ကလေးငယ်အတွက် ဘယ်အချိန်တည်းက ဘဏ်မှာ ပိုက်ဆံစုထားပေးသင့်လဲ

by: Nang Htwe
 0 comments  8 love

မနိုင်ဝန်ထမ်းပြီး စုတာမျိုး မပြုလုပ်သင့်ပါ။ ကိုယ့်ဘက်က အဆင်ပြေနိုင်တဲ့ ပမာဏတစ်ခုထည့်သင့်ပါတယ်။

ကလေးငယ်က အရွယ်ငယ်လွန်းသေးတာကြောင့် အခုချိန်မှာ ကိုယ်ပိုင်ဘဏ်အကောင့်တစ်ခု ဖွင့်ပေးဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူးနော်။ ဒီတော့ မေမေတို့နာမည်နဲ့ပဲ ကလေးငယ်အတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးထားရမှာပါ။ ကလေးငယ်အတွက် ဘာကြောင့် မေမေတို့ ပိုက်ဆံစုပေးသင့်တာလဲ။ ကလေးငယ်က တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပါတယ်။ အရွယ်ရောက်လာလေလေ ကုန်ကျစရိတ်တွေကလည်း များလာပါတယ်။ အဓိက ကုန်ကျစရိတ်အများဆုံးကတော့ ပညာရေးနဲ့ ကျန်းမာရေးပါ။ သားသားမီးမီးလေးတွေက ပညာရေးထူးချွန်တယ်ဆိုရင် အဆင့်မြင့်တက္ကသိုလ်တွေ တက်ရောက်ရမှာပါ။ နိုင်ငံခြားကို ကျောင်းသွားတတ်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒီအခါမှာ ငွေကြေးလိုအပ်လာပါပြီ။ မေမေတို့ဘက်က ငွေကြေးအခက်အခဲရှိနေတယ်ဆိုရင် ကလေးငယ်ရဲ့ ပညာသင်ကြားနိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ကလေးငယ်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုမဖြစ်အောင် ဒီအရွယ်ကတည်းက ကလေးငယ်အတွက် ပိုက်ဆံစုပေးသင့်ပါတယ်။

ဘာကြောင် ဘဏ်မှာစုသင့်တာလဲ

အိမ်မှာပိုက်ဆံစုတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် သုံးမိတာတွေ၊ ပျက်ပြယ်တာတွေ ကြုံရနိုင်ပါတယ်။ ဘဏ်မှာစုပေးတာက ဒီပြဿနာတွေ အလွန်နည်းသွားစေပါတယ်။ ဒါကြောင့် ကလေးငယ်အတွက် အခုအရွယ်ကတည်းက ဘဏ်အကောင့်တစ်ခုဖွင့်ပြီး ပိုက်ဆံ စ စုလိုက်ပါ။ တစ်လကို ပိုက်ဆံဘယ်လောက်စုရမယ်ဆိုတာ မေမေတို့ရဲ့ မိသားစုဝင်ငွေပေါ်မှာ မူတည်နေပါတယ်။ အနည်းဆုံး (၃)သောင်း ဒါမှမဟုတ် (၅)သောင်းကနေ စနိုင်ပါတယ်။ မနိုင်ဝန်ထမ်းပြီး စုတာမျိုး မပြုလုပ်သင့်ပါ။ ကိုယ့်ဘက်က အဆင်ပြေနိုင်တဲ့ ပမာဏတစ်ခုထည့်သင့်ပါတယ်။

ဘယ်အချိန်မှာ ပြန်အသုံးချမလဲ

ကလေးငယ်အတွက်စုထားတဲ့ ပိုက်ဆံကို သူတို့လေးတွေရဲ့ ဘယ်အသက်အရွယ်မှာ ထုတ်သုံးခွင့်ပြုသင့်လဲ။ ကလေးငယ် တက္ကသိုလ်တက်ချိန် ဒါမှမဟုတ် အသက်(၁၈)နှစ်မှာ စတင်ထုတ်ယူနိုင်ပါပြီ။ ဒီလိုစုထားပေးခြင်းဖြင့် ကလေးငယ်ရဲ့ ပညာရေးစိတ်အေးရသလို ငွေကြေးအနည်းငယ်အကျပ်အတည်းကြုံရလာရင်တောင်မှ ကလေးငယ်ရဲ့ ပညာရေးမထိခိုက်တော့ပါဘူး။ အကယ်လို့ ကလေးငယ်က ကျောင်းပညာရေးထက် ပြင်ပက အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်တစ်ခုခုကို သင်ယူမယ်ဆိုရင်လည်း ဒီစုထားတဲ့ ငွေကြေးနဲ့ အသုံးပြုနိုင်ပါတယ်။ အသက်မွေးဝမ်းကြောင်းပညာရပ်အပြင် အလုပ်လုပ်ဖို့အတွက် အရင်းအနှီးကိုလည်း ထုတ်ပေးနိုင်ပါတယ်။

သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက် မေမေတို့အနေနဲ့ အခုချိန်မှာကတည်းက ဘဏ်အကောင့်တစ်ခု သီးသန့်ဖွင့်ထားပြီး ပိုက်ဆံစုပေးထားသင့်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles