ခုနှစ်လသားအရွယ်ကလေးရဲ့ဖွံ့ ဖြိုးတိုးတက်မှု

by: Khin Nyein Lwin
 3 comments  5 love

သင့်ရဲ့ခုနှစ်လသားကလေးက သူတို့ကိုယ်တိုင် စားတာ၊သောက်တာအပြင် တခြား လှုပ်ရှားမှုနဲ့ လူမှုရေးစွမ်းရည်တွေကိုလည်း မြန်မြန်လေ့လာနေနိုင်ပါပြီ။

ကလေးဟာ အမှီအခိုကင်းမဲ့လာပြီး သူကိုယ်တိုင် အမူအကျင့်လေးတွေလည်း ပေါ်ထွက်ဖွံ့ဖြိုးလာပါပြီ။ အကြိုက်ဆုံးအရုပ်ကို ကောက်ယူလာတာအစ တစ်နေရာက တစ်နေရာကို ဝမ်းလျားမှောက် သွားတာအထိ သင့်ရဲ့ ကလေးဟာ သူ့ပတ်ဝန်းကျင်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာနဲ့ ထိန်းချုပ်နိုင်တာကို ပျော်ရွှင်စရာလို့ သိလိုက်တဲ့အချိန်ပါပဲ။ နောက်လအတွင်းမှာ သင့်ကလေးရဲ့ ရွေ့လျားနိုင်စွမ်း ဖန်တီးနိုင်စွမ်းရဲ့ သိလိုစိတ်တွေကို လုံခြုံစိတ်ချတဲ့ နည်းတွေနဲ့ အားပေးအားမြောက် ပျိုးထောင်ပေးဖို့ အခွင့်အရေး နည်းလမ်းတွေ အများကြီး ရှာဖွေသင့်ပါတယ်။

ခနာကိုယ်ဖွံ့ဖြိုးတိုးတက်မှု

ကလေးကြီးထွား ဖွံ့ဖြိုးစဉ်ကာလမှာ သူ့ကိုယ်အလေးချိန်က အရပ်ထက်ပိုပြီး အရေးကြီးပါတယ်။ အလေးချိန်ကနေ ကလေးတွေ အာဟာရဓာတ်တွေကို ဘယ်လိုကောင်းစွာ စုပ်ယူနိုင်လဲဆိုတာ ပြသလို့ပဲ ဖြစ်ပါတယ်။ အရပ်ကိုတော့ တခြား မျိုးရိုးဗီဇဆိုင်ရာ အချက်တွေနဲ့ ဆုံးဖြတ်ပါတယ်။ WHO က သတ်မှတ်ချက်အရ ၇ လအရွယ် ယောက်ျားလေးတွေရဲ့ ပျမ်းမျှ အလေးချိန်ဟာ ၈.၃ ကီလိုဂရမ်နဲ့ ၆၉ စင်တီမီတာ ရှိပြီး မိန်းကလေးအတွက် ၇.၇ ကီလိုဂရမ် နဲ့ ၆၇.၄ စင်တီမီတာ ဖြစ်ပါသည်။

 လှုပ်ရှားနိုင်မှုစွမ်းရည်

 လှိမ့်တာ၊ ဝမ်းလျားမှောက်သွားတာနဲ့ ဖင်တရွတ် တိုက်သွားတာတွေကို စပြီးသင်ယူနေပါပြီ။ သူတို့ကို ထိန်းပေးထားရင် သူတို့ခြေထောက်တွေကို အားပြုပြီး မတ်တပ်ရပ်နိုင်အောင် သန်မာနေပါပြီ။ ခွက်၊ ဇွန်းစတာတွေကိုကျွမ်းကျွမ်းကျင်ကျင်သုံးလာနိုင်ပြီး အစားအစာချိန်တွေမှာလည်း ကိုယ့်ဟာကိုယ်တော်တော်များများ စားတတ်နေပါပြီ။

  • သင့်ကလေးရဲ့ လှုပ်ရှားမှု စွမ်းရည်ကို ကူညီပေးချင်တယ်ဆိုရင် မှီနိုင်လောက်တဲ့ နေရာမှာ အရုပ်ထားပြီး သူ့ဘာသာသူ ယူနိုင်အောင်ထိန်းကျောင်းအားပေးပါ။
  • ညှိနှိုင်းဆောင်ရွက်တတ်အောင် လက်ခုပ်တီးတာနဲ့ သံစဉ်လေးတွေနဲ့ လှုပ်ရှားမှု လုပ်တာမျိုး သင်ပေးပါ။
  • ကြွက်သားတွေ ဖွံ့ဖြိုးတိုးတက်အောင် သင့်ပေါင်ပေါ်မှာ ကလေးကို ခုန်ကစားပေးပါ။
  • သူ့ဘာသာသူ ကစားဖို့ အချိန်ပေးပါ။

 ဆက်သွယ်ခြင်း

သူတို့ကို အဓိက စောင့်ရှောက်ပေးတဲ့ သူတွေကို ပိုရင်းနှီးလာပြီး သူတို့လိုချင်တာကို လုပ်ပေးတဲ့သူတွေကို ယုံကြည်ရမယ် ဆိုတာ သိလာပါတယ်။ ဒီအဆင့်မှာ မျက်နှာအမူအရာ အမျိုးမျိုးသုံးပြီး စကားမပြောဘဲ ဆက်သွယ်တဲ့ နေရာမှာ အတော်လေး ကျွမ်းကျင်မှု ရှိလာတဲ့အပြင် သင့်ရဲ့ အသံနဲ့ မျက်နှာအမူအရာတွေကနေ သင့်ခံစားချက်တွေကိုလည်း နားလည်လာပါပြီ။ အသံအမျိုးမျိုး ထွက်ပြီးတော့လည်း ဆက်သွယ်မှုတွေ လုပ်နေနိုင်ပါပြီ။

အမူအကျင့်

သင့်ကလေးဟာ သူစိမ်းတွေနားမှာ ရှက်နေတတ်ပြီး သင်သူ့ကို ခဏထားသွားတဲ့အခါ ငိုနေတတ်ပါတယ်။ ဒီလို ခဏ ခွဲခွာခြင်းကြောင့် သူတို့ဖြစ်တဲ့ စိတ်ခံစားချက်က တစ်ခါတလေ စိတ်ရှုပ်စရာ ကောင်းနိုင်တာမို့ သင်တခြား အလုပ်တွေ လုပ်နေချိန်မှာ သူ့ကိုအရုပ်တွေ အများကြီး ပေးထားပြီး အလုပ်ရှုပ်နေပါစေ။ ညဘက်တွေ အိပ်ရင်လည်း သင့်ကလေးကို သင့်အိပ်ရာပေါ် တစ်ခါတလေ ခေါ်သိပ်လို့ရပေမယ့် တစ်ယောက်တည်းလည်း သူ့ဟာသူ အိပ်တတ်အောင် သင်လေ့ကျင့်ပေးရမှာပါ။

ခုနှစ်လအရွယ် ကလေးငယ်ကို ဂရုစိုက်ဖို့ အကြံကောင်းများ

ကလေးနဲ့ကစားပါ 

 သင့်ကလေးနဲ့ ကစားချိန်ဟာ သင့်နေ့စဉ်အချိန်စာရင်းနဲ့ ပုံမှန်ကဏ္ဍ တစ်ခု ဖြစ်သင့်ပါတယ်။ သင့်ကလေးတုန်းက ကစားခဲ့ဖူးတဲ့ ကစားနည်းလေးတွေသုံးပြီး သင့်ကလေးငယ်နဲ့အတူ ပျော်စရာတွေ ဖန်တီးပေးနိုင်ပါတယ်။

ကလေးကို သီချင်းဆိုပြပါ 

 သင့်ကလေးရဲ့ ဦးနှောက်နဲ့ ဆက်သွယ်မှု တိုးတက်အောင် သီချင်းဆိုပြတာနဲ့ အမူအရာ အမျိုးမျိုး လုပ်ပြပြီး ကူညီပေးနိုင်ပါတယ်။ ကိုယ်ဘာသာ စကားသုံးပြီး ဖော်ပြနိုင်အောင် ကူညီပေးပါလိမ့်မယ်။

ကလေးကို သင့်တော်စွာ ကျွေးမွေးပါ 

 သင့်ကလေးဟာ အခုဆိုရင် အဖတ်ပါတဲ့ အစားအစာ တွေ စားနေပြီဖြစ်ပြီး အခြားအရသာ အထိအတွေ့ အရောင်အမျိုးမျိုးကိုလည်း လေ့လာစူးစမ်းနေပါပြီ။ သူ့မှာ အစားအစာနဲ့ ပတ်သက်တဲ့ allergy မရှိဘူးဆိုရင် အစားအစာ အသစ်တွေ ဖြည်းဖြည်းချင်း စမ်းကျွေးကြည့်ပါ။ သူ မိသားစု ထမင်းစားတဲ့အခါ သူ့ကိုထမင်းစားစားပွဲနားမှာ ခုံအမြင့်နဲ့ထားပြီး အတူတူစားသုံးပေးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles