ကိုယ်ဝန်ရှိတာ သိသိချင်း ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းပါတယ်။ စောစောပြနိုင်လေ မေမေလောင်းတို့ရော သန္ဓေသားအတွက်ပါ အကျိုးရှိလေပါ။ စီနီယာသားသားမီးမီးလေးတွေရှိတဲ့ မေမေလောင်းတွေအတွက်တော့ ဆရာဝန်နဲ့ပြသချိန်မှာ ဘာတွေမေးရမယ်ဆိုတာ သိပြီးသားပါ။ သက်ဦးမေမေလောင်းတွေအတွက်တော့ ဘာတွေမေးရမယ်ဆိုတာ မသိကြသေးပါဘူး။ ဒါကြောင့် သက်ဦးမေမေလောင်းတို့အတွက် ဆရာဝန်နဲ့ ပထမဆုံးအကြိမ် ပြသတဲ့အခါ မေးရမယ့် မေးခွန်းတွေကို စီစဉ်ပေးထားပါမယ်။

ကိုယ်ဝန်ရှိတာ သိသိချင်း ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းပါတယ် (Photo by iStock)
(၁) ဆေးမှတ်တမ်းတွေယူသွားပါ
မေမေဖေဖေတို့ရဲ့ ဆေးမှတ်တမ်းတွေကို ယူသွားသင့်ပါတယ်။ မိသားစု မျိုးရိုးမှာ ကျန်းမာရေးပြဿနာတွေ ကလေးငယ်ဆီ မျိုးရိုးလိုက်မလိုက် ဆရာဝန်က ပြောပြပေးမှာပါ။ ဒီလို မျိုးရိုးဆေးမှတ်တမ်းတွေ ယူသွားခြင်းက ကလေးငယ်ကို ဂရုစိုက်ခြင်းတစ်ခုပါ။
(၂) မေးခွန်းတွေချရေးသွားပါ
မေမေလောင်းတို့အနေနဲ့ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်ပြီး ဆရာဝန်ကို မေးမြန်းချင်တာလေးတွေ ရှိပါလိမ့်မယ်။ ကိုယ်နားမလည်တဲ့ မေးခွန်းတွေ၊ ဒွိဟဖြစ်နေတဲ့ အရာတွေ သိချင်တာတွေကို စာရွက် ဒါမှမဟုတ် စာအုပ်လေးထဲမှာ ချရေးလိုက်ပါ။ နောက်ပြီး ဆရာဝန်နဲ့ ပြသတဲ့အခါ မေးဖို့ ယူသွားပါ။

မေမေလောင်းတို့အနေနဲ့ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်ပြီး ဆရာဝန်ကို မေးမြန်းချင်တာလေးတွေ ရှိပါလိမ့်မယ် (Photo by Silkcity News)
(၃) သောက်ရမယ့် ဗီတာမင်ဆေးများကို မေးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ နေ့စဉ်သောက်ရမယ့် ဗီတာမင် ဆေးအကြောင်း ဆရာဝန်ကို မေးဖို့ လိုအပ်ပါတယ်။ ဥပမာ ဖောလစ်အက်ဆစ်နဲ့ သံဓါတ်ဆေးဝါးများကို နေ့စဉ်သောက်သုံးရပါတယ်။ ကိုယ်ဝန်ပထမသုံးလက သန္ဓေသားခန္ဓာကိုယ် တည်ဆောက်နေချိန် ဖြစ်တာကြောင့် နေ့စဉ်သောက်ရမယ့် ဗီတာမင်တွေ အရေးကြီးပါတယ်။ ပထမဆုံးအကြိမ် ဆရာဝန်နဲ့ ပြသချိန်မှာ မဖြစ်မနေ မေးရမယ့် မေးခွန်းပါ။
(၄) ဆောင်ရန် ရှောင်ရန်တွေကို မေးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ဆောင်ရန်၊ ရှောင်ရန်တွေ အများကြီးရှိပါတယ်။ ဥပမာ မေမေလောင်းတို့က လုပ်ငန်းခွင်ဝင်ရောက်နေရတယ်ဆိုရင် ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ မေးရပါမယ်။ နောက်ပြီး လုပ်သင့်တာတွေနဲ့ မလုပ်သင့်တာကိုလည်း တခါတည်းမေးခဲ့ပါ။ ဥပမာ အလေးအပင်တွေ မတာတွေ မပြုလုပ်သင့်တာ၊ ပလက်လန်ပြီး မအိပ်သင့်တာမျိုးနဲ့ ဆောင်ရမှာကတော့ ရေများများသောက်ပေးဖို့ လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပေးဖို့ စတဲ့ ဆောင်ရန် ရှောင်ရန်တွေကို တခါတည်းမေးခဲ့ပါ။
ကျန်းမာရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေကိုလည်း မေးခဲ့ဖို့လိုပါတယ်။ ဥပမာ တင်ပါးဆုံရိုးနာကျင်တာနဲ့ သွေးအနည်းငယ်ဆင်းတဲ့ပြဿနာမျိုးတွေကို မေးခဲ့ဖို့လိုအပ်ပါတယ်။ စိတ်ဖိစီးမှုကို ဘယ်လိုတွန်းလှန်ဆိုတာကိုလည်း မေးခဲ့သင့်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ သင့်တော်တဲ့ လေ့ကျင့်အကြောင်းကိုလည်း မေးခဲ့ပါ။ အစားအသောက်နဲ့ ပတ်သက်ပြီး မေမေလောင်းတို့ နားမလည်တာရှိရင် တခါထဲ မေးလာသင့်ကြောင်း Kalay ကနေ မေမေလောင်းတို့ကို အကြံပေးလိုက်ပါတယ်။
Comments