ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု
သင့်ရဲ့ငါးလအရွယ်ကလေးက စကားဘလာဘလာပြောတာ၊ သူ့စိတ်ခံစားချက် တွေကိုပြောတာနဲ့ ရီတာတွေကို ဖော်ပြလို့ရမယ့် နည်းလမ်းတွေကို လေ့လာရင်း လူမှုဆက်ဆံရေးစွမ်းရည်တွေ ဖွံ့ဖြိုးစ ပြုနေပါပြီ။ သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်ပုံနဲ့ သူတို့ကိုဂရုစိုက်ဖို့ အကြံဉာဏ်တွေ လေ့လာလိုက်ပါ။ ကလေးရဲ့ ကြီးထွားမှုအပိုင်းမှာ အလေးချိန်က အရပ်ထက် ပိုအရေးကြီးပါတယ်။ အလေးချိန်ကနေ ကလေးတွေ အာဟာရ ဓာတ်တွေကို ဘယ်လိုကောင်းစွာ စုပ်ယူနိုင်လဲဆိုတာ ပြသလို့ပဲ ဖြစ်ပါတယ်။ အရပ်ကိုတော့ တခြားမျိုးရိုးဗီဇဆိုင်ရာ အချက်တွေနဲ့ ဆုံးဖြတ်ပါတယ်။ WHO က သတ်မှတ်ချက်အရ ၅ လအရွယ် ယောက်ျားလေးတွေရဲ့ ပျမ်းမျှ အလေးချိန်ဟာ ၇.၅ ကီလိုဂရမ်နဲ့ ၆၅.၉ စင်တီမီတာ ရှိပြီး မိန်းကလေးအတွက် ၆.၉ ကီလိုဂရမ် နဲ့ ၆၄ စင်တီမီတာ ဖြစ်ပါသည်။
ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု
ရာခိုင်နှုန်းပြည့် မဖွံ့ဖြိုးသေးပေမယ့် ၅ လအရွယ် ကလေးရဲ့ အာရုံဟာ အတော်လေး ဖွံ့ဖြိုးနေပါပြီ။ အဝေးကရော အနီး မှာရှိတဲ့ ပစ္စည်းတွေကိုပါ ဂရုစိုက်မြင်နိုင်နေတဲ့အပြင် အရောင်တွေကို ခွဲခြားနိုင်တဲ့ စွမ်းရည်လည်း တိုးတက်လာပါတယ်။ အရောင်အမျိုးအစားတွေကို ခွဲခြားနိုင်ပေမယ့် အနီ၊ အဝါနဲ့ အပြာစတဲ့ အခြေခံအရောင်တွေကို ပိုကြိုက်တတ်ပါတယ်။
လှုပ်ရှားနိုင်မှုစွမ်းရည်
အထောက်အပံ့မပါဘဲတောင် ခဏလေး ထိုင်နေတတ်ပါပြီ။ ကလေးတွေ အချိန်အကြာကြီး ထိုင်နေနိုင်အောင် ခေါင်းအုံးနဲ့ ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ကလေးငယ်ဟာ ပိုမိုသန်မာလာတာနဲ့အမျှ အရာဝတ္ထုလေးတွေကို ကောက်ယူတာမျိုး၊ တစ်ခါတလေ ခွက်ကိုင်ပြီး တစ်ခုခုသောက်တာမျိုး စတာတွေ လုပ်နိုင်နေပါပြီ။ ၅ လအရွယ် ကလေးက သူ့ခေါင်းကို သူထိန်းနိုင်နေတဲ့အတွက် ချီရတာပိုပြီး လွယ်ကူပါတယ်။
ဆက်သွယ်ခြင်း
