ကလေးနို့တိုက်ချိန်မှာ မေမေတို့ ဝမလာအောင် ဘယ်လိုစားမလဲ

by: Nang Htwe
 2 comments  74 love

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရမျှမျှတတစားပြီး နေ့စဉ် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်မယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း(၉)လတုန်းက မေမေလောင်းနဲ့ သန္ဓေသားကျန်းမာရေးအတွက် ဘာစားရမယ်ဆိုတာ အစီအစဉ်တကျ ရှိခဲ့ပါတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း အတိအကျ လိုက်နာကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တုန်းက မစားရခဲ့တာတွေ ကလေးမွေးပြီး စားမယ်လို့ တင်းထားခဲ့ရင် မှားသွားမှာပါ။ ကလေးမွေးပြီးတဲ့အခါမှာလည်း ကိုယ်ဝန်ဆောင်ချိန်တုန်းကလို အစားအသောက်ကို ဂရုစိုက်ပေးရမှာပါ။

မေမေတို့စားတဲ့ အာဟာရက ကလေးငယ်ပေါ် သက်ရောက်မှု ရှိတာကြောင့် တွေ့ရာအစားအစာကို စားလို့မရပါဘူး (Photo by gettyimage)

အာဟာရမျှမျှတတ

အဓိက ကတော့ မိခင်နို့တိုက်တဲ့ မေမေတွေပါ။ မေမေတို့စားတဲ့ အာဟာရက ကလေးငယ်ပေါ် သက်ရောက်မှု ရှိတာကြောင့် တွေ့ရာအစားအစာကို စားလို့မရပါဘူး။ ကိုယ်ဝန်ဆောင်ချိန်တုန်းကလိုပဲ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကို စားပေးရပါမယ်။ မိခင်နို့တိုက်ကျွေးနချိန်မှာ အာဟာရမျှမျှတတစားပေးဖို့လိုပါတယ်။

ကယ်လိုရီပမာဏ

ကလေးငယ်နို့တိုက်ချိန်မှာ မေမေတို့အနေနဲ့ အစားရှောင်တာတွေ မလုပ်ရပါဘူး။ မေမေတို့ အစားရှောင်တာ ဒါမှမဟုတ် ဝိတ်ချလိုစိတ်နဲ့ အစားမစားတာတွေက ကလေးငယ်အတွက် လိုအပ်တဲ့ အာဟာရကို ထိခိုက်စေပါတယ်။ ကလေးငယ်ကို နို့တိုက်တဲ့ ပထမနေ့မှာ တစ်ရက်ကို အနည်းဆုံးကယ်လိုရီ (၄၀၀)အထက်လိုပြီး ကျန်လာတွေမှာတော့ (၃၀၀)ကယ်လိုရီနေ့တိုင်းရနေဖို့လိုပါတယ်။ ဖော်မြူလာနို့မှုန့်တိုက်ကျွေးနေတယ်ဆိုရင်တော့ ကယ်လိုရီဒီလောက် မလိုအပ်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရမျှမျှတတစားပြီးနေ့စဉ် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်မယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်ပါတယ် (Photo by gettyimage)

 

ကိုယ်အလေးချိန် ဆုံရှုံးမှု

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရမျှမျှတတစားပြီးနေ့စဉ် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်မယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်ပါတယ်။ အဝလွန်တာကိုလည်း တားဆီးပေးပါတယ်။ အာလူးကြော်တွေ၊ ကွတ်ကီးတွေ၊ သကြားလုံးတွေနဲ့ အချိုရည်တွေကို ရှောင်ရှားပေးတာက ကိုယ်အလေးချိန် တက်လာတာကို ကာကွယ်ပေးပါတယ်။ အိမ်မှာ ဟင်းချက်တဲ့အခါမှာလည်း အဆီနဲ့ သကြားအများကြီးထည့်တာကို ရှောင်ရှားပါ။ ဒါကြောင့် နို့တိုက်ချိန်မှာ အစားရှောင်တာကိုမလုပ်ဘဲ ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကိုသာ ရှောင်ရှားပေးပါ။ အစားရှောင်တာက ကလေးငယ်ရဲ့ ကြီးထွားဖွံ့ဖြိုးတာကို ထိခိုက်စေပါတယ်။

မိခင်နို့နဲ့ အစားအသောက်

မေမေတို့စားတဲ့ အစားအသောက်နဲ့ မိခင်နို့က ဆက်စပ်နေပါတယ်။ အစားအသောက်ပေါ်မူတည်ပြီး မိခင်နို့ရဲ့ အရသာနဲ့ အရည်အသွေးပြောင်းလဲပါတယ်။ မေမေတို့ အာဟာရပြည့်ပြည့်စားမှသာ မိခင်နို့ကောင်းမွန်ပြီး ကလေးငယ်လည်း ထွားကျိုင်းစေပါတယ်။ မေမေတို့ အစားရှောင်ခဲ့ရင် မိခင်နို့အရည်အသွေးကျဆင်းစေပါတယ်။ ကလေးငယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးစေပါတယ်။

  • မိခင်နို့အထွက်ကောင်းဖို့အတွက် ရေ၊ သဘာဝအသီးဖျော်ရည်နဲ့ နို့ပါတဲ့ အရည်တွေကို များများသောက်ပေးဖို့လိုပါတယ်။ မုယောစပါးနဲ့ နို့ပေါင်းစပ်ထားတဲ့ အာဟာရအရည်တွေကလည်း မိခင်နို့အထွက်ကောင်းစေပါတယ်။ အရည်များများသောက်ပေးတာက မိခင်နို့အထွက်ကောင်းစေတဲ့အပြင် ရေဓာတ်ပိတ်ဆို့တာအပြင် နို့ပြွန်ပိတ်ဆို့တာကိုလည်း ကာကွယ်ပေးပါတယ်။ မေမေတို့ တစ်ရက် ရေဘယ်နှစ်ခွက်သောက်ရမယ်ဆိုတာက ဆရာဝန်နဲ့ သူနာပြုဆရာမတွေက ညွှန်ကြားပေးပါလိမ့်မယ်။
  • ကော်ဖီနဲ့ လက်ဖက်ရည်ကို တစ်ရက်နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။ ကဖင်းဓာတ်က ကလေးငယ်ရဲ့ စိတ်တိုစေပြီး ဇီဇာကြောင်တာကို ခံစားရစေနိုင်ပါတယ်။
  • ဆေးလိပ်သောက်တာကို ရှောင်ကျဉ်ပါ။ ဆေးလိပ်မီးခိုးက ကလေးငယ်ရဲ့ အသက်အန္တရာယ်ကျရောက်စေပါတယ်။
  • မိခင်နို့တိုက်နေစဉ် အရက်ကို ရှောင်ရှားတာ အကောင်းဆုံးပါ။
  • မိခင်နို့ထွက်ကောင်းစေမယ့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးနိုင်ပါတယ်။

မိခင်နို့နဲ့ ဗီတာမင်ဓာတ်များ

ဇင့်

ဇင့်ဓာတ်က မေမေနဲ့ ကလေးငယ်ကို ကိုယ်ခံစွမ်းအားကောင်းစေပြီး ခန္ဓာကိုယ်ကျန်းမာစေပါတယ်။ ဆဲလ်မျိုးပွားတာကို အထောက်အကူပြုပြီး အနာဖြစ်တာကို ကာကွယ်ပေးပါတယ်။ တစ်သျှူးတိုးတက်တာနဲ့ ပြုပြင်တာတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဇင့်ပါတဲ့ အစားအစာတွေက အရသာရှိပြီး ကာဘိုဟိုက်ဒရိုက်၊ ပရိုတိန်းနဲ့ အဆီဓာတ်တို့ကို အကူအညီပေးပါတယ်။ ဥပမာ- အသား၊ ကမာ၊ ကြက်၊ ဘဲ၊ ပဲပင်ပေါက်၊ ကြက်ဥ၊ ငါးနဲ့ ပင်လယ်စာ၊ ဂျုံ၊ စပါး၊ ပဲပုပ်နဲ့ ပဲအမျိုးမျိုး

ကယ်လ်ဆီယမ်

အရိုးများကို ခိုင်မာစေတဲ့အပြင် အရိုးဖွဲ့စည်းတည်ဆောက်တာကိုလည်း အကူအညီပေးပါတယ်။ ကြွက်သားနဲ့ နှလုံးကျုံ့တာကို ကာကွယ်ပေးပြီး အာရုံကြော လုပ်ငန်းစဉ်တွေကို အကူအညီပေးပါတယ်။ သွေးခဲတာကိုလည်း ကာကွယ်ပေးပါတယ်။ ဥပမာ- ဒိန်ခဲ၊ ဒိန်ချဉ်နဲ့ နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ငါးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်ဖျော်ရည်များ

သံဓာတ်

သံဓာတ်က ခန္ဓာကိုယ်အနှံ့သွေးစီးဆင်းတာကို အထောက်အကူပြုပါတယ်။ ကလေးငယ်မှာ သံဓာတ်အားနည်းလာခဲ့ရင် သွေးအားနည်းတာ၊ အားနည်းတာနဲ့ ရောဂါပိုးဝင်တဲ့ အန္တရာယ်တွေ ကြုံတွေ့လာနိုင်ပါတယ်။ ဥပမာ- အသည်းနဲ့ ကလီစာများ၊ ဟင်းနုနွယ်ရွက်၊ ပဲနဲ့ ပဲအမျိုးမျိုး

ကလေးနို့တိုက်ချိန်မှာ အာဟာရမျှမျှတတစားပေးတာက ကလေးငယ်အတွက် အထောက်အကူတွေရနိုင်တဲ့အပြင် မေမေတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တာကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles