ကလေးနေမကောင်းတဲ့အခါတိုင်း မေမေတို့ အလုပ်ကနေ ခွင့်ယူနေရလား

by: Nang Htwe
 0 comments  0 love

ကလေးက ရာသီအပြောင်းမလဲတွေမှာ မကြာခဏ နေမကောင်းဖြစ်တယ်ဆိုရင်တော့ မေမေတို့ ခွင့်ခဏခဏယူဖို့ အခက်အခဲဖြစ်လာပါတယ်

အလုပ်တစ်ဖက်နဲ့ မေမေတွေမှာ တခြားသူတွေနဲ့ မတူတဲ့ အခက်အခဲတွေအများကြီးရှိနေပါတယ်။ ကလေးနေမကောင်းတဲ့အခါ မေမေတို့မှာ အလုပ်ကနေ ခွင့်ယူရတာပါ။ ကလေးက ရာသီအပြောင်းမလဲတွေမှာ မကြာခဏ နေမကောင်းဖြစ်တယ်ဆိုရင်တော့ မေမေတို့ ခွင့်ခဏခဏယူဖို့ အခက်အခဲဖြစ်လာပါတယ်။

လုပ်ငန်းခွင်မှာလည်း မေမေတို့ခွင့်ယူတာများတဲ့အခါ အကျပ်အတည်းလေးတွေ ကြုံလာရပါတယ်။ တာဝန်လစ်ဟင်းတာတွေ များလာနိုင်ပါတယ်။ မိသားစုရပ်တည်ဖို့ လိုအပ်တဲ့ ဝင်ငွေကို မေမေတို့မှာ တာဝန်ရှိနေတယ်ဆိုရင်တော့ အလုပ်ထွက်ပြီး ကလေးငယ်ကို ဂရုစိုက်ဖို့ မလွယ်လှပါဘူး။ ဒီတော့ ကလေးကိုလည်း ဂရုစိုက်ဖြစ်သလို အလုပ်မှာလည်း မလစ်ဟင်းတဲ့ နည်းလမ်းတွေရှိပါတယ်။

ကလေးက ရာသီအပြောင်းမလဲတွေမှာ မကြာခဏ နေမကောင်းဖြစ်တယ်ဆိုရင်တော့ မေမေတို့ ခွင့်ခဏခဏယူဖို့ အခက်အခဲဖြစ်လာပါတယ် (Photo by Healthline)

(၁) ခွင့်ရက်တွေ စုထားပါ

လုပ်ငန်းခွင်မှာ ဥပဒေအရ ဝန်ထမ်းတွေကို တရားဝင်ပေးထားတဲ့ ခွင့်တွေရှိပါတယ်။ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့် အစရှိတဲ့ ခွင့်ရက်တွေကို စုထားဖို့ပါပဲ။ မလိုအပ်ဘဲ ဒီလိုခွင့်ရက်တွေကို မသုံးပစ်ဖို့ပါ။ ကလေးငယ်ဖျားတဲ့အခါ ဒါမှမဟုတ် မိသားစုအတွက် တစ်ခုခုအရေးကြုံလာတဲ့အခါ ဒီခွင့်ရက်တွေကို အသုံးပြုလို့ရပါတယ်။

(၂) အိမ်မှာယူပြီး အလုပ်လုပ်ပေးပါ

မေမေတို့ အလုပ်က ခွင့်ပြုချက်ရတယ်ဆိုရင် ကလေးငယ်နေမကောင်းတဲ့အခါ အိမ်မှာပဲ ကလေးကိုဂရုစိုက်ရင်း အလုပ်လုပ်ပေးလို့ရပါတယ်။ ဒါကတော့ မေမေတို့ ရွေးချယ်တဲ့ အလုပ်ပေါ်မှာပဲ မူတည်မှာပါ။ နေ့ခင်းဖက် အဆင်မပြေရင် ညဖက်ကလေးအိပ်ချိန်မှာ အလုပ်လုပ်နိုင်ပါတယ်။

(၃) အစားထိုးပြုလုပ်ပေးပါ

ကလေးငယ်က မေမေတို့ရုံးဖွင့်ရက်မှာ နေမကောင်းဖြစ်တယ်ဆိုရင် အဲဒီနေ့ကို မေမေတို့ခွင့်ယူလိုက်ပြီး ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေနေ့တွေမှာ အစားထိုး ရုံးပြန်တက်ပေးနိုင်ပါတယ်။ ဒါကလည်း ရုံးနဲ့ ညှို့နှိုင်းရမယ့် ကိစ္စတွေပဲဖြစ်ပါတယ်။

မိသားစု ဒါမှမဟုတ် ကလေးငယ် နေမကောင်းတဲ့အခါ မေမေတို့ စိတ်အေးလက်အေး ဂရုစိုက်နိုင်ဖို့ ခွင့်ရက်တွေကို စနစ်တကျ အသုံးပြုပါ (Photo by Complex)

(၄) ရုံးပိတ်ရက် မှာ အိမ်မှာ အလုပ်လုပ်ပါ

ရုံးပိတ်ရက်မှာ ခွင့်ယူထားတဲ့ အလုပ်တွေကို အိမ်မှာ ပြန်ပြီးအစားထိုး ပြုလုပ်ပေးနိုင်ပါတယ်။

(၅) မိတ်ဆွေအကူအညီယူပါ

မေမေတို့ရဲ့ အလုပ်က တခြားတစ်ယောက်ကို လွဲပြီး အကူအညီတောင်းလို့ရတယ်ဆိုရင် ကလေးနေမကောင်းဖြစ်တဲ့အခါ ဌာနထဲက လုပ်ဖော်ကိုင်ဖက်တွေကို လွဲထားခဲ့ပြီး ခွင့်ယူနိုင်ပါတယ်။ သူတို့ခွင့်ယူတဲ့အခါမှာ မေမေတို့ကပြန်ပြီး သူတို့အလုပ်ကိုလုပ်ပေးတာမျိုး အစားထိုးပေးနိုင်ပါတယ်။

(၆) ခွင့်ရက်ပြောင်းလဲပါ

အကယ်လို့ မေမေတို့ရဲ့အလုပ်က တစ်ယောက်နဲ့ တစ်ယောက် ရုံးပိတ်ရက်မတူဘူးဆိုရင် ကလေးနေမကောင်းတဲ့အခါ တစ်ဌာနထဲက လုပ်ဖော်ကိုင်ဖက်နဲ့ ခွင့်ရက်လဲတာမျိုး ပြုလုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ မန်နေဂျာ ဒါမှမဟုတ် ဝန်ထမ်းရေးရာ ဌာနက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပေးပါ။

မိသားစု ဒါမှမဟုတ် ကလေးငယ် နေမကောင်းတဲ့အခါ မေမေတို့ စိတ်အေးလက်အေး ဂရုစိုက်နိုင်ဖို့ ခွင့်ရက်တွေကို စနစ်တကျ အသုံးပြုဖို့ လိုအပ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: JuggleSick Childwork

Comments

0 comments
Latest video
Refer to more useful articles
x