အစပိုင်းမှာတစ်လသားအရွယ်ကလေးငယ်ဟာ အိပ်၊ စား၊ ငိုတာနဲ့ ရှုရှုးပေါက်ချ၊ အီအီးပါချတာကလွဲလို့ ဘာမှ မလုပ်ဘူးလို့ ထင်ရပါလိမ့်မယ်။ ဒါပေမယ့် ပထမတစ်လကုန်တဲ့အချိန်မှာ ကလေးဟာပိုပြီးနိုးကြားလာတဲ့အပြင် တစ်ခါတလေ တုံ့ပြန်ချက်တွေပေးလာတာ ကိုလည်းတွေ့ရမှာပါ။ တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေကို ညင်ညင် သာသာလှုပ်ရှားပြီး ပါးစပ်ထဲလက်ထည့်တာလိုမျိုး အစိတ်အပိုင်းတွေအချင်းချင်း ညှိနှိုင်းလုပ်ဆောင်တာမျိုးတွေ ပြုလုပ် လာပါလိမ့်မယ်။ စကားပြောတဲ့အခါ နားထောင်နေတာ၊ ချီထားတဲ့အခါ ကြည့်နေတာနဲ့ သင့်ကိုတုံ့ပြန်တာ ဒါမှမဟုတ် သူ့ကိုအာရုံထားအောင် သူ့ခန္ဓာကိုယ်လေးကို လှုပ်ရှားပြတာတွေကို တဖြည်းဖြည်းတွေ့ရပါလိမ့်မယ်။
ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု
လူ့ဘဝရဲ့ပထမရက်ပိုင်းအနည်းငယ်မှာ ကလေးကိုယ်အလေးချိန် လျော့နည်းသွားရင် စိတ်မပူပါနဲ့။ ကလေးတွေဟာ ခန္ဓာကိုယ်ထဲမှာ ကိုယ်တွင်းအရည်ပိုတွေနဲ့ မွေးဖွားလာပြီး သူတို့နေသားကျပြီး မဖွံ့ဖြိုးခင်မှာ မွေးဖွားတုန်းက အလေးချိန်ရဲ့ ၁၀%ခန့် လျော့ကျသွားပါတယ်။ နှစ်ပတ်လောက်ကြာတဲ့အခါ သူတို့မွေးဖွားစဉ် အလေးချိန်အတိုင်း ပြန်ရှိသင့်ပြီး ပထမလအတွင်းမှာတော့ တစ်နေ့ကို ၁၅-၃၀ ဂရမ်လောက် အလေးချိန် မြန်မြန်တက်လာပါလိမ့်မယ်။
ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု
မွေးကင်းစကလေးငယ်တစ်ဦးရဲ့ အာရုံကြောစနစ်က ဖွံ့ဖြိုးနေဆဲဖြစ်ပေမယ့် သူတို့ရဲ့ပထမလအတွင်းမှာ အများကြီး မှတ်သားသင်ယူနိုင်ပါတယ်။ လက်ချောင်းတွေ၊ ခြေချောင်းလေးတွေ စုပ်တာလိုမျိုး တုံ့ပြန်မှုလေးတွေလုပ်တာကို တွေ့ရ ပါမယ်။ မွေးဖွားပြီးမကြာခင်မှာပဲ နို့စို့တဲ့အခါ မိခင်ရဲ့ရင်သားဒါမှမဟုတ် နို့သီးခေါင်းကို ဆုပ်ကိုင်လာနိုင်တာ၊ ကလေးရဲ့ လက်ဖဝါးလေးထဲ သင့်လက်ချောင်းထည့်တဲ့အခါ ဆုပ်ကိုင်ထားတာမျိုး သင်တွေ့မြင်ရမှာပါ။
သားအိမ်ထဲမှာရှိနေခဲ့တုန်းက ဖွံ့ဖြိုးမှုတွေအများကြီး ဖြစ်ခဲ့ပြီးတာကြောင့် သင့်ကလေးရဲ့ အကြားစွမ်းရည်က နိုးကြားနေပြီး အခုဆို ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပါတယ်။ အသံကြားရာဘက်ကို ခေါင်းလေးလှည့်လှည့် ကြည့်တတ်တာမျိုး စပြီး လုပ်ပါလိမ့်မည်။ မွေးကင်းစမှာတော့ အမြင်အာရုံပိုင်း ဝေဝါးနေနိုင်ပေမယ့် တစ်လအတွင်းမှာပဲ ပိုကောင်းကောင်း အာရုံစိုက်လာနိုင်ပါတယ်။ ၃၀ စင်တီမီတာ ထက်ပိုပြီးတော့ ဝေးဝေးကို မမြင်နိုင်သေးတဲ့အတွက် သင့်ကလေးကို ပြုံးပြတဲ့ အခါနီးနီးကပ်ကပ်ပြုံးပြပါ။ ဒီအရွယ်မှာသူတို့အတွက် အရုပ်တွေအားလုံးဟာ အဖြူနဲ့အမည်းပါပဲ။ ဆိုလိုတာက သူတို့ အရောင်တွေကို မမြင်ရတာမဟုတ်ပါဘူး ဒါပေမယ့် အရောင်ရင့်တွေကို ရွေးချယ်ရတာ သူတို့အတွက်ပိုလွယ်ကူလို့ပါ။
