ရာသီ(ဓမ္မတာ)မလာခင်နဲ့ လာနေချိန် မေမေတို့ကျန်းမာနေဖို့

by: Nang Htwe
 0 comments  0 love

အိမ်သာသွားတဲ့အခါတိုင်း အမျိုးမသီးလစဥ်သုံး အခုအခံပစ္စည်းလေးတွေကို လဲပေးရင် စိတ်ချရပြီး သက်သောင့်သက်သာရှိပါဝယ်။ လိုအပ်သလို တစ်နေ့ကို (၄-၅) ခုလောက် လဲပေးပါ။

မေမေတို့ရေ တစ်လတစ်ခါ ပုံမှန်လာတဲ့ ရာသီသွေးတွေဆင်းတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ဝေဒနာတွေ အနည်းနဲ့အများ ခံစားကြရပါတယ်။ တချို့အမေတွေက လာလို့လာမှန်းတောင် မသိလိုက်ဘဲ ဘာမှ မခံစားရပါဘူး။ တချို့မေမေတွေမှာတော့ ဗိုက်နာတာ၊ ကိုယ်အပူချိန်များလာတာ၊ ဒေါသထွက်လွယ်တာ၊ ဝမ်းနည်းလွယ်တာ၊ စိတ်မရှည်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒါက ပြဿနာမရှိပါဘူး။

ရာသီလာ ဗိုက်နာ

မေမေတို့ရေ တစ်လတစ်ခါ ပုံမှန်လာတဲ့ ရာသီသွေးတွေဆင်းတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ဝေဒနာတွေ အနည်းနဲ့အများ ခံစားကြရပါတယ် (Photo by  Office on Women’s Health)

ရာသီသွေးဆိုတာ

လစဥ်လတိုင်း သင့်သားအိမ်ထဲမှာ အတွင်းနံရံအမြှေးပါးထူးလာတယ်။ သားအိမ်ဆိုတာက သန္ဓေသားလေး နေထိုင်နိုင်တဲ့ အခန်းကလေးပါ။ ကိုယ်ဝန်မဆောင်ဖြစ်ဘူးဆိုရင်တော့ ဒီအမြှေးပါးအလွှာကလေးဟာ ကွာကျပြီး မိန်းမကိုယ်ဝကနေ သွေးအဖြစ်စီးဆင်းကျလာပါတယ်။ ဒါက ရာသီသွေးဆင်းတယ်လို့ ခေါ်တာပါပဲ။ ရာသီသွေးဆင်းတယ်ဆိုတာ သန္ဓေသားလေးဖြစ်ပေါ်နိုင်တဲ့ သားအိမ်နဲ့ဆိုင်ပါတယ်။

အမျိုးသမီးတွေရဲ့ ပေါင်နှစ်ခုကြားမှာ အပေါက်(၃)ပေါက်ရှိပါတယ်။ ရှေ့ဆုံးပေါက်က ဆီးသွားဖို့၊ အလယ်ပေါက်က ရာသီသွေးဆင်းဖို့နဲ့ အနောက်ပေါက်က ဝမ်းသွားဖို့ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ရင် ရာသီသွေးပျောက်သွားပါတယ်။ ကလေးမွေးပြီးရင် ရာသီသွေး ပြန်ပေါ်ပါတယ်။

တချို့မိန်းကလေးတွေမှာ ရာသီမလာခင် အဖြူဆင်းတတ်ပါတယ်။ တချို့ကျတော့လည်း ဘာလက္ခဏာမှ မပြပါဘူး။

ဓမ္မတာရာသီသွေးစက်ဝန်းဟာ ပျမ်းမျှ (၂၈) ရက်ကြာပါတယ်။ လစဥ်လတိုင်း ပေါ်ပါတယ်။

ရာသီသွေးဆင်းတဲ့ပမာဏ (တစ်ယောက်နဲ့ တစ်ယောက်မတူကြပါ။)

  • ပထမနေ့နဲ့ ဒုတိယနေ့၊ သင်ဗိုက်အောင့်မယ်၊ ရင်သွေးတွေနာမယ်၊ ရာသီသွေးဆင်းတာ တဖြည်းဖြည်းများလာမယ်။
  • ဒုတိယနေ့နဲ့ တတိယနေ့ ဒီရက်တွေမှာ သွေးအများဆုံးဆင်းမယ်။ လေးရက်မြောက်နေ့ကစပြီး တဖြည်းဖြည်းနည်းသွားမယ်။
  • ငါးရက်မှ ခုနစ်ရက်မြောက်နေ့၊ သွေးဆင်းတာနည်းသွားမယ်။ ခုနစ်ရက်မြောက်နေ့မှာတော့ သွေးနည်းနည်းလေးစွန်းရုံပဲ ရှိတော့မယ်။

ချွင်းချက် – သင့်ရာသီသွေးဆင်းချိန်ဟာ (၁၀) ရက်ထက်ကျော်လာရင်တော့ နီးရာဆေးခန်း ပြပါ။

ရာသီသွေးဆင်းချိန်မှာ သက်သာအောင်နေနည်း

ရာသီသွေးဆင်းချိန်ဆိုရင် ဗိုက်ထဲမှာ၊ ရင်သားမှာ နာကျင်တတ်တယ်၊ ကြွက်သားနာပြီး ကြွက်တက်တာ ဖြစ်တတ်တယ်။ ဝက်ခြံထွက်တာလို အရေပြားဆိုင်ရာ ပြဿနာတွေလည်းရှိမယ်။ ခေါင်းမူး၊ ခေါင်းကိုက်မယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ်။

စိတ်သက်သက်သာသာ နားနေပါ

  • အိပ်ရာစောစောဝင်ပြီး နားနေပါ။
  • သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ဝတ်ပါ။ ခါးမှာတင်းကျပ်မနေအောင် ဝတ်ပါ။
  • လဲလျောင်းနားနေချိန်ယူပါ။ အသက်ပြင်းပြင်းရှူသွင်းတဲ့ လေ့ကျင့်ခန်းလုပ်ပါ။

အာဟာရ မျှတအောင်စားပါ

  • ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ဟင်းနုနွယ်ရွက်လို သံဓါတ်များများပါတဲ့ အစိမ်းရင့်ရောင်အရွက်များ၊ ပဲကတ္တီပါနှင့် သွေးအားကောင်းစေတဲ့ အသည်း၊ အသား၊ သွေးခဲများကို စားပါ။
  • အမျှင်ဓါတ်များများပါတဲ့ ဟင်းသီးဟင်းရွက်များကို စားပါ။ ဥပမာ – ကန်စွန်းဥ၊ ပြောင်းဖူး၊ ဂေါ်ဖီထုပ်။
  • အငံနဲ့ အစပ်လျှော့စားပါ။
  • မနက်စာ မစားဘဲ မနေပါနှင့်။
  • ရေများများသောက်ပါ။
  • သင့်တင့်သောပမာဏ စားသုံးပါက ရာသီသွေးဆင်းမှုကို ရပ်စေနိုင်/နည်းစေနိုင်တဲ့ အစားအစာမရှိပါ။ (ဥပမာ – ဆီးဖြူသီး)
  • သွေးဆင်းပမာဏများပါက ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်၍ သံဓါတ်အားဖြည့်ဆေးသောက်ရန်။

နာကျင်ကိုက်ခဲမှု သက်သာစေဖို့အတွက်

  • အအေးမမိပါစေနှင့်၊ နွေးနွေးထွေးထွေးနေပါ။
  • ချက်‌အောက်ပိုင်းကို ရေနွေးပုလင်းကပ်ရင် ကြွက်သားတွေကို ဖြေလျှော့ပေးတဲ့အတွက် နာကျင်မှုကို သက်သာစေပါတယ်။
  • သိပ်နာနေရင်တော့ ကျန်းမာရေးဝန်ထမ်းရဲ့ ညွှန်ကြားချက်နဲ့အတူ အကိုက်အခဲပျောက်ဆေးတစ်ခုခုကို အစာနဲ့တွဲပြီး သောက်လို့ရပါတယ်။

စိတ်လှုပ်ရှားလွယ်ခြင်း (ရာသီမပေါ်ခင်လေးမှာ ဖြစ်တဲ့လက္ခဏာ)

တချို့မိန်းကလေးများဟာ ရာသီမပေါ်ခင်အရက်အနည်းငယ်အလိုမှာ စိတ်လှုပ်ရှားလွယ်၊ စိတ်ထိခိုက်လွယ်ပြီး စိတ်တိုတတ်ပါတယ်။ ဝက်ခြံတွေ ထွက်လာတာ၊ မောပန်းလွယ်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဗိုက်ထဲမှာ မအီမသာဖြစ်တာ၊ ရင်သားတွေနာကျင်တာတွေလဲ ဖြစ်တတ်ပါတယ်။ မိန်းကလေးတိုင်း ကြုံရတတ်ပါတယ်။ စိတ်မပူပါနှင့်။ ရာသီလာစဥ်အတွင်း နဂိုအတိုင်း လုပ်စရာရှိတာတွေ ဆက်လက်လုပ်နိုင်ပါတယ်။

ဓမ္မတာ ရာသီ

ရာသီသွေးပေါ်ရင် ကိုယ်တိုင်အဆင်ပြေစွာ ကျင့်သုံးနိုင်မည့်နည်းလမ်းများ

ရာသီသွေးကို စုပ်ယူသိမ်းထားနိုင်တဲ့ သန့်ရှင်းရေးသုံး ပစ္စည်းလေးတွေ မိန်းကလေးတွေအတွက် လိုအပ်ပါတယ်။ နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ တစ်ခါသုံး အမျိုးသမီးလစဥ်သုံး အခုအခံပစ္စည်းလို့ခေါ်တဲ့ အမျိုးသမီးသန့်ရှင်းရေးသုံးပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အမျိုးသမီးလစဥ်သုံး အခုအခံပစ္စည်းက သန့်ရှင်းတယ်။ ရာသီသွေးကို ပိုပြီးစုပ်ယူသိမ်းထားနိုင်တယ်။ အန္တရာယ်လဲ ကင်းပါတယ်။ ရာသီလာနေတဲ့ မိန်းကလေးတွေအတွက် သက်သာစိတ်ချရပါတယ်။ နောက်တစ်မျိုးကတော့ သန့်ရှင်းတဲ့ အဝတ်ကို ခေါက်သုံးတာပါ။

  • နေ့သုံး၊ ညသုံး၊ အမျိုးသမီးလစဥ်သုံး အခုအခံပစ္စည်း နှစ်မျိုးရှိပါတယ်။ တစ်ကြိမ်သုံးပြီးရင် ပြန်လည်အသုံးပြု၍မရဘဲ စွန့်ပစ်ရပါမယ်။
  • အိမ်သာသွားတဲ့အခါတိုင်း အမျိုးမသီးလစဥ်သုံး အခုအခံပစ္စည်းလေးတွေကို လဲပေးရင် စိတ်ချရပြီး သက်သောင့်သက်သာရှိပါဝယ်။ လိုအပ်သလို တစ်နေ့ကို (၄-၅) ခုလောက် လဲပေးပါ။
  • အမျိုးသမီးလစဥ်သုံး အခုအခံပစ္စည်း လေးတွေဟာ ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး၊ အထူအပါး အမျိုးမျိုးရှိပါတယ်။

အမျိုးသမီး လစဥ်သုံး အခုအခံပစ္စည်းတွေဟာ အတွင်းခံဘောင်းဘီထဲမှာ နေရာမရွေ့ဘဲ ရာသီသွေးလဲ စိမ့်မထွက်နိုင်တာမို့ စိတ်ချပြီး သုံးနိုင်တယ်။

  • စိတ်ပေါ့ပါးစွာ ကျောင်းတက်နိုင်မယ်။
  • စာသင်တဲ့နေရာမှာ အာရုံစိုက်နိုင်မယ်။
  • အားကစား လုပ်နိုင်တယ်။
  • ကိုယ့်ကိုယ်ကို ယုံကြည်မှုပါရှိလာမည်။
  • တစ်ကိုယ်ရေ သန့်ရှင်းမှုကိုလည်း အထောက်အကူပြုပါတယ်။

အမျိုးသမီး လစဥ်သုံးအခုအခံပစ္စည်းတွေကို ဘယ်လိုပစ်ရမလဲ

  • မည်သည့်အိမ်သာထဲကိုမှ လုံးဝ မပစ်ချပါနှင့်။
  • မပစ်ခင်တိုင်းမှာ အမျိုးသမီးလစဥ်သုံး အခုအခံပစ္စည်းကို ခေါက်ရပါမည်။
  • လုံခြုံစွာ ထုတ်ပိုး၍ အဖုံးပါတဲ့ အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။
  • စွန့်ပစ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ။

တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ပါ

  • မိန်းမကိုယ်ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းအောင် ထားပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေနဲ့ သန့်ရှင်းပါ။
  • အိမ်သာက ထွက်တိုင်းလက်ကို ဆပ်ပြာနဲ့ ဆေးပါ။
  • တစ်ကိုယ်ရေ သန့်ရှင်းရင် ရောဂါကူးစက်မှုကို ကာကွယ်နိုင်တယ်။ ယားယံတာနဲ့ အနံ့ဆိုးထွက်တာတွေလဲ မဖြစ်ပါ။ သင့်အဝတ်အစားတွေ အတွင်းခံတွေကို သန့်ရှင်းအောင်ထားပါ။
  • ရာသီပေါ်နေစဥ်အတွင်း တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းတို့ကို မှန်မှန်ပြုလုပ်နိုင်ပါတယ်။

ရာသီလာနေချိန်မှာ တစ်ကိုယ်ရည်သန့်ရှင်းရေးကို မှန်မှန်ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

www.mohs.gov.mm မှ ကူးယူဖော်ပြထားပါသည်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles