သင်ရော သင့်ကလေးအတွက်ပါ အောင်မြင်မှုတစ်ခုပါပဲ။ အကူအညီမပါဘဲ သေချာထိုင်နေနိုင်တဲ့အပြင် အခန်းထဲမှာပါ တွားသွားတာ လှိမ့်တာတို့တောင် လုပ်နေနိုင်ပါတယ်။ မာတဲ့ အစားအစာတွေကိုလည်း ပထမဆုံးအကြိမ် စားကြည့်ဖို့ ပြင်ဆင်နေပြီး ညဆိုရင်လည်း ပိုကောင်းကောင်း အိပ်ပျော်တာကို တွေ့ရပါလိမ့်မည်။
ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု
ဒီလမှာလည်း သင့်ကလေးရဲ့အလေးချိန်ဟာ အရပ်ထက် ပိုအရေးပါပါတယ်။ မှန်ကန်တဲ့ အာဟာရတွေ ရရှိပြီး အစာချေတဲ့ အပိုင်းမှာလည်း ပြဿနာမရှိဘူးဆိုရင် ကလေးဟာ ကိုယ်အလေးချိန် တိုးလာသင့်ပါတယ်။ အရပ်အမောင်းကိုတော့ မျိုးရိုးနဲ့ ဆုံးဖြတ်ပြီး သင်လုပ်လို့ရတာ အများကြီး မရှိပါဘူး။ ဒီအရွယ်မှာ ယောက်ျားလေးတွေရဲ့ ပျမ်းမျှ အလေးချိန်ဟာ ၇.၉ ကီလိုဂရမ်နဲ့ ၆၇.၅ စင်တီမီတာ ရှိပြီး မိန်းကလေးအတွက် ၇.၃ ကီလိုဂရမ် နဲ့ ၆၅.၈ စင်တီမီတာ ဖြစ်ပါသည်။
ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု
သင့်ကလေးဟာ ဒီအရွယ်မှာ ပြောင်းလဲမှုတွေ အများကြီး ကြုံနေရပေမယ့် သင်သတိမပြုမိဆုံးကတော့ သူတို့မျက်လုံးအရောင်ပါပဲ။ မွေးကင်းစက မျက်လုံးအရောင်နဲ့မတူတော့ပါဘူး။ မျက်လုံးအရောင်ဖျော့တဲ့ကလေးတွေက ၆ လအကြာအထိ အရောင်အမျိုးမျိုးပြောင်းလဲတာတွေ ကြုံတွေ့ရမှာပါ။
လှုပ်ရှားနိုင်မှုစွမ်းရည်
ဒီအချိန်မှာ သင့်ကလေး အချိန်နည်းနည်းကြာကြာတဲ့အထိတစ်ယောက်တည်းထိုင်နေနိုင်ပြီး သူတို့လက်တွေနဲ့ ထိန်းထားနိုင်နေပါပြီ။ ရွေ့လျားနိုင်တယ်ဆိုတာ သတိထားမိစပြုတဲ့အတွက်ကြောင့် ကြမ်းပြင်ပေါ်ဟိုလှိမ့်ဒီလှိမ့် နေနေတတ်ပါတယ်။ ဗိုက်ကိုအားပြု ဝမ်းလျားမှောက်ပြီး လျှောတိုက် သွားတတ်လာတဲ့အပြင် ဇက်နဲ့ ဒူးကိုအားပြုပြီး ယိုင်တိုင်တိုင် မတ်တပ်ရပ်ဖို့ စမ်းနေတတ်ပါပြီ။
ဆက်သွယ်ခြင်း
ရယ်မောပြုံးရွှင်ပြီး တတွတ်တွတ် နားမလည်တာတွေ ပြောနေတတ်ပါတယ်။ သူ့ကိုဘာသာ စကား လေ့လာနိုင်အောင် ညတိုင်းပုံပြင် ဖတ်ပြပေးပါ။ ဒီအရွယ်မှာ ကလေးတွေဟာသူတို့နားမှာရှိတဲ့ လူတွေ ပစ္စည်းတွေကို နားလည်မှတ်မိစပြုနေပါပြီ။ မေမေ၊ဖေဖေ၊ဘိုးဘိုး၊ဘွားဘွား အပြင် သူတို့ကြိုက်တဲ့ အရုပ်လေးတွေနဲ့ ရှိနေရတာကို ပျော်ပြီး သူတို့မသိတဲ့လူတွေ ဒါမှမဟုတ် အခြေအနေအသစ်တွေနဲ့ ကြုံရရင် ကြောက်တဲ့ပုံပြတာတွေ တွေ့ရမှာပါ။
အမူအကျင့်
သူတို့ချစ်တာကိုဘယ်လိုဖော်ပြရမလဲဆိုတာသိနေပါပြီ။ ဥပမာ အမေကိုအဖေထက် ပိုချစ်တဲ့အတွက် များသောအားဖြင့် အမေနားမှာကပ်နေပြီး ချွဲနေတတ်ပါတယ်။
ခြောက်လသားအရွယ် ကလေးကို ဘယ်လိုဂရုစိုက်ရမလဲ
နို့ဖြတ်ပြီး အစာပြောင်းကျွေးခြင်း
နို့အစား တခြားသင့်တော်တဲ့ အစားအစာ တွေကို စမ်းစားကြည့်တာ သူ့အတွက် စိတ်လှုပ်ရှားစရာ အချိန်ပါပဲ။ သင်ရော သင့်ကလေးအတွက် အရေးကြီးတဲ့ အချိန် ဖြစ်ပြီး သူတို့အစားအစာ အသစ်တွေကို သင်ယူလေ့လာဖို့ ကူညီရင်း သင်နဲ့ရင်းနှီးမှု တည်ဆောက်ဖို့ အခွင့်အရေးပါပဲ။
အိပ်တဲ့ပုံစံကို နားလည်ပါ
သင့်ကလေးဟာ အိပ်ချိန် တော်တော် လိုအပ် ပါတယ်။ တစ်ညကို အနည်းဆုံး ၁၁ နာရီ လောက် အိပ်ရုံတင်မကဘဲ နေ့ခင်းမှာလည်း တစ်နာရီက သုံးနာရီ ကြာအောင် သုံးခါလောက် အိပ်သင့်ပါတယ်။
ကျန်းမာရေးကို အလေးထားပါ
သင့်ကလေးဟာ ကာကွယ်ဆေးထိုးရပြီး ပထမဆုံး အကြိမ် အအေးမိတာလည်း ဖြစ်နိုင်ပါတယ်။ ကလေးအများစု အအေးမိပြီးရင် ပြန်နေကောင်းတတ်ကြပေမယ့် ကိုယ်တွင်း ခုံခံနိုင်မှုစနစ် အားနည်းတဲ့ ကလေးတွေမှာ တစ်ခါတလေ ဗိုက်နည်းနည်းအောင့်တာ အဖျားကြီးတာ တို့ ဖြစ်တတ်ပါတယ်။
Comments