ဆယ်လသားအရွယ်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှု

by: seng yar
 1 comments  18 love

ဆယ်လသား ကလေးတွေကခုချိန်မှာ စကားလုံးတချို့ကိုတောင် စမ်းပြောနေ တတ်ကြပြီး တချို့ကြတော့ ပိုပြီးယုံကြည်ချက်ရှိလာဖို့ စောင့်နေတုန်းပါပဲ။

ကလေးငယ်ဟာ (၁၀) လ  ကာလကို ရောက်ရှိလာတာနဲ့အမျှ ဖွံ့ဖြိုးတိုးတက်မှု ပုံစံတွေ အများကြီးကို စတင်ပြသပြီး နေ့တိုင်း သူဟာ အမှီအခို ကင်းမဲ့လာတာကို သူ့ဘာသာသူ ပျော်နေတတ်ပါတယ်။ (၁၀) လသား ကလေးဟာ သူ့ဟာသူ လမ်းလျှောက်နိုင်လာပြီး စကားလည်း အလွယ်တကူ ပြောလာနိုင်ပါတယ်။ ကလေးရဲ့ သဘောသဘာဝ အကြောင်းကိုဒီအချိန်မှာ နားလည်လာမှာပါ။

 ခနာကိုယ်ဖွံ့ဖြိုးတိုးတက်မှု

ဒီအဆင့်မှာလည်း ကလေးရဲ့ ကြီးထွားမှုအပိုင်းမှာ အလေးချိန်က အရပ်ထက် ပိုအရေးကြီးပါတယ်။ အလေးချိန်ကနေ ကလေးတွေ အာဟာရ ဓာတ်တွေကို ဘယ်လိုကောင်းစွာ စုပ်ယူနိုင်လဲဆိုတာ ပြသလို့ပဲ ဖြစ်ပါတယ်။ အရပ်ကိုတော့ တခြား မျိုးရိုးဗီဇဆိုင်ရာ အချက်တွေနဲ့ ဆုံးဖြတ်ပါတယ်။ WHO က သတ်မှတ်ချက်အရ ၁၀ လအရွယ် ယောက်ျားလေးတွေရဲ့ ပျမ်းမျှ အလေးချိန်ဟာ ၉.၂ ကီလိုဂရမ်နဲ့ ၇၃.၅ စင်တီမီတာ ရှိပြီး မိန်းကလေးအတွက် ၈.၅ ကီလိုဂရမ် နဲ့ ၇၁.၄ စင်တီမီတာ ဖြစ်ပါသည်။

 လှုပ်ရှားနိုင်မှုစွမ်းရည်

ကလေးဟာ ပိုပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားလာပါလိမ့်မည်။ ထိုင်ရာကနေ မတ်တပ်ရပ်နိုင်ပြီး လေးဘက်သွားတာ၊ ဆောင့်ကြောင့်ထိုင်တာတွေလည်း လွယ်လွယ် လုပ်နိုင်တဲ့အပြင် လအနည်းငယ်အတွင်းမှာ စတင် လျှောက်လာနိုင်တော့မှာပါ။ ကလေးရဲ့ တစ်ခုနဲ့တစ်ခု ညှိနှိုင်းလုပ်ဆောင်တတ်တဲ့ စွမ်းရည်လဲ ဒီအရွယ်မှာ ဖွံ့ဖြိုးလာပြီးတော့ သူ့လက်ထဲပစ္စည်းတွေ မြဲမြဲကိုင်ထားနိုင်ပါပြီ။ အရုပ်နှစ်ရုပ်နဲ့ တစ်ခါတည်း ကစားနေတာမျိုး တွေ့ရမှာပါ။ ၁၀လသား ကလေးနဲ့ ခွက်တွေထပ်တဲ့ကစားနည်း ကစားတာဟာ သူ့ရဲ့ လှုပ်ရှားနိုင်မှုစွမ်းရည်ကို ကောင်းစွာ ဖွံ့ဖြိုးစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။

 

ဆက်သွယ်ခြင်း

တချို့ကလေးတွေက စကားလုံးတချို့ ပြောနေပြီဖြစ်ပေမယ့် တချို့တွေက သူတို့ ပိုယုံကြည်ချက်ရှိလာဖို့ စောင့်နေတုန်းပါ။ ပထမဆုံး စကားပြောတဲ့ အရွယ်ဟာ ၁၀-၁၁ လ ဝန်းကျင်ဖြစ်တယ်လို့ လေ့လာချက်တွေက ဖော်ပြထားပါတယ်။ မေမေတွေအတွက် စိတ်ရှုပ်စရာ ဖြစ်စေမှာကတော့ ဖေဖေလို့ အများအားဖြင့် စတင်ခေါ်လေ့ရှိပါတယ်။

သင့်ကလေးက အသံတွေ သင့်ရဲ့အာရုံစိုက်မှုရအောင် အမူအရာတွေ လိုက်တုတဲ့အပြင် သင်တံခါးဆီသွားရင်တောင့် တာ့တာ ပြတတ်နေပါပြီ။ သင်သူ့ကို ပြောသမျှစကား တော်တော်များများကို နားလည်နေပြီး ဘောလုံးကို ဒီဘက်ပြန်ပေးပါ ဆိုတဲ့ ရိုးရှင်းတဲ့ စကားတွေကို မပြောနိုင်သေးပေမယ့် နားလည်နေပါပြီင်္။

 ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု

သင့်ကလေးရဲ့ မှတ်ဥာဏ်ဟာ တဖြည်းဖြည်း ပိုကောင်းလာပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်က နေ့တိုင်းဟာ အသစ်တွေ ဖြစ်နေပေမယ့် ခုချိန်မှာ ရင်းနှီးတဲ့ မျက်နှာတွေကို မှတ်မိနေပါပြီ။ မမြင်ရတာကြာတဲ့ ဆွေမျိုးတွေနဲ့ အရုပ်တွေကို  မှတ်မိတဲ့ အပြင် သင်သွားတဲ့လမ်းကို ကြည့်ပြီး သူ့ကို ပန်းခြံခေါ်သွားနေတယ် ဆိုတာပါ ခန့်မှန်းနိုင်ပါတယ်။

အမူအကျင့်

ကလေးက အခုဆိုရင် သင်က အပြင်ခဏသွားပြီး ပြန်လာမယ်ဆိုတာ သိတဲ့အတွက် သင်မရှိတဲ့ အချိန်မှာ တခြားလူတွေနဲ့ နေရတာ သက်တောင့်သက်သာဖြစ်လာပြီး သူစိမ်းတွေကို ကြောက်တတ်တဲ့ အခြေအနေလည်း လျော့နည်းလာပါတယ်။

ဆယ်လအရွယ် ကလေးငယ်ကို ဂရုစိုက်ဖို့ အကြံကောင်းများ

  • သွားထွက်လို့ နာတာကို ဂရုစိုက်ပါ။ တချို့ကလေးတွေအတွက် သွားထွက်တဲ့အချိန် နာတာက ဆိုးရွားပြီး ညဘက်တွေဆို  အိပ်ရာကတောင် လန့်နိုးတတ်ပါတယ်။ နာလို့ငိုရင် ကျောကုန်းပွတ်ပေးတာ ဖြစ်ဖြစ် သီချင်း ဆိုပြတာဖြစ်ဖြစ် လုပ်ပြီး ပြန်အိပ်ပျော်ပါစေ။ သင်ဘယ်လိုလုပ်လုပ် နာတာမကျဘူးဆိုရင် ကလေးဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါ။
  • ခွဲခွာရလို့ စိတ်ပူတာကို နှစ်သိမ့်ပါ။ ။ ကလေးကို သူရင်းနှီးတဲ့သူတွေနဲ့ ထားခဲ့ခြင်းဖြင့် ခွဲခွာမှုဒဏ်ကို ခံနိုင်ရည် ရှိအောင် လုပ်ပေးပါ။ ဒါပေမယ့် ဒီလိုလုပ်တဲ့အခါ သေချာဂရုစိုက်လုပ်ပြီး သူဖျားတဲ့အခါ ပင်ပန်းတဲ့အခါတွေမှာ မလုပ်ပါနဲ့။
  • သင့်တော်တဲ့အရုပ်တွေရွေးပါ။ ။သူလေ့လာသင်ယူရာမှာ ကူညီပေးနိုင်မယ့် သင်ကြားထောက်ကူအရုပ်မျိုး ဝယ်ပေးပါ။ အရုပ်ကြီးတွေကလည်း သူ့ရဲ့ကြွက်သားတွေ သန်မာဖို့ အထောက်အကူပြုလို့ ဝယ်ပေးသင့်ပါတယ်။
Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles