ကလေးရဲ့ မွေးကင်းစပထမလကို ဖြတ်ကျော်ပြီးပါပြီ။ အခုဒုတိယလမှာ ကလေးရဲ့ အကျင့်စရိုက်လေး တွေကို နည်းနည်းသိလာမှာပါ။ နှစ်လသားကလေးငယ်တစ်ယောက်ကနေ ဘယ်လိုဖွံ့ဖြိုးမှုတွေ တွေ့နိုင်လဲဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ရအောင်။
ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု
နှစ်လအရွယ်မှာကလေးရဲ့ ဖွံ့ဖြိုးမှုက အထွဋ်အထိပ်ပါပဲ။ ကိုယ်အလေးချိန်တိုးလာပြီး အရပ်နဲ့ခေါင်းလည်း ရှည်လာကာ ကြွက်သားတွေလည်း ပိုမိုသန်မာဖွံ့ဖြိုးလာတဲ့အတွက် သင့်ကလေးဟာ ဝဝကစ်ကစ်လေး ဖြစ်လာနိုင်ပါတယ်။ ဒီအရွယ်မှာ အရင်ကထက် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပိုထိန်းချုပ်နိုင်လာပြီး ဦးခေါင်းကိုလည်း ထိန်းချုပ်လာနိုင် တဲ့အတွက် ကြမ်းပြင်ပေါ် လှိမ့်တာတွေလည်း တွေ့ရပါလိမ့်မယ်။
ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု
နှစ်လသားအရွယ် ရောက်လာတဲ့အခါ ကလေးတွေက သူတို့ပတ်ဝန်းကျင်ကို ပိုပြီးအာရုံထားလာကြတယ်။ အရောင်တွေကို ခွဲခြားနိုင်လာပြီး အရာဝတ္ထုတွေကိုလည်း သေချာမြင်နိုင်ကြပေမယ့် အခြေခံအရောင် တောက်တောက်တွေနဲ့ ရှင်းလင်းတဲ့ ပုံစံတွေကို နှစ်သက်နေကြတုန်းပါပဲ။ အရင်ကထက် သူတို့မျက်နှာကနေ ၆၀ စင်တီမီတာလောက် အထိလည်း မြင်လာနိုင် ပါတယ်။ အကြားအာရုံဟာလည်း ဖွံ့ဖြိုးလာပြီး သူတို့ခဏခဏ ကြားရလေ့ရှိတဲ့အသံတွေကို ခွဲခြားလာနိုင်ပါလိမ့်မယ်။ မိဘတွေရဲ့ အသံကိုကြားရတာ နှစ်သက်ပြီး သူတို့သီချင်းဆိုပြ၊ စာဖတ်ပြ၊ စကားပြောပြတဲ့အခါ ဂရုတစိုက် ကြည့်နေတတ်ပါတယ်။
လှုပ်ရှားနိုင်မှုစွမ်းရည်
သင့်ကလေးရဲ့ လှုပ်ရှားပုံတွေဟာ ပိုတည်ငြိမ်လာပြီး ပိုအချိတ်အဆက်မိလာပါပြီ။ လှဲနေတဲ့အချိန်မှာ ကန်ရတာကို နှစ်သက်ပြီး သူတို့လေးတွေရဲ့ ခြေထောက်ကို သန်စွမ်းအောင်ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။ စိတ်လှုပ်ရှားတဲ့အခါ လက်သီးဆုပ်ပြီး ဝှေ့ယမ်းပြတာတွေလည်း လုပ်နိုင်လာပါတယ်။
ဆက်သွယ်ခြင်း
နှစ်လသားကလေးငယ်ဟာ သူ့နားမှာရှိတဲ့ ဘယ်သူနဲ့မဆို ဆက်သွယ်ပြောဆိုချင်ကြပါတယ်။ အရင်ကဆက်သွယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ငိုတာပါပဲ။ အခုတော့သူပျော်တယ်ဆိုရင် ပြုံးပြတတ်ပြီး စိတ်ညစ်၊ စိတ်တိုတာတွေကိုလည်း တခြား အသံတွေ၊အမူအရာတွေနဲ့ ပြတတ်နေပါပြီ။ နှစ်လကုန်ခါနီးရင် ကလေးငယ်ဟာ စတင်ပြီးတောင် ရယ်မောလာ နိုင်ပါတယ်။
အမူအကျင့်
အချို့ကလေးတွေဟာ အသက်၂ လအရွယ်မှာ ပိုပြီးဂျီကျတတ်လာကြပါတယ်။ ဒါဟာ အစာမကြေတာ၊ ဂတ်စ်တွေနဲ့တခြား ကိုယ်ကာယပြဿနာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် သူတို့စိတ်ရှုပ်စေတဲ့ ကိစ္စသေးသေးလေးတွေ အကြောင်း ကိုပါ ပိုပြီးဖော်ပြနိုင်လာလို့လည်း ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ဖွံ့ဖြိုးမှုတွေကတော့ အရာရာကို ပိုအာရုံစိုက်တတ်လာပြီး နိုးနိုးကြားကြား ပိုဖြစ်လာပါတယ်။ တစ်ခါတလေမှာ သူတို့ဂရုစိုက်တဲ့သူတွေကို လိုက်ကြည့်၊ စကားတွေပြောတတ်ပြီး တစ်ခါတလေလည်း ငြိမ်ငြိမ်လေး နေနေတတ်ပါတယ်။
လုပ်ဆောင်ရန်လိုအပ်သည်များ
ပထမဆုံးကာကွယ်ဆေးထိုးခြင်း
သင့်ကလေး၂လသားအရွယ် ဖြစ်လာတဲ့အခါ အောက်ဖော်ပြပါ ရောဂါပိုး တွေကိုကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေ ပထမဆုံးအကြိမ်ထိုးပေးဖို့ သင့်ကို တိုက်တွန်းကြပါလိမ့်မယ်။
- ရိုတာဗိုင်းရပ်စ် – ကလေးငယ်တွေကို အစာမကြေဖြစ်စေနိုင်တဲ့ ကူးစက်နှုန်းမြန်တဲ့ ဗိုင်းရပ်စ်တစ်မျိုး
- DTaP/IPV/Hib – ဆုံဆို့နာ၊ မေးခိုင်ရောဂါ၊ ချောင်းဆိုးရင်ကြပ်၊ ပိုလီယိုနဲ့ တုပ်ကွေးရောဂါတွေကို ကာကွယ် ပေးနိုင်သည်။
- Pneumococcal Conjugate ကာကွယ်ဆေး – နမိုးနီးယား၊ ဦးနှောက်အမြှေးရောင်နဲ့ ချောင်းဆိုးရင်ကြပ်စတဲ့ Pneumococcal ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးနိုင်သည်။
မွေးဖွားပြီးခြောက်ပတ် အကြာကျန်းမာရေး စစ်ဆေးခြင်း
မွေးဖွားပြီး ၆ပတ်အကြာမှာ သင်ရောသင့်ကလေးရော ကျန်းကျန်းမာမာဖွံ့ဖြိုး တိုးတက်မှုရှိကြောင်း သေချာစေရန် ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်ပြုလုပ်ရပါမယ်။ ကလေးကို အလေးချိန်ချိန်ကြည့်ပြီး တိုင်းတာချက်တွေလည်း သူနာပြုဆရာမတွေက ရယူပါလိမ့်မည်။ ဒါ့အပြင် ကလေးရဲ့တင်၊ နှလုံး၊ မျိုးပွားအင်္ဂါနှင့် မျက်လုံးစတဲ့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကိုလည်း စစ်ဆေးပြီး သူတို့ကို ဘယ်လိုမျိုး အစာကျွေးလဲ ဆိုတာကိုလည်း မေးမြန်းပါလိမ့်မယ်။
Comments