ကလေးတွေဟာ တတွတ်တွတ် ပြောနေပါပြီ။ အစပိုင်းမှာတော့ ဘာပြောနေမှန်း မသဲကွဲပေမယ့် နောက်ကြာလာတဲ့အခါ သူတို့ ဘာတွေပြောနေတာလဲဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။ ဒီအရွယ်မှာ ကလေးတွေက ခွေးဟောင်တာတို့ သင်သူ့ကိုခေါ်တဲ့ အသံတွေကိုလည်း စပြီး နားလည်နိုင်နေပါပြီ။
အမူအကျင့်
ငိုတာ၊ စိတ်တိုတာ၊ ပျင်းတာနဲ့ ပျော်တာ စတဲ့ စိတ်ခံစား ချက်တွေကို ဖော်ပြတဲ့ နေရာမှာ ပိုကျွမ်းကျင်မှု ရှိလာပါပြီ။ ဒါပေမယ့် ရယ်တာနဲ့ ချစ်တာတွေကို ဖော်ပြနိုင်တဲ့ စွမ်းရည်တော့ ဖွံ့ဖြိုးနေတုန်းပါပဲ။ သင့်ကို မတွေ့ရတဲ့အခါ ငိုတာမျိုး သူ့ကိုချီစေချင်တဲ့အခါ လက်မြောက်ပြတာမျိုးလုပ်ပြီး သင့်အပေါ် သူရဲ့သံယောဇဉ်ကို ပြသတတ်ပါတယ်။
ငါးလအရွယ် ကလေးငယ်ကို ဂရုစိုက်ဖို့ အကြံကောင်းများ
- ကလေးရဲ့ လုံခြုံရေးကို ဂရုစိုက်ပါ။ ၅ လ အရွယ်ကလေးတွေဟာပိုပြီး သွက်လက်လှုပ်ရှားလာ တဲ့အတွက် သင့်အိမ်ကို အန္တရာယ် ထိခိုက်မှုနည်းအောင် လုပ်ဖို့လိုပါတယ်။ ဓာတ်ကြိုးပေါက်တွေ ထိန်းသိမ်းတာ၊ အန္တရာယ်ရှိ ပစ္စည်းတွေ သိမ်းထားတာ ကလေးကို ဒုက္ခဖြစ်စေမယ့် အရာတွေလွှတ်ပစ်တာနဲ့ ကလေးကိုင်လို့ရတဲ့ ပူတဲ့အရာ တွေကို ဖယ်ထားတာမျိုး စတာတွေ လုပ်သင့်ပါတယ်။
- ခွက်ကိုင်တာကို မိတ်ဆက်ပေးဖို့ အချိန်ကောင်းပါပဲ။ သင့်ကလေးဟာ သူ့လက်ကိုသုံးပြီး ပစ္စည်းတွေကို ကိုင်တတ် လာတဲ့အခါ ရေသောက်တာတို့ နို့သောက်တာတွေအတွက် ပလတ်စတစ်ခွက်ကို သုံးဖို့သင်ပေးပါ။ သင်ပေးတာ က အချိန်ကြာနိုင်ပေမယ့် အကယ်လို့ သူတို့က မသုံးနိုင်သေးဘူးဆိုရင် ခွက်နဲ့ကစားဖို့ပဲ ခွင့်ပေးလိုက်ပါ။ နောက်ရက် အနည်းငယ်ကြာတဲ့အခါ ပြန်သင်ပေးကြည့်ပါ။
- မတ်မတ်ထိုင်နိုင်ဖို့ ကူညီလေ့ကျင့်ပေးပါ။ ။ ဒီအရွယ်မှာ သင့်ကလေးက သူ့အလေးချိန်ကို ထိန်းဖို့အတွက် နောက်ကျောမှာ ခေါင်းအုံးတွေခံထားပြီး ထိုင်နိုင်အောင် လေ့ကျင့်ကြိုးစားပေးပါ။ အိပ်ရာ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ သင့်ခြေထောက်တွေကို ကာထားပြီး သင့်ကလေးထိုင်တာ လေ့ကျင့်တာ ကူညီပေးနိုင်ပါတယ်။
Comments