တစ်နှစ်ပြည့်ခါနီး ဆယ့်တစ်လအရွယ်မှာ သူ့ဘာသာ သွားလာနေပြီး အမှီအခိုလည်း နည်းလာပါတယ်။ သူ့နားမှာရှိတဲ့ သူတွေနဲ့ ဆက်သွယ်စကားပြောနိုင်ဖို့ ကိုယ်ပိုင် စကားလုံးတွေ တီထွင်နေတတ်ပါတယ်။ ကလေးက သူ့အားသူ ကိုးလာနိုင် တာနဲ့အမျှ သူတို့ကို ကျန်းမာရေးကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာဖို့ သေချာဂရုစိုက်ပေးသင့်ပါတယ်။
ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု
ကလေးရဲ့ ကြီးထွားမှုအပိုင်းမှာ အလေးချိန်ကို အရပ်ထက် ပိုဂရုစိုက်သင့်ပါတယ်။ အလေးချိန်ကနေ ကလေးတွေ အာဟာရ ဓာတ်တွေကို ဘယ်လိုကောင်းစွာ စုပ်ယူနိုင်လဲဆိုတာ ပြသလို့ပဲ ဖြစ်ပါတယ်။ အရပ်ကိုတော့ တခြား မျိုးရိုးဗီဇ ဆိုင်ရာ အချက်တွေနဲ့ ဆုံးဖြတ်ပါတယ်။ WHO က သတ်မှတ်ချက်အရ ၁၁ လအရွယ် ယောက်ျားလေးတွေရဲ့ ပျမ်းမျှ အလေးချိန်ဟာ ၉.၄ ကီလိုဂရမ်နဲ့ ၇၄.၅ စင်တီမီတာ ရှိပြီး မိန်းကလေးအတွက် ၈.၇ ကီလိုဂရမ် နဲ့ ၇၂.၈ စင်တီမီတာ ဖြစ်ပါသည်။
လှုပ်ရှားနိုင်မှုစွမ်းရည်
ကလေးက ပရိဘောဂတွေကို ကိုင်ပြီး ကိုယ့်ဟာကိုယ် သွားလာနေနိုင်ပါပြီ။ တချို့ဆိုရင် ခြေထောက်တစ်ချောင်းတည်းနဲ့ မတ်တတ်ရပ်နိုင်အောင် ကြိုးစားနေပြီ။ တချို့ကျတော့ သူတို့မှီတဲ့နေရာတွေကို တွယ်တက်နိုင်အောင် လုပ်နေကြပါပြီ။ သင့်ကလေးကို သေချာကြည့်ဖို့ လိုအပ်ပြီး ကလေးတွေ လွယ်လွယ် မတက်ရောက် နိုင်အောင်၊ အနာတရမဖြစ်အောင် ပရိဘောဂတွေကို ထားသင့်ပါတယ်။ သင့်ကလေးက သူတို့မြင်သမျှအရာတွေကို စူးစမ်းလေ့လာကြည့်တာ၊ အရုပ်တွေ တစစီဖြုတ်ပစ်တာမျိုးတွေ လုပ်လာနိုင်ပါတယ်။ ထပ်ထားတဲ့ခွက်တွေက အဲဒီလို လုပ်ရတာ ကြိုက်တဲ့ ကလေးတွေအတွက် အကောင်းဆုံးပါပဲ။
ဆက်သွယ်ခြင်း
ဒီအရွယ်မှာ သူများဆီက အကူအညီမယူတော့ဘဲ စကားတွေလည်းများများ ပြောလာပါလိမ့်မယ်။ သင်နားမလည်နိုင်ပေမယ့် သင့်ကလေးက မေးခွန်းတွေကို ဖြေနေမှာပါ။ ပစ္စည်းတွေကို လက်ညှိုးထိုး ပြပြီး နာမည်တွေပြောပြပြီး သူတို့လေးတွေ ဝေါဟာရ ကြွယ်လာအောင် လုပ်ပေးပါ။
ဆယ့်တစ်လအရွယ် ကလေးငယ်ကို ဂရုစိုက်ဖို့ အကြံကောင်းများ
စကားလုံးရိုးရိုးလေးတွေ မကြာခဏပြောပေးပါ
ပစ္စည်းတွေကို လက်ညှိုးထိုးပြပြီး ကလေးက မှတ်မိ နိုင်အောင် နာမည်တွေပြောပြပါ။ သင့်ကလေးက သူ့နာမည်သူမှတ်မိအောင် ခဏခဏ ခေါ်ပေးပါ။
နားထောင်ပြီး တုံ့ပြန်ပါ
သင့်ကလေး ဆူဆူညံညံ စကားတွေ တတွတ်တွတ်ပြောတဲ့အခါ နားထောင်ပြီး စကားလုံးအမှန် ဖြစ်အောင် ထပ်ခါထပ်ခါ ပြင်ပေးပါ။ သူတို့စကားစပြောတဲ့အခါ အပြန်အလှန်ပြောတဲ့ သဘောကို နားလည်အောင် ပြန်ပြောပါ။
ကလေးကို စာဖတ်ပြပါ
ကလေးကို သံပြိုင်ကဗျာလေးတွေ၊ ပုံပြင်တွေဖတ်ပြတာ၊ သီချင်းဆိုပြတာတွေက ကလေးစကားမြန်မြန် ပြောနိုင်အောင်ကူညီ ပေးပါတယ်။
သူ့ဘာသာသူ သွားနိုင်အောင် အားပေးပါ
သွားလာလှုပ်ရှားတာက သင့်ကလေးရဲ့ ကြွက်သားတွေ ဖွံ့ဖြိုး တိုးတက်ဖို့ ကူညီပေးပါတယ်။ လေးဘက်ထောက်သွားတာ၊ မတ်တတ်ရပ်တာနဲ့ လမ်းလျှောက်တာတွေကို အားပေးပြီး အိမ်ကို ထိခိုက်အန္တရာယ် မရှိအောင်ထားပါ။
ကလေးနဲ့ ကစားပါ
ဘလော့ဂ်တုံးတွေ၊ ရောင်စုံဖယောင်းတွေ၊ အရုပ်သေတ္တာတွေနဲ့ ပုံဆွဲ အရောင်ခြယ် တာတွေက သင့်ကလေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတက်စေပါတယ်။ အရုပ်တွေကြောင့် ရှုပ်ပွတာကို ရှင်းဖို့သာ အသင့်ပြင်ထားပါ မေမေတို့ရေ။ အပြင်ထွက်ပြီး ကစားပေးတာကလည်း ကောင်းတဲ့ အကြံဉာဏ် တစ်ခုပါပဲ။
Comments