လှုပ်ရှားနိုင်မှုစွမ်းရည်
ကလေးငယ်တွေ ဒီကာလမှာထိတ်လန့်တဲ့အခါ ခြေတွေ၊လက်တွေကို မြန်မြန်ဆန့်ကားပြီး မြန်မြန်ပြန်ရုတ်သိမ်းတာမျိုး တွေ့ရပါလိမ့်မယ်။ ဒါကို Moro Reflex လို့ခေါ်ပြီး တစ်လသားအရွယ်မှာပဲ ကလေးတွေဟာ လမ်းလျှောက်ကြည့်ဖို့စိတ်အား ထက်သန်ပါတယ်။ မွေးကင်းစကလေးရဲ့ ကိုယ်ကိုထိန်းပေးပြီး ခြေထောက်လေးတွေကို မြေကြီးပေါ် ထိတွေ့ပေးရင် ခြေလှမ်းလှမ်းသလိုမျိုးလေးတွေ လုပ်တာကိုတွေ့ရပါမယ်။
မှောက်လျက်နေတဲ့အခါ ခေါင်းကိုလှည့်နိုင်ပေမယ့် တည့်တည့်နေတဲ့အခါ ဦးခေါင်းကိုထိန်းထားပေးနိုင်တဲ့ လည်ပင်း ထောက်ခံအား မရှိသေးပါဘူး။ အဲဒီအတွက်ကြောင့် ကလေးကိုချီမတဲ့အခါတိုင်း ခေါင်းအောက်မှာ လက်တစ်ဖက်ခံပြီး ထိန်းပေးဖို့ မမေ့ပါနဲ့။
ဆက်သွယ်ခြင်း
တစ်လသားအရွယ်ကလေးရဲ့ တစ်ခုတည်းသော ဆက်သွယ်တဲ့ပုံစံကတော့ ငိုကြွေးတာပဲဖြစ်ပါတယ်။ တစ်နေ့ကို ၃ နာရီ လောက်ငိုနိုင်ပြီး သူတို့ငိုရတာဟာ “သားဗိုက်ဆာနေပြီ-နို့တိုက်ပါ” ၊ “သားရဲ့သေးခံစိုရွဲနေပြီ” ဒါမှမဟုတ် “သားသားအရမ်း ပင်ပန်းနေပြီ” စတဲ့အကြောင်းတွေကို ပြောပြတာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာသင့်အနေနဲ့ အဲဒီငိုတာတွေကို ခွဲခြား နားလည်သွားပြီး ကလေးငယ်ကိုချော့ဖို့ အကောင်းဆုံးနည်းလမ်းတွေ တွေ့သွားမှာပါ။ (ဥပမာ- ကလေးကိုပွေ့ချီပြီး လွှဲပေးတာမျိုး)။ အရမ်းငိုလွန်းတယ်ဆိုရင်တော့ ကလေးငယ်တွေဆီမှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုခု ရှိနေနိုင် တာကြောင့် ကလေးကို ချော့မြူနှစ်သိမ့်လို့မရရင် ဆရာဝန်ဆီသွားပြတာ အကောင်းဆုံးပါပဲ။
ကလေးငယ် ပထမဆုံးလမှာ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုကူညီမလဲ
- ရင်သွေးငယ်နဲ့အတူ မျက်လုံးချင်းဆုံပြီး စကားလေးတွေ တီတီတာတာပြောပေးပါ။ သူတို့က သင့်စကားလုံး တွေကို နားမလည်နိုင်ပေမယ့် သင့်အသံက သူတို့ကိုနှစ်သိမ့်ပေးပြီး သူတို့ရဲ့ဘာသာစကား ကျွမ်းကျင်မှုကိုလည်း အစပြုပေးသလို ဖြစ်စေပါတယ်။
- ခလောက်လိုမျိုး အရောင်တောက်ပပြီး ဆူညံသံပေးတဲ့ အရုပ်မျိုးရွေးချယ်ပြီး(အလေးချိန်ပေါ့တဲ့) သူတို့မျက်လုံး ရှေ့လှုပ်ပြ ဆော့ကစားပြခြင်းဖြင့် သူတို့မျက်လုံးလေးတွေ လိုက်ကြည့်အောင် လုပ်နိုင်ပါတယ်။
- မှန်ဖြင့်ကစားနည်း – သင့်ကလေးကို မှန်ရှေ့မှာချီထားကာ မျက်နှာအမူအရာအမျိုးမျိုး လုပ်ပြပြီး အသံမျိုးစုံလည်း ထွက်ပြပါ။ သူတို့ဘယ်လိုတုံ့ပြန်လဲဆိုတာ စောင့်ကြည့်တဲ့အခါ တစ်ခါတလေ သင့်ကိုအတုယူဖို့ ကြိုးစားတာကို တောင်တွေ့ရလိမ့်မယ်။
Comments