဲ ဦးနှောက်ဖွံ့ဖြိုးမှု တိုးတက်မြင့်တက်စေမယ့် အကောင်းဆုံး နည်းလမ်း တွေပါ။ သင့်ကလေးကထက်မြတ်ဖို့ အသက်ကိုးလကတည်းက စာဖတ်တတ်ဖို့ မလိုပါဘူး။ နေ့တိုင်း အကြောင်းအရာ အသစ်တွေ ရှာဖွေလေ့လာနေဖို့ပဲ လိုပါတယ်။
ကိုးလအရွယ် ကလေးငယ်ကို ဂရုစိုက်ဖို့ အကြံကောင်းများ
အာဟာရကောင်းကောင်းကျွေးပါ
ဒီအချိန်ဟာ သင့်ကလေးကို ပရိုတင်းဓာတ် အပိုတွေ ကျွေးဖို့ အချိန်ကောင်း ပါပဲ။ သေချာချက်ပြုတ်ထားတဲ့ ပဲတွေနဲ့ ပဲနီလေးက သူ့အတွက် ဝါးရတာ လွယ်ကူစေမှာပါ။ ဒါ့အပြင် သူ့သွား အတွက် ကောင်းစေတဲ့ ကြက်သားသေးသေးလေးတွေ အရိုးနွှင်ထားတဲ့ ငါး၊ ငှက်ပျောသီးနဲ့ မုန့်ကြွပ်တွေကိုလည်း ဖဲ့ပြီး ကျွေးနိုင်ပါတယ်။
သူစိမ်းတွေနဲ့ တွေ့တဲ့အခါ မကြောက်အောင် ထိန်းပါ
ဒီအရွယ်ကလေးတွေဟာ သူတို့မျက်နှာစိမ်းတဲ့ လူတွေနဲ့ မနေချင်ပဲ သင့်ကိုပဲ လိုက်ကပ်နေဦးမှာပါ။ ဒါဟာ ပုံမှန်ဖြစ်ပြီး သင်စိတ်ပူစရာ မလိုပါဘူး။ ဒါပေမယ့် ဒီလို အခြေအနေတွေကို ရှောင်ရှားဖို့ သင့်ရဲ့ ကိုယ်ပိုင်ပစ္စည်း တစ်ခုခု ပေးကိုင်ထားပြီး ကလေးနဲ့ ကစားချင်တဲ့ သူတွေကိုဖြည်းဖြည်းချင်း ကလေးဆီ ချည်းကပ်ဖို့ တောင်းဆိုပါ။
ကန့်သတ်ချက်များ
၉ လအရွယ်ဟာ ကန့်သတ်ချက်တွေ ထုတ်ပြန်ဖို့ မငယ်လွန်းတော့တဲ့ အရွယ်ပါ။ မလုပ်ရဘူးဆိုတဲ့ စကားလုံးအပြင် ဆင်တူတဲ့စကားလုံးတွေကိုလည်း အခုနားလည်နေပါပြီ။ သင့်ကလေးငယ် မလုပ်သင့်တာ တစ်ခုခု လုပ်တော့မယ်ဆိုတဲ့ အခါတိုင်း စကားလုံးတွေ ပြောပါ။
Comments