ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရနိုင်တဲ့ အပူလွန်ကဲခြင်းပြဿနာ(Overheating)

by: Nang Htwe
 0 comments  0 love

ခန္ဓာကိုယ်အပူချိန်မြင့်လာတာ ပုံမှန်ဖြစ်ပါတယ်။ ဗိုက်ထဲက ကလေးလေး ကြီးလာတာနဲ့အမျှ မေမေလောင်းတို့ရဲ့ ခန္ဓာကိုယ်က စွမ်းအင်တွေ ပိုသုံးပေးရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်တွင်း အပူလွန်ကဲခြင်းက သန္ဓေသားအပေါ် ဆိုးကျိုးတွေ သက်ရောက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပူချိန် (၃၉)ဒီဂရီစင်တီဂရိတ် (၁၀၂) ဒီဂရီဖာရင်ဟိုက်နဲ့အထက် အပူချိန် မြင့်တက်နေပြီဆိုရင် သန္ဓေသားအတွက် အန္တရာယ်ရှိနေပါပြီ။ အဖျားတက်တာ၊ ရေဓါတ်ခမ်းခြောက်တာ၊ ပင်ပန်းနွမ်းနယ်တာ လက္ခဏာတစ်ခုခုပြနေရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့ အရေးကြီးတယ်။

ရေသောက် ကိုယ်ဝန်ဆောင် ကိုယ်အပူချိန်လွန်ကဲခြင်း

ရေများများသောက်ပါ။ တစ်ရက် ရေဖန်ခွက်(၈)ခွက်ခန့် သောက်ပါ (Photo by The Voice Of Woman)

ကိုယ်ဝန်ဆောင်ချိန် ဘာကြောင့် အပူမြင့်တက်လာတာလဲ?

ကိုယ်ဝန်ဆောင်ချိန် ခန္ဓာကိုယ်အပူချိန်မြင့်လာတာ ပုံမှန်ဖြစ်ပါတယ်။ ဗိုက်ထဲက ကလေးလေး ကြီးလာတာနဲ့အမျှ မေမေလောင်းတို့ရဲ့ ခန္ဓာကိုယ်က စွမ်းအင်တွေ ပိုသုံးပေးရပါတယ်။ နောက်တစ်ချက်က ပတ်ဝန်းရင် အလွန်ပူလို့လည်း ဖြစ်နိုင်ပါတယ်။ ပူတဲ့နေရာမျိုးမှာ အလုပ်လုပ်ရင်လည်း ကိုယ်အပူချိန် မြင့်နိုင်တာမို့ အလွန်ပူတဲ့နေ့တွေမှာ လှုပ်ရှားသွားလာမှုတွေ အများကြီး မပြုလုပ်ပါနဲ့။

ကိုယ်အပူချိန် အလွန်မြင့်လာရင် ဘာလက္ခဏာတွေပြလဲ?

တခါတလေ ကိုယ်အပူချိန်မြင့်လာပေမယ့်လည်း ပူတယ်လို့ မခံစားရတတ်ဘူး။ အပူလွန်ကဲတဲ့အချိန် ပေါ်လာတဲ့ လက္ခဏာတွေကတော့

  • အသားအရည်ပူလာမယ်။
  • ခေါင်းကိုက်မယ်။
  • ခေါင်းမူးမယ်။
  • ပျို့အန်ချင်လာမယ်။
  • ကြွက်တက်တာ ခံစားရမယ်။
  • ပင်ပန်းနွမ်းနယ်မယ်။
  • ရေဓါတ်ခမ်းခြောက်မယ် (အန္တရာယ်ရှိတဲ့အခြေအနေ)။

ဒီလက္ခဏာတွေ ကြုံတွေ့ရပြီဆိုရင် ဆရာဝန်နဲ့ပြဖို့ လိုအပ်နေပြီ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် ကိုယ်အပူမြင့်?

  • ကိုယ်ဝန်(၃၄)ပတ်ရောက်လာတဲ့အချိန်မှာ သွေးကြောတေါက (၅၀)ရာခိုင်နှုန်းလောက် ကျယ်လာတယ်။ အဲဒီမှာ အသားအရည်မျက်နှာပြင်ပူနွေးလာတာ ခံစားရတယ်။
  • ကိုယ်ဝန်(၈)ပတ်အရောက်မှာ ဗိုက်ဗိုက်လေးတို့ရဲ့ နှလုံးကသွေးတွေကို ပုံမှန်ထက် (၂၀)ရာခိုင်နှုန်းတိုးပြီး ထုပ်ပေးရတယ်။
  • သန္ဓေသားလေးတဖြည်းဖြည်းကြီးထွားလာချိန် မေမေလောင်းတို့ ခန္ဓာကိုယ်ကနေ စွမ်းအင်တွေပိုသုံးရလို့ ဇီဝဖြစ်စဥ်တွေ ပိုအလုပ်လုပ်ရတယ်။ ကိုယ်အပူချိန် တိုးလာတဲ့တစ်ချက်ပါ။
  • ကိုယ်ဝန်တတိယပိုင်းမှာ သန္ဓေသားလေးကြီးလာတာကလည်း မေမေလောင်းတို့ကို ကိုယ်အပူချိန် တိုးလာစေတဲ့အချက်တစ်ချက်ပါ။

ပြင်ပကနေ ကိုယ်ဝန်ဆောင်ကို အပူတိုးလာစေတဲ့ ပြဿနာများ

  • ရာသီဥတု အလွန်ပူခြင်း
  • ရေပူ ဒါမှမဟုတ် နေလှန်းထားတဲ့ရေ ချိုးခြင်း
  • အဖျားကြီးခြင်း
  • လျှပ်စစ်စောင်၊ လျှပ်စစ်ရေနွေးအိတ် အသုံးပြုခြင်းကြောင့်လည်း ဖြစ်လာနိုင်တယ်။

ကိုယ်ဝန်ဆောင်ရဲ့ ခန္ဓာကိုယ် အပူချိန်လွန်ကဲရင် သန္ဓေသားကို ဘာတွေထိခိုက်လဲ?

  • ကိုယ်ဝန်ပထမသုံးလအတွင်း ကြုံရရင် ကိုယ်ဝန်ပျက်ကျနိုင်တယ်။
  • ခြေထောက်လက်တွေ ဖောရောင်လာမယ်။
  • သန္ဓေသားကို ထိခိုက်မယ်။
  • ခန္ဓာကိုယ်ပူလာမယ်။
  • မေမေလောင်းတို့ရဲ့ အသားအရည်ပေါ် အမဲစက်တွေ၊ အပြောက်တွေ ဖြစ်ပေါ်လာမယ်။
ကိုယ်ဝန်ဆောင် ကိုယ်အပူချိန်လွန်ကဲခြင်း

ကိုယ်ဝန်တတိယပိုင်းမှာ သန္ဓေသားလေးကြီးလာတာကလည်း မေမေလောင်းတို့ကို ကိုယ်အပူချိန် တိုးလာစေတဲ့အချက်တစ်ချက်ပါ (Photo by MomJunction)

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အပူချိန် မြင့်တက်လာတာမျိုးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

(၁) ရေများများသောက်ပါ။ တစ်ရက် ရေဖန်ခွက်(၈)ခွက်ခန့် သောက်ပါ။ ရေသောက်ခြင်းက ခန္ဓာကိုယ်အေးစေတဲ့အပြင် ရေဓါတ်ခမ်းခြောက်တာကိုလည်း ကာကွယ်ပေးတယ်။

(၂) ရေကူးတာကလည်း ခန္ဓာကိုယ်အပူချိန်မြင့်တက်တာကို လျှော့နည်းစေတယ်။ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

(၃) နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာကို ရှောင်ပါ။ နေအလွန်ပူတဲ့အချိန် အပြင်မထွက်ပါနဲ့။ ထွက်ဖို့ အကြောင်းတစ်ခုခုပေါ်လာရင် sunscreen လိမ်းပါ။ နေရောင်ခြည်မထိရောက် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ ဝတ်ပါ။

(၄) ရေပူနဲ့ ရေမချိုးပါနဲ့။ သာမန်ရေနဲ့ပဲ ချိုးပါ။

(၅) လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားမျိုးသာ ဝတ်ပါ။

(၆) အလွန်ပူလာရင် ပန်ကာ ဒါမှမဟုတ် အဲကွန်း ဖွင့်ပါ။

(၇) အလွန်ပူတဲ့အခန်းထဲမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။

(၈) အေးတဲ့အခန်း ဒါမှမဟုတ် မနက်ခင်းနဲ့ ညနေခင်းမှာပဲ လေ့ကျင့်ခန်းလုပ်ပါ။

(၉) နေ့ခင်းဖက်နေအလွန်ပူချိန် ပြတင်းပေါက်ပိတ်ထားပါ။

(၁၀) အိမ်ထဲမှာ လေကောင်းလေသန့်ရအောင် သစ်ပင်အသေးလေးတွေ စိုက်ထားနိုင်ပါတယ်။ အများကြီး မစိုက်ရ။

(၁၁) အသီးသုပ်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားပါ။ စပ်တဲ့အစားအသောက်၊ ငံတဲ့အစားအစာတွေ ရှောင်ပါ။

အနားယူပါ၊ ရေများများသောက်ပါ မေမေလောင်းတို့ရေ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles