ခေတ်ရေစီးကြောင်းပြောင်းလဲလာတဲ့ထဲမှာ စျေးဝယ်တဲ့ ပုံစံလည်း ပါလာပါတယ်။ အရင်တုန်းက မေမေတို့ အသီးအနှံ၊ အသားငါး၊ အသုံးအဆောင်ပစ္စည်းနဲ့ အထည်တွေကို စျေးမှာပဲ ကိုယ်တိုင်ရွေးချယ်ဝယ်ရပါတယ်။ အခုနောက်ပိုင်း မိုဘိုင်းဖုန်းတွေ၊ အင်တာနက်တွေ အလွယ်တကူပေါများလာတဲ့အခါ အွန်လိုင်းပေါ်ကနေ စျေးဝယ်တာ ပြောင်းလဲလာပါတယ်။ လိုချင်တာကို ဖုန်းသုံးပြီး မှာလိုက်ရုံနဲ့ အိမ်ရှေ့ထိ အရောက်ပို့ဆောင်ပေးပါတယ်။ အွန်လိုင်းပေါ်မှာ စျေးဝယ်ခြင်းကလည်း အားသာချက်၊ အားနည်းချက် ရှိပါတယ်။

ခေတ်ရေစီးကြောင်းပြောင်းလဲလာတဲ့ထဲမှာ စျေးဝယ်တဲ့ ပုံစံလည်း ပါလာပါတယ် (Photo by Food and Web )
တိတိကျကျသိခြင်း
ကိုယ်က ပစ္စည်းတစ်ခုကို ဝယ်တော့မယ်ဆိုရင် အဲဒီပစ္စည်းရဲ့ အသေးစိတ်အချက်အလက်ကို သေသေချာချာ ဖတ်ခွင့်ရပါမယ်။ အသုံးပြုနည်း၊ ပါဝင်ပစ္စည်းများ၊ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း တိတိကျကျသိရပါတယ်။
စျေးသက်သာခြင်း
ကုမ္မဏီ ဒါမှမဟုတ် လက်ကားဖြန့်ချီသူတွေထံ တိုက်ရိုက်ဝယ်ခွင့်ရလို့ စျေးချိုချိုနဲ့ ရပါတယ်။
ရွေးချယ်မှုများ
ရွေးချယ်စရာ ပစ္စည်းတွေ အများကြီးရှိလို့ ကိုယ့်စိတ်ကြိုက် ကြည့်လို့ရပါတယ်။ အသစ်ထွက်တဲ့ ပစ္စည်းတွေကိုလည်း ချက်ချင်း ဝယ်ယူနိုင်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။
လက်ဆောင်
အကယ်လို့ မေမေတို့က ဆွေမျိုး၊ အသိတွေထဲက တစ်ယောက်ယောက်ကို လက်ဆောင်ပေးချင်လည်း အွန်လိုင်းကနေ ဆိုရင် အလွန်လွယ်ကူပါတယ်။ မေမေတို့က ပေးချင်တဲ့ပစ္စည်းကို ရွေးချယ်ပြီး mobile banking ဒါမှမဟုတ် pay နဲ့ ငွေချေပါ။ နောက်ပြီး ကိုယ်ပေးချင်တဲ့ လိပ်စာကိုထည့်ပေးလိုက်ပါ။

အကယ်လို့ မေမေတို့က ဆွေမျိုး၊ အသိတွေထဲက တစ်ယောက်ယောက်ကို လက်ဆောင်ပေးချင်လည်း အွန်လိုင်းကနေ ဆိုရင် အလွန်လွယ်ကူပါတယ် (Photo by Freepik)
ထိန်းချုပ်
အပြင်မှာ စျေးဝယ်တဲ့အခါ မထင်မှတ်ပဲ အများကြီးဝယ်လာတတ်ပါတယ်။ အွန်လိုင်းကနေဝယ်မယ်ဆိုရင်တော့ ဒီပြဿနာ နည်းပါတယ်။ ဘာလို့လဲဆိုတော့ အွန်လိုင်းမှာ ကိုယ်လိုချင်တာကို မဝယ်သေးဘဲ သိမ်းထားလို့ရနိုင်တာကြောင့်ပါ။ လိုအပ်မှ ကောက်ဝယ်လို့ ရတာ အားသာချက်တစ်ခုပါ။
နှိုင်းယှဉ်
အွန်လိုင်းပေါ်ကနေ စျေးဝယ်တာက ပစ္စည်းချင်း၊ ဆိုင်ခြင်း စျေးယှဉ်ပြီး ချိုတဲ့ဆိုင် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
ဖိအား
အပြင်မှာဆို အားနာလို့၊ မဝယ်မဖြစ်လို့ စတဲ့ အခက်အခဲမျိုးစုံနဲ့ ဝယ်လာမိတတ်ပါတယ်။ အွန်လိုင်းပေါ်က ဝယ်မယ်ဆိုရင် အဲဒီလိုမျိုးတွေ မကြုံရတော့ပါဘူး။
စျေးချိုချို
လက်ကျန်ပစ္စည်းလေးတွေ၊ အနာအနည်းငယ်ပါတဲ့ ပစ္စည်းတွေကို စျေးချိုချိုနဲ့ ဝယ်ယူလို့ရနိုင်ပါတယ်။ အဲဒါကလည်း အွန်လိုင်းကနေဝယ်တဲ့ အားသာချက်တစ်ခုပါ။
အွန်လိုင်းရှော့ပင်း(online shopping) ဆိုးကျိုးမျာ
ယနေ့ အွန်လိုင်းကနေ စျေးဝယ်တာက ကမ္ဘာတစ်ဝှမ်းရှိ လူအများအတွက် ပျော်စရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ အင်တာနက်ကြောင့် စျေးဝယ်တဲ့ ပုံစံပြောင်းလဲလာပြီး မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ အွန်လိုင်းကနေ စျေးဝယ်နှုန်း တိုးနေပါတယ်။ အခုတစ်ပတ်မှာတော့ အွန်လိုင်းကနေ စျေးဝယ်ခြင်းရဲ့ ဆိုးကျိုးတွေကို ပြောပြပေးပါ့မယ်။
ဆိုးကျိုးများ
အချိန်ကုန်ခြင်း
မေမေတို့လည်း သတိထားမိမှာပါ။ အွန်လိုင်းပေါ် တတ်တဲ့အခါ အချိန်တွေ အလွန်ကုန်မြန်တဲ့အကြောင်းပါ။ ဘာမှမလုပ်ဖြစ်ဘဲ ဒီလိုမျိုး ပစ္စည်းတွေလျှောက်ကြည့်တာ၊ ဝယ်နေတာနဲ့ပဲ ကုန်လွန်သွားပါတယ်။
လိုချင်မှုများလာခြင်း
အွန်လိုင်းမှာ စျေးရောင်းသူတွေ များလာတာကြောင့် သူ့ထက်ငါအပြိုင်အဆိုင် ကြော်ငြာလာကြပါတယ်။ ဒီတော့ မေမေတို့လည်း လိုချင်တာတွေ တန်းစီလာပါတယ်။ ပိုက်ဆံအပိုကုန်လာပါတယ်။
အရည်အသွေး
ကိုယ်တိုင်ကိုယ်ကျ ကိုင်ကြည့်ပြီး ဝယ်တာမဟုတ်လို့ ရောက်လာတဲ့အခါ ပစ္စည်းအညံ့တွေဖြစ်တတ်ပါတယ်။ ဒါကလည်း အွန်လိုင်းကနေ စျေးဝယ်ခြင်းရဲ့ အားနည်းချက်တစ်ခုပါ။
အမ်းငွေပြဿနာ
ပစ္စည်းကြိုမှာရတဲ့အခါ ပိုက်ဆံကြိုလွဲရပါတယ်။ တခါတလေ ပစ္စည်း cancel လုပ်တဲ့အခါ ကိုယ့်စီပိုက်ဆံပြန်ဝင်ဖို့ ကြန့်ကြာပါတယ်။
နှေးကွေး
ပစ္စည်းမှာမှာပြီးချင်း ချက်ချင်းလာမပို့တာ၊ တစ်ပတ် ဒါမှမဟုတ် တစ်လတိတိစောင့်ရတာ စတဲ့ ကြာချိန်ပြဿနာတွေ ရှိတတ်ပါတယ်။
ထပ်မံကုန်ကျစရိတ်
အွန်လိုင်းမှာ ပစ္စည်းဝယ်တာက တကယ်တမ်းတော့ မလွယ်လှပါဘူး။ ပစ္စည်းဖိုးအပြင် သယ်ယူပို့ဆောင်ခ (deli) ခပါ ထပ်ပေးရပါတယ်။ နေရာအကွာအဝေးနဲ့ ပစ္စည်းအလေးချိန်ပေါ်မူတည်ပြီး ပို့ခ အနည်းအများ ကွာာခြားပါမယ်။
အွန်လိုင်းခ
အွန်လိုင်းကနေ ပိုက်ဆံပေးချေရလို့ ဘဏ်ကို service ကြေးပေးရပါတယ်။ တစ်ခါနှစ်ခါဆိုရင် မသိသာပေမယ့် ခဏခဏဆိုရင်တော့ ထိလာနိုင်ပါတယ်။
စျေးမတူခြင်း
အွန်လိုင်းရဲ့ ကွဲပြားချက်က ပစ္စည်းပုံစံ တူတယ်ဆိုရင် ဆိုင်ရဲ့ အခင်းအကျင်း၊ နိုင်ငံ၊ မြို့နယ် ပေါ်မူတည်ပြီး အနည်းအများ စျေးကွာခြားနိုင်ပါတယ်။ ကိုယ်ကဒီဆိုင်မှာဝယ်ပြီး နောက်ဆိုင်ကစျေးချိုနေရင် မေမေတို့ စိတ်မကောင်းဖြစ်ရပါတယ်။
အွန်လိုင်းကနေ ဟင်းသီးဟင်းရွက်၊ အသားငါး ဝယ်သင့်လား
မေမေတို့ရေ အခုလို အိမ်မှာနေရတဲ့အချိန် နေ့စဥ်ထမင်းဟင်းအတွက် အသားငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက် အတွက် အွန်လိုင်းကနေ မှာယူလာကြပါတယ်။ စျေးသွားဖို့ အခက်အခဲတွေ ရှိနေတာနဲ့အမျှ မေမေတို့ အွန်လိုင်းကနေ မှာတာ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်လာပါတယ်။ အခု Kalay ကနေ ဟင်းသီးဟင်းရွက်၊ အသားငါး၊ အသီးအနှံတွေ အွန်လိုင်းက ဝယ်ယူခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးပါ့မယ်။
စိတ်ချရခြင်း
အခုလို covid-19 ဖြစ်ပွားနေချိန် မေမေတို့အနေနဲ့ စျေးခဏခဏ သွားဖို့ ခက်ပါတယ်။ စျေးဆိုတာ လူတွေအများဆုံး လာတဲ့နေရာဖြစ်လို့ အချိန်မရွေးရောဂါကူးလာနိုင်ပါတယ်။ ဒါကြောင့် အွန်လိုင်းကနေ စျေးဝယ်တာ ဒီပြဿနာနည်းသွားစေပါတယ်။ တခုတော့ သတိထားရပါမယ်။ လာပို့တဲ့အခါ လုံခြုံမှုရှိအောင် ဆောင်ရွက်ပါ။ ပစ္စည်းထည့်လာတဲ့ ကျွတ်ကျွတ်အိတ်ကို ချက်ချင်းလွင့်ပစ်ပါ။ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကို ချက်ချင်းဆေးကြောပါ။ မေမေတို့ကလည်း လက်ကို ဆပ်ပြာနဲ့ဆေးပါ။ ပစ္စည်းဆင်းယူတဲ့အခါ mask တပ်ပါ။ ပြီးရင် လက်ဆေးပါ။
အချိန်မကုန်ခြင်း
စျေးဝယ်တာက တကယ်တမ်းတော့ အချိန်တော်တော်ကုန်ပါတယ်။ မေမေတို့စျေးသွားရင် အနည်းဆုံး (၂)နာရီကနေ (၃)နာရီထိတော့ ကြာပါတယ်။ အွန်လိုင်းကနေ စျေးဝယ်တာက ဒီလိုအချိန်ကုန်တဲ့ပြဿနာ နည်းသွားပါတယ်။
စျေးရောင်းသူ
အကယ်လို့ အွန်လိုင်းပေါ်ကနေ အိမ်ရှင်မတွေ စျေးဝယ်လာကြပြီဆိုရင် စျေးရောင်းသူတွေ ပေါ်လာပါလိမ့်မယ်။ အလုပ်အကိုင်အခွင့်အရေးအသစ်တွေ ရရှိစေပါတယ်။ အွန်လိုင်းကနေ ဘယ်မြို့မဆို လှမ်းဝယ်လို့ရပါတယ်။ ဒီတော့ ဒေသထွက်ကုန်တွေ တိုက်ရိုက်ရောင်းချခွင့်ရလာကြပါတယ်။ အရင်တုန်းကလို ပွဲရုံ၊ ပွဲစား အဆင့်ဆင့် သွားရောင်းစရာ မလိုတော့ပါဘူး။
စာရင်း
မေမေတို့ရေ အွန်လိုင်းက စျေးဝယ်တဲ့ အကျိုးကျေးဇူးတစ်ခုက အရင်ကဘာတွေဝယ်ခဲ့တယ်၊ ဘယ်စျေးနဲ့ရခဲ့တယ်ဆိုတာ အချိန်မရွေးသိနိုင်ပါတယ်။
အပိုကုန်
အွန်လိုင်းကနေ စျေးဝယ်တဲ့ အားသာချက်က အပိုကုန်ကျစရိတ် နည်းတာပါ။ အပြင်ထွက်စျေးဝယ်တဲ့အခါ လိုလိုမလိုလို ဝယ်လာခဲ့တာ၊ အားနာလို့ ယူရတာ၊ ပိုက်ဆံအမ်းစရာမရှိလို့ ယူလာခဲ့တာ စတဲ့ပြဿနာတွေ နည်းသွားပါတယ်။
အွန်လိုင်းကနေ စျေးဝယ်တာ ကောင်းတာရော၊ ဆိုးတာရောရှိပါတယ်။
Comments