မွေးဖွားခါနီးလာတာနဲ့ မေမေလောင်းတို့ ပိုပြီး စိတ်လှုပ်ရှား၊ စိတ်ပူကြပါတယ်။ ကြောက်တဲ့ခံစားချက်တွေလည်း ဖြစ်ပေါ်နေပါတယ်။ ဒါက ပုံမှန်ပါပဲ။ မေမေလောင်းတိုင်းနီးပါး ကြုံရပါတယ်။ ဘာကြောင့် ကြောက်နေရတာလဲ။ ကိုယ်ကြောက်နေရတဲ့ ပြဿနာကို ရှင်းရှင်းလင်းလင်းသိထားမယ်ဆိုရင် ကြောက်စိတ်တွေ သက်သာသွားမှာပါ။

မွေးဖွားခါနီးလာတာနဲ့ မေမေလောင်းတို့ ပိုပြီး စိတ်လှုပ်ရှား၊ စိတ်ပူကြပါတယ် (Photo by FirstCry Parenting)
“ငါတော့ တော်တော်နာတာ ကြုံရမှာပဲ”
ကလေးမွေးခါးနီးမေမေတွေ ကြောက်ကြတဲ့ အတွေးတစ်ခုက နာကျင်တာနဲ့ ဆက်နေတာပါ။ ကိုယ့်မိတ်ဆွေ ကလေးအမေတွေ၊ ဆွေးမျိုးတွေထဲက အတွေ့အကြုံကြားရတာကြောင့် အဲဒါကိုတွေးပြီး ကြောက်တာပါ။
ဘယ်လိုဖြေရှင်းမလဲ
မွေးဖွားချိန် နာကျင်မှုက တခြားနာကျင်မှုတွေနဲ့ နှိုင်းယှဉ်လို့မရပါဘူး။ နောက်ပြီး မွေးဖွားနေချိန် နာကျင်မှုက အချိန်ခဏလေးပါပဲ။ အကယ်လို့ တအားနာကျင်မှာဆိုးရင် ဆရာဝန်နဲ့တိုင်ပင်ပြီး မွေးဖွားချိန်မှာ ထုံဆေးအသုံးပြုနိုင်ပါတယ်။
“ဝမ်းတွေစင်တော့မှာပဲ”
မွေးဖွားနေစဉ် ဒုတိယအဆင့်ရောက်တဲ့အချိန် တွန်းအားကြောင့် စအိုအပေါ်သက်ရောက်ပြီး အညစ်အကြေးတွေ စင်မှာ စိုးရိမ်တာပါ။
ဘယ်လိုဖြေရှင်းမလဲ
တကယ်တော့ မေမေလောင်းတို့က ဆရာဝန်တွေ၊ သူနာပြုတွေကို အားနာတာပါ။ ရိုးရိုးမွေးတဲ့အခါ ဖြစ်တတ်တဲ့ သဘာဝမို့လို့ ဆရာဝန်နဲ့ သူနာပြုတွေအတွက် ပြဿနာမရှိပါဘူး။ သူတို့က ဒါကို ကောင်းတဲ့လက္ခဏာတစ်ခုအနေနဲ့ မြင်ပါတယ်။ သန့်ရှင်းရေးကိုလည်း ပြုလုပ်ပေးမှာပါ။
“ခွဲမွေးပြီးရင် အချိန်တော်တော်ယူရမယ်”
ခွဲမွေးတဲ့မေမေတွေ စိတ်ညစ်တဲ့ ပြဿနာပါ။ အချိန်ကြာကြာ နလန်မထူနိုင်မှာကို စိုးရိမ်ကြောက်ကြပါတယ်။ နာတာရှည်ဖြစ်မှာ ကြောက်တာပါ။
ဘယ်လိုဖြေရှင်းမလဲ
ရိုးရိုးမွေးတာနဲ့ နှိုင်းယှဉ်ရင်တော့ ရက်အနည်းငယ်ကြာပါမယ်။ အများဆုံး (၆)ပတ် ဒါမှမဟုတ် တစ်လခွဲလောက်ပါပဲ။ ကလေးကို ဂရုစိုက်ပေးရတာကြောင့် နာတာတွေ၊ အချိန်ယူရတာတွေ သတိမထားကြတော့ပါဘူး။ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။ ကောင်းကောင်းအနားယူပါ။ အာဟာရပြည့်တဲ့ အစားအသောက်တွေကိုစားပါ။ အရည်များများသောက်ပါ။

ရိုးရိုးမွေးတဲ့အခါ ဖြစ်တတ်တဲ့ သဘာဝမို့လို့ ဆရာဝန်နဲ့ သူနာပြုတွေအတွက် ပြဿနာမရှိပါဘူး (Photo by iStock)
“ဗိုက်တွေအရမ်းနာနေရင် ဆေးရုံထိရောက်ပါ့မလား”
ဗိုက်နာလာချိန် ဆေးရုံမရောက်မှာ၊ ကားထဲ ဒါမှမဟုတ် အိမ်မှာမွေးမှာ စိုးရိမ်ကြပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
မွေးဖွားခြင်းဆိုတာ အဲဒီလောက်ကြီး မမြန်ပါဘူး။ နာကျင်တာကို ခံစားရရချင်း ကလေးမထွက်လာသေးပါဘူး။ ပထမဆုံး နာကျင်တယ်လို့ ခံစားရချိန် ဆေးရုံအရောက်သွားပြီး ကောင်းကောင်းအနားယူပါ။ မွေးချင်လို့နာတာလား၊ ရိုးရိုးဗိုက်နာတာလား မသေချာရင် ဆေးရုံကိုသာသွားပါ။ မေမေလောင်းတို့ဖက်က တတ်နိုင်ရင်လည်း မွေးခါနီးတစ်လအလိုလောက်မှာ သူနာပြုတစ်ယောက် ငှားထားနိုင်ပါတယ်။
“ငါ့ဘဝကြီးက အရင်ကနဲ့မတူတော့ဘဲ ပြောင်းလဲသွားမှာလား”
ကလေးမွေးပြီးနောက်ပိုင်း အရင်ကလို အလုပ်လုပ်လို့အဆင်မပြေတော့မှာ၊ ကြိုးစားဖို့ အခွင့်အရေး မရှိတော့မှာ စိုးရိမ်ကြပါတယ်။ ဒီစိုးရိမ်စိတ်က သားဦးမေမေတွေမှာ ပိုဖြစ်ပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
ကလေးမွေးပြီးသွားရင် အရင်ကနဲ့ မတူတော့ဘဲ ပြောင်းလဲသွားမှာ အသေအချာပါပဲ။ မေမေတို့ထင်သလို ပြောင်းလဲတာမျိုး မဟုတ်ပါဘူး။ ပျော်ရွှင်တဲ့ပြောင်းလဲခြင်း၊ ကောင်းတဲ့ ပြောင်းလဲခြင်းပါ။ ကလေးက မေမေ့အတွက် ပျော်ရွှင်မှုတွေ သယ်ဆောင်လာမှာဖြစ်ပြီး ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ ဒါကြောင့် အခုချိန်မှာ စိတ်ဖိစီးမှုတွေ မထားပါနဲ့။ အကျိုးရှိမယ့် စာအုပ်ဖတ်နေလိုက်ပါ။
“သူ့(ခင်ပွန်း)ကို အပြင်မှာပဲ ထိုင်စောင့်စေချင်တယ်”
ရိုးရိုးမွေးတဲ့မေမေတွေ အများဆုံးစဉ်းစားတဲ့အရာတွေထဲက တစ်ခုပါ။ မွေးဖွားနေစဉ် နာကျင်တာတွေနဲ့ အော်ဟစ်တာတွေကို ခင်ပွန်းသည် မမြင်စေချင်တာပါ။
ဘယ်လိုဖြေရှင်းမလဲ
ကိုယ့်ဇနီးသည် ကလေးမွေးတာကို ခင်ပွန်းသည်အနေနဲ့ စိုးရိမ်ပူပန်မှုရှိပေမယ့်လည်း မေမေလောင်းတို့ကို အကူအညီအများကြီးပေးနိုင်သူပါ။
“ပုံပျက်သွားမယ်ထင်တယ်”
ကလေးက မျိုးပွားအင်္ဂါကနေ ထွက်လာခဲ့တဲ့အခါမှာ လိင်အင်္ဂါပုံပျက်သွားမှာလို့ မေမေတို့ ထင်ကြပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
လူ့ခန္ဓာကိုယ်က အလွန်အံ့သြစရာကောင်းပါတယ်။ ကလေးမွေးပြီး ရက်တော်တော်ကြာသွားရင် ဆွဲဆန့်ပေးတဲ့ကြွက်သားတွေက ပြန်ကောင်းလာပါတယ်။ Kegel exercises လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။
“သူ(ခင်ပွန်း) ပျော်ပါ့မလား”
ခင်ပွန်းသည်ကို အချိန်မပေးနိုင်မှာ၊ လိင်ဆက်ဆံတာ ရှောင်ထားရတဲ့အခါ မပျော်ရွှင်မှာ မေမေလောင်းတို့ စိုးရိမ်တာပါ။
ဘယ်လိုဖြေရှင်းမလဲ
ဒါကတော့ မေမေလောင်းတို့ဖက်က အတွေးတွေ များနေတာပါ။ ကလေးမျက်နှာမြင်ရင် ပျော်ရွှင်တဲ့ခံစားချက်က မေမေတို့တင်မကပါဘူး။ ဖေဖေတို့ကလည်း ရင်သွေးလေးမျက်နှာမြင်တဲ့အခါ အလွန်ပျော်ပါတယ်။
“ကလေးအသက်ရှင်ပါ့မလား”
မွေးခါနီးမေမေလောင်းတိုင်းနီးပါး ကြုံရတဲ့ ကြောက်ရွံ့တဲ့ ခံစားချက်ပါ။
ဘယ်လိုဖြေရှင်းမလဲ
ကလေးလေးမွေးလာပြီးပြီးချင်း ဒီကြောက်တဲ့ ခံစားချက် ပျောက်သွားပါတယ်။
“ချက်ကြိုးက လည်ပင်းကို ပိတ်နေမလား”
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သူတို့ရဲ့ကလေးငယ် ချက်ကြိုးလည်ပင်းပတ်ပြီး အောက်စီဂျင်ပြတ် ဆုံးရှုံးမှာ ကြောက်ကြပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
ချက်ကြိုးက ကလေးအတွက် အာဟာရတွေ သယ်ဆောင်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံးမှာ လည်ပင်းပတ်မိတာ ရှိကောင်းရှိနိုင်ပါတယ်။ ချက်ကြိုးလည်ပင်းပတ်ပြီး မွေးလာတဲ့ ကလေး (၃၀)ရာခိုင်နှုန်းခန့်ရှိပါတယ်။ ဆရာဝန်နဲ့ သူနာပြုတွေက ဒီပြဿနာ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိထားလို့ မေမေလောင်းတို့ စိတ်ပူစရာနည်းပါတယ်။ စိတ်ထဲ အလွန်စိုးရိမ်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
မွေးဖွားခါနီးလာတာနဲ့ မေမေလောင်းတို့ ပိုပြီး စိတ်လှုပ်ရှား၊ စိတ်ပူကြပါတယ်။ ကြောက်တဲ့ခံစားချက်တွေလည်း ဖြစ်ပေါ်နေပါတယ်။ ဒါက ပုံမှန်ပါပဲ။ မေမေလောင်းတိုင်းနီးပါး ကြုံရပါတယ်။ ဘာကြောင့် ကြောက်နေရတာလဲ။ ကိုယ်ကြောက်နေရတဲ့ ပြဿနာကို ရှင်းရှင်းလင်းလင်းသိထားမယ်ဆိုရင် ကြောက်စိတ်တွေ သက်သာသွားမှာပါ။
ဲ…မေမေလောင်းတို့ရေ အခုမွေးခါနီးမှာ ဘာတွေစိတ်ပူနေလဲဆိုတာ comment မှာ ဝေမျှပေးခဲ့ပါဦးနော်။
Comments