ကိုယ်ဝန်ရှိတာ မသိလိုက်ပဲ သွေးလှူလိုက်မိတဲ့ မိခင်တစ်ယောက်ရဲ့  စိုးရိမ်မှု

by: Nang Htwe
 0 comments  1 love

သွေးလှူဘဏ်က သွေးကိုလက်ခံကတည်းက ကျန်းမာရေးပြည့်စုံလို့ပါ။ ကျန်းမာရေး မပြည့်စုံရင် သွေးလှူဘဏ်က လက်မခံဘူး။ ကိုယ်ဝန်ရှိချိန်မှာတော့ သွေးမလှူပါနဲ့နော်။

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ သာမန်အချိန်တွေထက် အသွားအလာ အနေအထိုင်ကို သေသေချာချာ ဂရုစိုက်ရပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ ခံစားရနေတဲ့ ပြဿနာ ဒါမှမဟုတ် မရှင်းလင်းတာတွေကို ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။ စိတ်ထဲမှာ မထည့်ထားသင့်ပါဘူး။ တခါတလေမှာ စိတ်အစွဲအလန်းကြောင့် ပြဿနာတွေ ဖြစ်လာစေပါတယ်။ မိသားစုဆရာဝန် ဒါမှမဟုတ် ကိုယ်ဝန်အပ်ထားတဲ့ OG နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဆရာဝန်က လိုအပ်တာကို ညွှန်ကြားပေးနိုင်မှာပါ။ မေမေလောင်းတို့ရေ Kalay.com.mm ကနေ ဦးစီးကျင်းပခဲ့တဲ့ “ကိုယ်ဝန်ဆောင်ချိန် အပြောင်းအလဲကို ဘယ်လိုရင်ဆိုင်မလဲ” ဟောပြောပွဲမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်နဲ့ မေမေလောင်းတို့ရဲ့ အမေးအဖြေတွေကို Kalay ကနေ ဝေမျှပေးသွားမယ်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ ခံစားရနေတဲ့ ပြဿနာ ဒါမှမဟုတ် မရှင်းလင်းတာတွေကို ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ် (Photo by Kalay)

ကိုယ်ဝန်ရှိတာမသိဘဲ သွေးလှူမိခြင်း

အမေး : ကိုယ်ဝန်ရှိတာ မသိဘဲနဲ့ သွေးလှူမိတယ်။ ကိုယ်ဝန်တစ်လျှောက် ပထမလတွေမှာ အစားအသောက်ပျက်တယ်။ ကောင်းကောင်းမစားနိုင်ဘူး။ (၁၇)ပတ်မှာ သွေးပေါင်ခဏခဏ ကျတယ်။ အဲဒါဘယ်လို ဆက်လုပ်ရမလဲ ပြောပြပေးပါရှင့်။

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင် (Photo by Kalay)

အဖြေ :  သွေးပေါင်ချိန်နဲ့ ဟေမိုဂလိုဘင်က မတူဘူး။ သွေးပေါင်ချိန်ဆိုတာ သွေးရဲ့ဖိအားကိုတိုင်းတာ။ တက်တာ၊ ကျတာကို တိုင်းတာ။ သွေးအားနည်းတာနဲ့ မဆိုင်ဘူး။ သွေးအားနည်းတယ်၊ မနည်းဘူးဆိုတာ သွေးကိုဖောက်စစ်မှသိနိုင်တယ်။ သွေးနီဥလေးတွေဘယ်လောက်ရှိတယ်။ သွေးဖြူဥ ဘယ်လောက်ရှိတယ်။ သွေးထဲမှာ အနီဓါတ်က ဘယ်လောက်ရှိတယ်။ အဲဒါလေးတွေကို စစ်ရတာ။ သွေးအားနည်းရင် ဖြူဖျော့ပြီး လက်လေးတွေကလည်း အရောင်မရှိဘူး။ ရင်တွေတုန်တယ်။ မောပန်းတယ်။ သွေးအနီဓါတ်လေးကို စစ်ရတယ်။ သွေးအားနည်းလား၊ မနည်းလားဆိုတာ ဆရာတို့က စစ်ပေးမှာ။ ကိုယ်ဝန်အစောပိုင်းကတော့ အခုလိုပဲ အစားအသောက်တွေ ပျက်တယ်။ အန်တယ်။ ခန္ဓာကိုယ် အလေးချိန်တွေ ကျတတ်တယ်။ အားနည်းတတ်တယ်။ အစားအသောက်က ကောင်းကောင်းမစားနိုင်တော့ သွေးလှူထားလို့ ထင်လာတယ်။ တကယ်တော့ သွေးလှူထားလို့ တစ်ခုခုဖြစ်သွားတယ်ဆိုတာ မရှိပါဘူး။ သွေးလှူဘဏ်က သွေးကိုလက်ခံကတည်းက ကျန်းမာရေးပြည့်စုံလို့ပါ။ ကျန်းမာရေး မပြည့်စုံရင် သွေးလှူဘဏ်က လက်မခံဘူး။ ကိုယ်ဝန်ရှိချိန်မှာတော့ သွေးမလှူပါနဲ့နော်။ တခြားအချိန်မှာတော့ သွေးလှူလို့ရပါတယ်။ သွေးအားကောင်းစေတဲ့ ဆေးတွေ ဆရာဝန်က ပေးမှာပါ။ စိတ်ပူစရာမလိုပါဘူး။

ကိုယ်ဝန်စောပိုင်းမှာ မသိဘဲနဲ့ သွေးလှူလိုက်တဲ့ အတွက် သွေးအားနည်းနေမှာကို စိုးရိမ်နေတဲ့ မိခင်ကိုလည်း ဆရာကြီးက ဘယ်လိုတွေကြောင့် စိုးရိမ်စရာမရှိဘူးဆိုတဲ့ အဖြေကို ပြောပြပေးလိုက်တာကတော့ စိတ်ဝင်စားစရာကောင်းကြောင်း Kalay ကနေ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: answerbloodquestion


Comments

0 comments
Latest video
Refer to more useful articles
x