လေးလသားအရွယ်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှု

by: Khin Nyein Lwin
 17 comments  7 love

လေးလသား ရင်သွေးငယ်က တစ်နေ့တခြား ပိုပိုဖွံ့ဖြိုးလာပြီး ပိုပြီးလည်း သတိရှိလာပါပြီ။ ရယ်တာ၊ပြုံးတာနဲ့ အသံအမျိုးမျိုး ထွက်ပြပြီး သူတို့ကိုယ်သူတို့ ဖော်ပြရတာကို ကြိုက်ကြပါတယ်။

အာရုံခံစားမှုတွေ ဖွံ့ဖြိုးလာသလို သင့်ကလေးဟာ စကားပြောတာရဲ့ အစောပိုင်းအဆင့်ကို ကြုံတွေ့ရနိုင်သလို ပထမဆုံး သွားပေါက်မယ့် လက္ခဏာကိုလည်းတွေ့နိုင်ပါတယ်။ ဖွံ့ဖြိုးမှုအဆင့်မြင့်လာတဲ့အတွက် အခက်အခဲတွေ ပိုကြုံတွေ့နိုင် ပေမယ့် ဘယ်လိုမျိုးတွေကို မျှော်လင့်ထားသင့်လဲဆိုတာ သိနေရင် သူတို့လေးတွေကိုပိုပြီး သေချာပျိုးထောင်နိုင်မှာပါ။

ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု

ကလေးငယ် ကိုယ်အလေးချိန်တိုးမလာဘူးဆိုရင် စိတ်မပူပါနဲ့။ မှန်ကန်တဲ့အချိန်အတိုင်း ကိုယ်အလေးချိန်ရှိနေမှသာ သူတို့က လုံလောက်တဲ့ အာဟာရဓာတ်တွေရရှိပြီး အစာခြေစနစ်လည်း ကောင်းမွန်တယ်ဆိုတာသိနိုင်ပါတယ်။ WHO က သတ်မှတ်ထားတဲ့ပုံအရ (၄) လအရွယ်ကလေးတွေရဲ့ ပျမ်းမျှအရပ်နဲ့အလေးချိန်ဟာ ယောက်ျားလေးဆိုရင် (၆၃.၈) စင်တီမီတာနဲ့ (၇) ကီလိုဂရမ် ဖြစ်ပြီး မိန်ကလေးတွေဆိုရင် (၆၂) စင်တီမီတာနဲ့ (၆.၄) ကီလိုဂရမ် ဖြစ်ပါတယ်။

 ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု

အကြောင်းနဲ့အကျိုးတွေကို (၄) လသားအရွယ်ကလေးရဲ့ အမြဲတမ်း ဖွံ့ဖြိုးနေတဲ့ မှတ်ဉာဏ်ကစတင်ပြီး ရှာဖွေလေ့လာ ပါလိမ့်မယ်။ ရလဒ်တွေ တူညီမှုရှိ၊ မရှိကို ထပ်ခါထပ်ခါ ကြိုးစားပြီး နှိုင်းယှဉ်ကြည့်ပါလိမ့်မယ်။ အရုပ်တွေကို ကြိုက်နှစ်သက်ရုံမက သူတို့ခန္ဓာကိုယ်ရဲ့ခြေလက်တွေနဲ့ တခြားအစိတ်အပိုင်းတွေကို တောင်သိနေပြီးတာ ဖြစ်နိုင်ပါတယ်။ တစ်ခုခုလက်ထဲရှိတာနဲ့ ပါးစပ်ထဲထည့်တတ်တာ တွေ့ရင်အံ့သြဖို့မလိုပါဘူး။

လှုပ်ရှားနိုင်မှုစွမ်းရည်

ဝမ်းလျားမှောက်ထားတဲ့အခါ အကူအညီမပါဘဲ ခေါင်းမော့ထားနိုင်ပြီး ရင်ဘတ်ကိုလည်းထိန်းထားနိုင်ပါပြီ။ တချို့ကလေးတွေ ဆိုရင်ဗိုက်ကနေ ကျောအထိ ကြမ်းပြင်ပေါ် ဘယ်လိုလှိမ့်ရမလဲတောင် သိနေတတ်ပါတယ်။

 ဆက်သွယ်ခြင်း

ဒီအရွယ်ကလေးတွေဟာ ထိရောက်တဲ့ဆက်သွယ်စကား ပြောနိုင်တဲ့သူဖြစ်ဖို့ လေ့လာနေတဲ့ အရွယ်ပါ။  ခိုးခိုးခစ်ခစ် အသံပေးတာ ရယ်တာ၊ အသံစူးစူးတွေ လုပ်တာနဲ့ အူး၊အား စတဲ့ သရသံတွေသုံးပြီး သူတို့ ဘာဖြစ်နေလဲ ဖော်ပြတတ်ကြပါတယ်။ ပျော်ရင်ပြုံးတာ၊ စိတ်တိုရင် မျက်နှာရှုံ့မဲ့တာနဲ့ အံ့သြရင် ပါးစပ်အဟောင်းသားဖြစ်တာစတဲ့ စိတ်ခံစားပုံ အမျိုးမျိုးကို ဖော်ပြတတ်နေတဲ့အပြင် အသံနဲ့ မျက်နှာအမူအရာတွေကိုလည်း ဖတ်တတ်ဖို့ စတင်လေ့လာနေပါပြီ။

လုပ်ဆောင်ရန်လိုအပ်သည်များ

အိပ်တဲ့ ပုံစံနဲ့ ထိန်းညှိနည်း

၎ လသားအရွယ်ကလေးဟာ တစ်ညကို အိပ်ချိန် (၇/၈) နာရီ ရှိသင့်ပါတယ်။ နေ့လည်ခင်းမှာလည်း နှစ်ခါလောက် တစ်ရေးအိပ်သင့်ပြီး တစ်နေ့ကို အိပ်ချိန် စုစုပေါင်း (၁၄/၁၆)နာရီ ဖြစ်သင့်ပါတယ်။ တချို့တွေက ကလေးတွေ ညဘက်အိပ်ပျော်အောင် နေ့ခင်းတွေမှာ ပေးမအိပ်သင့်ဘူးလို့ ပြောကြပေမယ့် ဒါဟာ လုံးဝလွဲမှားခြင်းပါပဲ။ ပုံမှန်တရေး အိပ်တာနဲ့ညဘက် အိပ်ချိန်ပုံမှန်ရှိအောင် လုပ်တာဟာ ပိုပြီးထိရောက်မှုရှိပါတယ်။ ကလေးအိပ်ချင်လာအောင် အစာကျွေးတာနဲ့ ပုခက်လွှဲ သိပ်တာမျိုး မလုပ်ပါနဲ့။ သူတို့ဘာသာ နားနားနေနေ နေပြီး အိပ်ပျော်နိုင်တာကပိုကောင်းပါတယ်။

Nappy rash များကို ဂရုစိုက်ပါ

သင့်ကလေးရဲ့ မစင်က ဘက်တီးရီးယားတွေက သေးခံနဲ့အင်္ကျီကတစ်ဆင့် အရေပြားပေါ် တက်လာနိုင်ပြီး သေးထဲမှာပါတဲ့ နမိုးနီးယားနဲ့ ရောမိတဲ့အခါ အနီကွက်တွေ ဖြစ်လာ တတ်ပါတယ်။ (ပလတ်စတစ်ပါတဲ့ ဘောင်းဘီတွေနဲ့ ကြမ်းတဲ့သေးခံ)တွေက ကလေးတွေကို မသက်မသာဖြစ် စေပါတယ်။ အနီကွက်တွေ ကြီးလာတယ်ဆိုရင် သေးခံကို လဲပေးတဲ့အခါ ရေနွေး နဲ့ သန့်စင်ပေးပြီး အရေပြားကို တတ်နိုင်သလောက် ခြောက်အောင် ထားလိုက်ပါ။ (ပလတ်စတစ်ပါတဲ့ဘောင်းဘီ)တွေ မသုံးဘဲ ကလေးကိုလည်း သေးခံချွတ်ပေးပြီး လွတ်လွတ်လပ်လပ်ထားပေးဖို့ အချိန်လည်းထားပါ။ ဇင့်နဲ့ကြက်ဆူဆီ စတာတွေ လိမ်းပေးပြီး အနီကွက်တွေ ပြန်ဖြစ်မလာအောင်လည်း ကာကွယ်နိုင်ပါတယ်။ အရမ်းဆိုးရွားလာရင်တော့ ဆရာဝန်နဲ့ပြသပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles