ကိုယ်ဝန်ဆောင်ချိန်မှာ ကားမောင်းသင့်လား

by: Nang Htwe
 0 comments  0 love

ကိုယ်ဝန်ဆောင်ချိန်မှာ ကားမောင်းလို့ရပါတယ်။ ဒါပေမယ့် သာမန်အချိန်တွေနဲ့တော့ မတူပါဘူး။ အရင်ကထက် အကာအကွယ်တွေ အများကြီး လိုအပ်ပါတယ်။ ကားမောင်းချိန် မတော်တဆ ထိခိုက်မိတဲ့အခါမျိုးမှာ ဗိုက်ထဲက ကလေးလေးကိုလည်း ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်တတိယပိုင်းလောက်မှာတော့ ကားမမောင်းတော့တာ အကောင်းဆုံးပါ။ နောက်ကနေပဲ ထိုင်စီးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကားမောင်းလို့ရပါတယ် (Photo by DirectAsia Insurance )

ခါးပတ်ကြိုး(seat belt)

မေမေတို့အနေနဲ့ ကားမောင်းတဲ့အခါ ခါးပတ်ကြိုး(seat belt) ကို ပတ်ပေးထားဖို့ မမေ့ပါနဲ့။ ဒါဟာ မေမေလောင်းတို့ကို ကာကွယ်ပြီးသားဖြစ်သလို ဗိုက်ထဲက ကလေးလေးကို မထိခိုက်တော့ပါဘူး။ ကိုယ်တိုင်ကားမောင်းချိန်မှာလည်း ခါးပတ်ပတ်သလို ဘေးကနေ ထိုင်စီးတဲ့အခါမှာလည်း ပတ်ထားသင့်ပါတယ်။ ခါးပတ်ပတ်ခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ဖိအားတွေ ကလေးပေါ် သက်ရောက်မှု မရှိစေတာပါ။

လေအိတ်

ကိုယ်ဝန်ဆောင်မေမေတို့ စီးမယ့်ကား၊ မောင်းမယ့်ကားတွေမှာ လေအိတ်ပါဖို့ အရေးကြီးပါတယ်။ ကားမှာ လေအိတ်ပါမှသာ မတော်တဆ ထိခိုက်တဲ့အခါ ပြဿနာဖြစ်တာနည်းမှာပါ။ ဒါဟာ ကလေးငယ်အတွက်လည်း လုံခြုံမှုတွေရှိပါတယ်။ လေအိတ်ခလုတ်ကို ဖွင့်ထားဖို့တော့ လိုပါတယ်။

ဘေးမှာထိုင်စီးပါ

ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ကားမောင်းပေးမယ့်သူရှိတယ်ဆိုရင် ကိုယ်ကဘေးကနေ ထိုင်စီးတာ အကောင်းဆုံးဖြစ်ပါတယ်။ ဘေးမှာပဲ ထိုင်စီးစီး၊ နောက်မှာပဲ စီးစီး ပြဿနာမရှိပါဘူး။ မေမေလောင်းတို့ အဆင်ပြေရာမှာ ထိုင်လို့ရပါတယ်။

မေမေတို့အနေနဲ့ ကားမောင်းတဲ့အခါ ခါးပတ်ကြိုး(seat belt) ကို ပတ်ပေးထားဖို့ မမေ့ပါနဲ့ (Photo by DHgate.com)

ဆရာဝန်နဲ့ ချက်ချင်းပြပါ

မေမေလောင်းတို့ ကားမောင်းတဲ့အခါ မတော်တဆ ထိခိုက်ဒဏ်ရာတွေ ရလာခဲ့ရင် ချက်ချင်းနဲ့ အများဆုံးကြာချိန် (၁)နာရီအတွင်း ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန် (၆)လအထက် မေမေလောင်းတွေ ပိုဂရုစိုက်ရပါမယ်။ ကားမောင်းတဲ့အချိန် မတော်တဆ ထိခိုက်ဒဏ်ရာအနေနဲ့ အစာအိမ်နာကျင်တာနဲ့ မိန်းမကိုယ်မှ သွေးဆင်းတာတွေက အန္တရာယ်တွေ ရှိနေပါတယ်။

ဆရာဝန်ကို ‌‌မေးရမယ့် ‌မေးခွန်းများ

ဗိုက်ဗိုက်တို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ မဖြစ်မနေ ကားမောင်းဖို့ လိုအပ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။ ဆရာဝန်နဲ့ ပြသတဲ့အခါ အောက်ပါမေးခွန်းတွေကို တပါတည်းမေးခဲ့ပေးပါ။

(၁) ကားမောင်းတဲ့အခါ ဆောင်ရန်၊ ရှောင်ရန် မေးခွန်းများ

(၂) ကားဂီယာတိုင်နဲ့ ထိခိုက်မိတာမဖြစ်အောင် ဘယ်ကို ကာကွယ်ရမယ်ဆိုတဲ့ မေးခွန်း

(၃) ကားမောင်းနေချိန်မှာ ခါးပတ်ပတ်သင့်၊ မပတ်သင့် မေးခွန်း

(၄) တခုခု မတော်တဆဖြစ်တဲ့အခါ မေမေလောင်းတို့က ထိခိုက်မှုမရှိပေမယ့်လည်း ကလေးကို ထိခိုက်နိုင်ခြေ ရှိမရှိ မေးခွန်း

(၅) မတော်တဆ ထိခိုက်မိတဲ့အခါ ဒဏ်ရာ မရပေမယ့်လည်း ဆေးရုံးသွားသင့်၊ မသွားသင့် တဲ့ မေးခွန်းတွေကို မေးခဲ့ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကားမောင်းလို့ရပေမယ့်လည်း သတိထာားစရာတွေ အများကြီးရှိနေပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles