
ကျန်းမာအောင်နေပါ
ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေလောင်းနဲ့ မိသားစုဝင်တွေ စိတ်ပူစိုးရိမ်ပြီး မျှော်လင့်ကြတာက ကလေးလေးမွေးဖွားလာတဲ့အခါမှာ ကိုယ်လက်အင်္ဂါစုံဖို့၊ စိတ်ပိုင်းဆိုင်ရာ ပုံမှန်ဖြစ်စေဖို့ တွေပါပဲ။ တချို့ မွေးရာပါ ချို့ယွင်းချက်တွေက သိပ်မပြင်းထန်ပေမယ့် တချို့ မွေးရာပါ ချို့ယွင်းချက်တွေကတော့ စိုးရိမ်စရာတွေ ရှိပါတယ်။ ဘယ်လိုချို့ယွင်းချက်ပဲ ဖြစ်ဖြစ် မေမေနဲ့ မိသားစုဝင်တွေ ကြိုက်မှာ မဟုတ်ပါဘူးနော်။ ဒီတော့ သားသားမီးမီးလေး မွေးလာတဲ့အခါမှာ ချို့ယွင်းချက် မရှိရလေအောင် ကြိုတင်ပြင်ဆင်ရမှာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
သားသားမီးမီးလေးတွေ မွေးတဲ့အခါ ချို့ယွင်းချက် ပါလာတာဟာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မေမေနဲ့ ဖေဖေတို့ရဲ့ မျိုးရိုး ဗီဇတွေကတဆင့် လက်ဆင့်ကမ်းလာခဲ့တယ်ဆိုရင်တော့ ဒါက ရှောင်လွဲလို့ မရပါဘူးနော်။ ကိုယ်ဝန်ဆောင်မေမေလောင်းရဲ့ ကျန်းမာရေးနဲ့ တခြားပြင်ပ အကြောင်းအရာတွေပေါ် မူတည်ပြီး ကလေးမှာ ချို့ယွင်းချက်တွေ ရှိလာစေနိုင်ပါတယ်။

ဂရုစိုက်ပါ
မေမေလောင်းလေးတို့ရေ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်တာဟာ မေမေလောင်းတို့ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းမွန်မှုနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ အဲဒါတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်၊ အရက်သောက်သုံးခြင်း၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ စောင့်ရှောက် စစ်ဆေးမှု နည်းပါးခြင်း၊ sotretinoin နှင့် lithium ပါဝင်သောဆေးဝါးများ သုံးစွဲခြင်း၊ မေမေလောင်းရဲ့ အသက်(၃၅) နှစ် အထက်ဖြစ်ခြင်း၊ ဆီးချိုရောဂါလိုမျိုး နာတာရှည် ရောဂါအခံရှိခြင်းတွေပဲ ဖြစ်ပါတယ်နော်။ ဒါကြောင့် မေမေလောင်းတို့ ကျန်းမာရေး အထူးဂရုစိုက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပါ။
သားသားမီးမီးလေးတွေမှာ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် မေမေလောင်းတို့ ကိုယ်ဝန်ဆောင်စဉ်မှာပင် ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်တွေ သောက်သုံးပေးပါ။
သားသားမီးမီးလေးတွေမှာ ချို့ယွင်းချက်အနေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု မရှိတာ ဒါမှမဟုတ် ပုံမှန်မဟုတ်တွေ ဖြစ်နိုင်ပါတယ်။ ကလေးရဲ့ နှလုံးပုံမှန်မဟုတ်တာ၊ နှုတ်ခမ်း ဒါမှမဟုတ် အာခေါင်ကွဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါကတော့ ပြန်လည်ချုပ်ယူလို့ ရနိုင်ပါတယ်။
Comments