အသက်(၃)ပတ်မှာ သားသားမီးမီးလေးတွေ ဘယ်လိုဖွံ့ဖြိုးလာတာလဲ

by: Nang Htwe
 0 comments  11 love

အမြင်အာရုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရောင်စုံဘောလုံး သို့မဟုတ် အသံမြည်တဲ့အရုပ်လေးတွေကို သားသားမီးမီးလေးတွေအတွက် ဝယ်ပေးထားနိုင်ပါတယ်။

အသက်(၃)ပတ်ကို ရောက်လာတဲ့အခါမှာ သားသားမီးမီးလေးတွေက အားကောင်းလာပါပြီ။ သားသားမီးမီးလေးတွေမှာ ဘာတွေအားကောင်းလာတာလဲ။ မေမေဖေဖေတို့က သူတို့လေးတွေရဲ့ ဦးခေါင်းကို ကိုင်ပြီး ဘေးဘက်ကို စောင်းပေးမယ်ဆိုရင် သူတို့လေးတွေရဲ့ မျက်လုံးလေးတွေက ပတ်ဝန်းကျင်ကို တော်တော်ကြာကြာ ကြည့်နိုင်လာပါတယ်။ ဒါက အမြင်အာရုံဖွံ့ဖြိုးလာတဲ့ လက္ခဏာပါ။ ဒါ့ကြောင့် မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေ အသက်(၃)ပတ်ရောက်တဲ့အခါမှာ အမြင်အာရုံဖွံ့ဖြိုးမှု ရှိမရှိစစ်ဆေးပေးပါ။

မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေ အသက်(၃)ပတ်ရောက်တဲ့အခါမှာ အမြင်အာရုံဖွံ့ဖြိုးမှု ရှိမရှိစစ်ဆေးပေးပါ (Photo by bundoo)

အိပ်စက်ခြင်း

အသက်(၃)ပတ်အရွယ်သားသားမီးမီးလေးတွေက သူတို့လေးတွေကို ပြုစုစောင့်ရှောက်တဲ့ မေမေဖေဖေတို့ရဲ့ မျက်နှာကို စိုက်ကြည့်နေပြီး မှတ်မိအောင် ကြိုးစားနေပါတယ်။ သူတို့လေးတွေမှာ ကစားချိန်နဲ့ ခန္ဓာကိုယ်လှုပ်ရှားတဲ့အချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေက အိပ်ချိန်ပါ။ အသက်(၃)ပတ်အရွယ် သားသားမီးမီးလေးတွေရဲ့ အချိန်တော်တော်များများဟာ အိပ်စက်ခြင်းနဲ့ပဲ ကုန်ဆုံးကြပါတယ်။ ဒါကလည်း ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တာကြောင့် အိပ်ချိန်များရခြင်းဖြစ်ပါတယ်။

အသက်(၃)ပတ်အရွယ် သားသားမီးမီးလေးတွေရဲ့ တစ်ရက်ပျှမ်းမျှအိပ်ချိန်က (၁၆)နာရီနဲ့ (၁၈)နာရီအတွင်းမှာရှိပါတယ် (Photo by Mother and Baby)

ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အိပ်ချိန်လုံလောက်မှုရှိခြင်း

အသက်(၃)ပတ်အရွယ် သားသားမီးမီးလေးတွေရဲ့ တစ်ရက်ပျှမ်းမျှအိပ်ချိန်က (၁၆)နာရီနဲ့ (၁၈)နာရီအတွင်းမှာရှိပါတယ်။ ဗိုက်ဆာတဲ့အချိန်တွေမှာ နိုးလာပါတယ်။ ဒါ့ကြောင့် သူတို့လေးတွေ အိပ်ယာကနိုးနိုးချင်း ငိုကြပါတယ်။ ဒီလိုအချိန်မှာ နို့တိုက်ပေးဖို့ လိုပါတယ်။ သားသားမီးမီးလေးတွေ ဒီအသက်အရွယ်မှာ အိပ်ချိန်များတာက ပုံမှန်ဖြစ်တာကြောင့် မေမေဖေဖေတို့အနေနဲ့ စိုးရိမ်စရာမလိုပါဘူး။ အသက်(၆)ပတ် မကျော်မချင်း သူတို့လေးတွေက ညအချိန်နဲ့ နေ့အချိန်ကို ခွဲခွဲခြားခြား မသိနိုင်သေးပါဘူး။ ဒီလိုအချိန်မှာတော့ မေမေဖေဖေတို့ အိပ်ရေးပျက်နိုင်ပါတယ်။

စတင်ရေချိုးပေးနိုင်

အသက်(၃)ပတ်အရွယ်မှာ ကျန်းမာရေးကောင်းတယ်ဆိုရင်တော့ သားသားမီးမီးလေးတွေကို စတင်ရေချိုးပေးလို့ရပါတယ်။ သားသားမီးမီးလေးတို့ကို ရေချိုးပေးတဲ့အခါမှာ ရေမြှပ်ကိုအသုံးပြုပြီး ခန္ဓာကိုယ်ကို သန့်ရှင်းရေးပြုလုပ်ပေးပါ။ ရေချိုးပြီးတဲ့အခါမှာ ပုဝါနဲ့ ရေသန့်စင်အောင် သုတ်ပေးပြီး နွေးနွေးထွေးထွေးထားပါ။ ဒီလိုဆိုရင်တော့ သားသားမီးမီးလေးတွေက သဘောကျနေမှာ အသေအချာပါပဲ။ သားသားမီးမီးလေးတွေရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိ အမြဲစောင့်ကြည့်ပေးဖို့ Kalay ကနေ မေမေဖေဖေတို့ကို တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles