မိုးရာသီက ကိုယ်ဝန်ဆောင်မေမေတွေ အသိထားရမယ့် ရာသီဥတုပါ။ မိုးရာသီက ရာသီဥတုစိုစွတ်ပြီး အပူအအေးပြောင်းလဲလွယ်တာကြောင့် ရောဂါပိုးတွေကူးစက်လွယ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်က သာမန်အချိန်ထက် ကိုယ်ခံအားနည်းတာကြောင့် ရောဂါပိုးတွေ ဝင်ရောက်လွယ်ပါတယ်။ မိုးရာသီမှာ မေမေလောင်းတို့ရဲ့ ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကာကွယ်ရေးတွေ ပြုလုပ်သင့်တာလဲ။

မိုးရာသီက ကိုယ်ဝန်ဆောင်မေမေတွေ အသိထားရမယ့် ရာသီဥတုပါ (Photo by Yvonne Niemann Photography)
မိုးရာသီမှာ မေမေလောင်းတို့ ဂရုစိုက်ရမယ့် အချက်များ
၁။ ရေဓာတ်ခမ်းခြောက်ခြင်း
မိုးရာသီမှာ ရေဓာတ်ခမ်းခြောက်တာက ကိုယ်ဝန်ဆောင်မေမေတို့ကြုံတွေ့နိုင်တဲ့ ပြဿနာတစ်ခုပါ။ နွေရာသီမှာ ရာသီဥတုပူပြင်းပြီး ချွေးထွက်တာကြောင့် ရေကို မကြာခဏ သောက်ပေးကြပါတယ်။ မိုးရာသီမှာတော့ ချွေးထွက်နည်းတာကြောင့် နွေရာသီလောက် ရေမသောက်မကြတော့ပါဘူး။ ဒီအချိန်မှာ သာမန်လူဆိုရင်တော့ ပြဿနာမရှိပေမယ့် ကိုယ်ဝန်ဆောင်ဆိုရင်တော့ ရေဓာတ်ခန်းခြောက်တာကို ခံစားကြရပါတယ်။ ဒါကြောင့် မိုးရာသီမှာ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေများများသောက်ဖို့ စိတ်မပါတဲ့ မေမေလောင်းတွေအနေနဲ့လည်း အုန်းရေနဲ့ အသီးဖျော်ရည်တွေကို သောက်သုံးပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေမှာ ရေဓာတ်ခမ်းခြောက်ပါက ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနဲ့ ပျို့အန်ခြင်းတွေ မကြာခဏ ဖြစ်လာနိုင်ပါတယ်။

မိုးရာသီမှာ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ် (Photo by Shrikhande IVF)
၂။ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာများ
ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ မိုးရာသီမှာ လမ်းပေါ်က အစားအစာတွေ ဝယ်မစားတာ အကောင်းဆုံးပါ။ သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွေက မေမေလောင်းတို့ကို ပြဿနာတွေ ဖြစ်စေပါတယ်။ အထူးသဖြင့် မိုးရာသီမှာ ရောဂါပိုးတွေ ပိုမိုများတာကြောင့် လမ်းဘေးအစားအစာတွေကို ရှောင်ရှားပါ။ မချက်ပြုတ်ရသေးတဲ့ အသား၊ငါးနဲ့ ဥအမျိုးမျိုးတို့ကို မစားမိဖို့ သတိထားပါ။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုလည်း သန့်စင်အောင် ဆေးကြောပေးဖို့ မမေ့ပါနဲ့။ ရေကို ကျိုချက်သောက်သုံးတာက မေမေလောင်းတို့ရဲ့ ကျန်းမာရေးအတွက်အကောင်းဆုံးပါ။
၃။ သတိထားပေးဖို့လိုအပ်
မိုးရာသီအချိန် ကိုယ်ဝန်ဆောင်မေမေတို့ လမ်းလျှောက်တဲ့အခါမှာ ချော်လဲတာတွေ ၊ မှောက်လဲတာတွေနဲ့ မတော်တဆပြဿနာတွေ ဖြစ်ပွားနိုင်ခြေများပါတယ်။ သတိထားပြီး လမ်းလျှောက်ပေးဖို့ မေမေလောင်းတို့ကို သတိပေးလိုက်ပါတယ်။
၎။ တကိုယ်ရည်သန့်ရှင်းရေး
မိုးရာသီမှာ ရောဂါပိုးတွေ ကူးစက်လွယ်တာကြောင့် မေမေလောင်းတို့ နေ့စဉ် ရေမှန်မှန်ချိုးပေးဖို့လိုအပ်ပါတယ်။ လက်သည်းနဲ့ ခြေသည်းတွေကို မှန်မှန်ညှပ်ပေးဖို့လိုအပ်ပါတယ်။ တကိုယ်ရည်သန့်ရှင်းရေး မှန်မှန်ပြုလုပ်ပေးတာက ရောဂါပိုးတွေကူးစက်တာတွေ လျော့နည်းစေပါတယ်။
၅။ အင်းဆက်ပိုးမွှားများ
မိုးရာသီမှာ ခြင်ပေါက်ဖွားနှုန်းမြင့်တက်တာကြောင့် ခြင်အန္တရာယ် ကာကွယ်မှုတွေ ပြုလုပ်သင့်ပါတယ်။ ခြင်၊ ယင်၊ ပိုးဟက် စတဲ့ အင်းဆက်ပိုးမွှားတွေက ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
မိုးရာသီမှာ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ကျန်းမာရေးပြဿနာများ မဖြစ်ပေါ်လာဖို့အတွက် ကြိုတင်ပြင်ဆင် ကာကွယ်မှုတွေ ပြုလုပ်ထားပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
Comments