ကိုယ်ဝန်ဆောင်ထားတဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ချစ်ရမယ့် အကြောင်းပြချက် (၅)ခု

by: Nang Htwe
 0 comments  0 love

ဒီအပြောင်းအလဲတွေက ကိုယ်ဝန်ဆောင်ချိန်အတွင်း အံ့သြစရာကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာပါ

ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရပါတယ်။ အမဲစက်တွေထွက်တာ၊ ခါးတွေနာတာနဲ့ ဗိုက်ကြောပြတ်တာတွေ အများဆုံးကြုံရပါတယ်။ စီနီယာ သားသားမီးမီးလေးတွေရှိတဲ့ မေမေလောင်းတို့အတွက်တော့ ခံနိုင်ရည်ရှိနေပေမယ့် မေမေလောင်းအသစ်တွေအတွက်တော့ အခက်အခဲတစ်ခုလို ခံစားရပါတယ်။ ဒီလို ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကြုံနေရပေမယ့်လည်း ကိုယ့်ဝန်ဆောင်ထားတဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ချစ်မြတ်နိုးပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေဖြစ်ပြီး နောင်တချိန် ကလေးငယ်အရွယ်လာတဲ့အခါ အမှတ်တရအနေနဲ့ ကျန်ခဲ့ဦးမှာပါ။ ကိုယ့်ဝန်ဆောင်ထားတဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ချစ်မြတ်နိုးတဲ့ အကြောင်းပြချက် (၅)ခုကတော့

ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန် ပြီးနောက်မှာ မေမေတို့က ကလေးငယ်အတွက် စံပြစူပါဟီးရိုး တစ်ယောက် ဖြစ်လာပါတယ် (Photo by idnes.cz)

(၁) သင်ယူခြင်းများ

ကိုယ်ဝန်စဆောင်ပြီဆိုကတည်းက မေမေလောင်းတို့မှာ သင်ယူမှုအသစ်တွေ စတင်ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားချိန်နဲ့ မွေးပြီးချိန်တို့မှာ ပညာအသစ်တွေ သင်ယူရပါတယ်။ ဗိုက်ဗိုက်တို့ ထင်မထားတဲ့ ပြဿနာတွေကို ဖြေရှင်းရတာ၊ အခက်အခဲတွေကို ကျော်ဖြတ်ရတာ၊ ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို နားလည်အောင် ကြိုးစားရတာတွေက ဗိုက်ဗိုက်နဲ့ မေမေတို့ကို သန်မာလာစေပါတယ်။ ကိုယ်ဝန်ဆောင် ကလေးမွေးပြီးနောက်ပိုင်း တော်ရုံတန်ရုံ ပြဿနာလောက်တော့ မေမေတို့ စာမဖွဲ့တော့ပါဘူး။

(၂) စူပါဟီးရိုး

ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန် ပြီးနောက်မှာ မေမေတို့က ကလေးငယ်အတွက် စံပြစူပါဟီးရိုး တစ်ယောက် ဖြစ်လာပါတယ်။ ကလေးငယ်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ ကာကွယ်စောင့်ရှောက်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက ကိုယ့်သားသမီးကို ကာကွယ်ပေးချင်တဲ့ စိတ်တွေ စတင်ပေါ်ပေါက်လာပါတယ်။

(၃) ကောင်းတဲ့ အကျင့်တွေရလာခြင်း

အရင်တုန်းက ဘယ်လိုပဲနေထိုင်စားသောက်ခဲ့ပါစေ ကိုယ်ဝန်စရှိလာတာနဲ့ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်တတ်လာပါတယ်။ ကလေးမွေးပြီး နောက်ပိုင်းမှာလည်း ဒီကောင်းတဲ့ အကျင့်လေးတွေ ပါသွားပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက ကိုယ်ချင်းစာစိတ်တွေ၊ သနားစိတ်တွေ တိုးပွားလာပါတယ် (Photo by Babyweb.cz)

 

(၄) လက်ခံလာခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်ရာတွေက မေမေလောင်းတို့ရဲ့ အလှတရားတစ်ခုပါ။ အရင်တုန်းက ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ တစ်ခုခုရှိခဲ့ရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခဲ့ပါတယ်။ အခုချိန်မှာတော့ ဗိုက်ကြောပြတ်ရာတွေက ကိုယ့်ရဲ့ယုံကြည်မှုကို သက်ရောက်မှု မရှိတော့ပါဘူး။ ဘယ်လောက်ပဲ ဗိုက်ကြောပြတ်ရာတွေ ရှိနေပါစေ ပင်လယ်ကမ်းခြေသွားလည်တဲ့အခါမျိုးမှာ ဘီကီနီလေးတွေ ဝတ်ဖို့ ဗိုက်ဗိုက်တို့ ယုံကြည်မှုရှိနေပါတယ်။

(၅) ကိုယ်ချင်းစာတတ်လာခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက ကိုယ်ချင်းစာစိတ်တွေ၊ သနားစိတ်တွေ တိုးပွားလာပါတယ်။ အရင်တုန်းက စိတ်မရှည်တဲ့ဗိုက်ဗိုက်တွေဆိုရင် ကိုယ်ဝန်ဆောင်ချိန်နောက်ပိုင်းမှာ စိတ်ရှည်တဲ့ မေမေတွေ ဖြစ်လာပါတယ်။ ဒီအပြောင်းအလဲက ကိုယ်ဝန်ဆောင်ချိန်တွင်း အံ့သြစရာကောင်းတဲ့ အပြောင်းအလဲတစ်ခုပါ။

မိခင်တွေသာ ရရှိတဲ့ အတွေ့အကြုံဖြစ်ကြောင်း ပြောပြပေးလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x