မေမေတို့ သိထားသင့်တဲ့ သားအိမ်အလုံးတည်ခြင်းပြဿနာ

by: Nang Htwe
 0 comments  0 love

သားအိမ် အလုံးတည်တာ ဖြစ်ဖြစ်ချင်း အစပိုင်းမှာ လက္ခဏာမပြတာကြောင့် တော်တော်လေးဖြစ်လာမှ သိကြပါတယ်။ ultrasound ရိုက်ကြည့်မှသာ သိကြတာ များပါတယ်။

သားအိမ်နဲ့ ပတ်သက်ပြီး မေမေတို့ အမျိုးသမီးတွေ အများဆုံး ကြုံရတာကတော့ သားအိမ်အလုံးတည်တာပါ။ မေမေတို့ ပတ်ဝန်းကျင်မှာလည်း ဒီပြဿနာ ခံစားရတဲ့ အမျိုးသမီးတွေ တွေ့ရမှာပါ။ သားအိမ်အလုံးတည်တာက သားအိမ်ကင်ဆာနဲ့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။

သားအိမ်မှာ အလုံးတည်တာက ပုံစံအမျိုးမျိုးရှိပါတယ်။ အလုံးသေးသေးကနေ အလုံးကြီးကြီးအထိ အရွယ်အစား အမျိုးမျိုးရှိပါတယ်။ တချို့အလုံးတွေဟာဆိုရင် သားအိမ်ကို ကျယ်ပြန့်လာစေပြီး နံရိုးနားအထိ ရောက်လာပါတယ်။ ကိုယ်အလေးချိန် တိုးလာစေပါတယ်။

သားအိမ်မှာ အလုံးတည်တာက ပုံစံအမျိုးမျိုးရှိပါတယ် (Photo by Nebojša Zečević )

မေမေတို့ အမျိုးသမီးတော်တော်များများမှာ သားအိမ် အလုံးတည်တာ ခံစားရပါတယ်။ ဖြစ်ဖြစ်ချင်း အစပိုင်းမှာ လက္ခဏာမပြတာကြောင့် တော်တော်လေးဖြစ်လာမှ သိကြပါတယ်။ ultrasound ရိုက်ကြည့်မှသာ သိကြတာ များပါတယ်။

ရောဂါလက္ခဏာများ

သားအိမ်အလုံးတည်နေတာ သိနိုင်တဲ့ လက္ခဏာတွေကတော့

  • ဓမ္မတာလာတဲ့ ပမာဏ များခြင်း
  • ဓမ္မတာ တစ်ခါလာရင် တစ်ပတ်နီးပါး ကြာခြင်း
  • တင်ပါးဆုံ တဝိုက်နာခြင်း
  • မကြာခဏ ဆီးသွားခြင်း
  • ဆီးသွားဖို့ ခက်ခဲခြင်း
  • ဝမ်းချုပ်ခြင်း
  • ခါးနာခြင်း
  • ခြေထောက်နာခြင်း

တချို့သားအိမ်အလုံးတည်တဲ့ အမျိုးသမီးတွေမှာလည်း သေဆုံးတဲ့ ရှားပါး ဖြစ်ရပ်မျိုးလည်း ကြုံရပါတယ်။ ဒီအဖြစ်အပျက်က နည်းပါတယ်။ သားအိမ်အလုံးတည်တဲ့ နေရာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ သားအိမ်ရဲ့ ကြွက်သား နံရံတွေပေါ်မှာလည်း တည်သလို သားအိမ်ခေါင်းမှာလည်း တည်ပါတယ်။ သားအိမ် အပြင်ဖက်တည်တဲ့သူတွေလည်း ရှိပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ

  • တင်ပါးဆုံ တဝိုက် အလွန်နာကျင်တဲ့အခါ
  • ကာလကြာရှည်စွာနာကျင်ပြီး လေးလံလာတဲ့အခါ
  • ဓမ္မတာလာချိန်အပြင် တခြားအချိန်တွေမှာလည်း သွေးဆင်းတဲ့အခါ
  • ဆီးသွားဖို့ အခက်အခဲတွေ ဖြစ်လာတဲ့အခါ
  • သွေးအားနည်းလာတဲ့အခါမျိုးမှာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

သားအိမ်ကြွက်သားဆဲလ်တွေနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သိရပါတယ် (Photo by novi.ba)

ဘာကြောင့် သားအိမ် အလုံးတည်တာလဲ

ဘာကြောင့် အလုံးတည်ရတာလဲဆိုတာ တိတိကျကျ အဖြေမရှိပါဘူး။ သုတေသနတွေအရကတော့

မျိုးရိုးဗီဇပြောင်းလဲမှုများ

သားအိမ်ကြွက်သားဆဲလ်တွေနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဟော်မုန်း

ကိုယ်ဝန်ယူဖို့ လှုံဆော်ပေးတဲ့ ဟော်မုန်း Estrogen နဲ့ progesterone နှစ်မျိုးကြောင့်လည်း သားအိမ်အလုံးတည်တာမျိုး ဖြစ်နိုင်တယ်လို့လည်း ပြောကြပါတယ်။

တခြားပြဿနာများ

အင်ဆူလင်တို့လိုမျိုး ခန္ဓာကိုယ်ကြွက်သားတွေ ထိန်းသိမ်းပေးတဲ့ အရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ အခွင့်အလမ်းများ

  • ဓမ္မတာ စောစောလာခြင်း
  • အဝလွန်ခြင်း
  • ဗီတာမင် D ချို့တဲ့ခြင်း
  • အသားငါးနဲ့ ဟင်းသီးဟင်းရွက် အစားနည်းခြင်း
  • နို့နဲ့ နို့ထွက်ပစ္စည်းတွေ မစားခြင်း
  • အရက်ဘီယာတွေ သောက်ခြင်းတွေကြောင့်လည်း အလုံးတည်တာမျိုး ဖြစ်နိုင်ချေ အခွင့်အလမ်းမြင့်ပါတယ်။

သားအိမ်အလုံးတည်တာကို မေမေတို့ ရင်ဆိုင်ရပြီဆိုရင် ဆရာဝန်နဲ့ စနစ်တကျ ကုသဖို့ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x