
လေ့ကျင့်ခန်းလုပ်ပါ
မေမေတို့မှာ ကိုယ်ဝန် မဆောင်ခင်ကတစ်မျိုး၊ ကိုယ်ဝန်ဆောင်နေချိန်မှာတစ်မျိုးနဲ့ ကလေးမွေးပြီးချိန်မှာ တစ်မျိုး ခန္ဓာကိုယ်အလေးချိန်ဟာ အမျိုးမျိုး အတက်အကျ ဖြစ်နေမှာပါ။ ကိုယ်ဝန်မဆောင်ခင်မှာ တားဆေးတွေကြောင့် ဝတာလည်း ရှိသလို နဂိုတည်းက ပိန်တာမျိုးလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာတော့ အများအားဖြင့် ခန္ဓာကိုယ်အလေးချိန်ဟာ တိုးလာပြီး ဝလာပါတယ်။ ကလေးမွေးဖွားပြီးအချိန်မှာတော့ မေမေတို့ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြတော့ပါဘူး။ တချို့က ပြန်ပိန်သွားတာ ရှိသလို တချို့ကတော့လည်း ဝမြဲ ဝဆဲပါပဲ။
မေမေတို့ ကလေးမွေးပြီးတဲ့အခါကျရင်တော့ အရင်လို ကိုယ်ရည်စစ်ပြီး လှတာလေး ပြန်ဖြစ်ချင်ကြတယ်မလား။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လောက်ပဲ ဝခဲ့ဝခဲ့ အန္တရာယ်ကင်းကင်းနဲ့ ခန္ဓာကိုယ်အလေးချိန် ကိုယ်ရည်စစ်အောင်လုပ်လို့ ရပါတယ်။ တချို့မေမေတွေကတော့ ကလေးထိန်းရင်း အိပ်ရေးပျက်တာတွေများတာမို့ ပြန်ပိန်သွားပါတယ်။
မေမေတို့ရေ မနက်စာကို မှန်မှန်လေး စားပေးနော်။ ဘယ်လို မနက်စာပဲ စားစား အဓိကက မနက်စာ ပုံမှန်အချိန်မှန်စားဖို့ပါပဲ။ တစ်နေ့ကို အသီးနဲ့ အရွက် ငါးမျိုးလောက် ငါးကြိမ်လောက် ပါအောင်စားပါ။ တို့စရာ များများတို့တာမျိုးပေါ့။ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ ပဲနီလေး၊ အစေ့အဆန်တွေလိုမျိုး အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို နေ့စဉ်အာဟာရမှာထည့်သွင်းစားသုံးပါ။ ပဲနီလေး ဟင်းချိုက မေမေတို့အတွက် အကောင်းဆုံးနော်။ အဆီတွေ၊ အသင့်စား အစားအစာ၊ သကြားဓါတ်များလွန်းတဲ့ အစားအစာ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေ စားသောက်တာ လျှော့ချလိုက်ပါ။
ကလေးမွေးပြီး နေအတော်ပြန်ကောင်းလာတဲ့ အခါမှာဆိုရင်တော့ လေ့ကျင့်ခန်းတွေ ပြန်လည်လုပ်ဆောင်ပါ။ ကြွက်သားလေ့ကျင့်ခန်း၊ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ခါးအကြောဆန့်လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပါ။ အရမ်းပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ကိုတော့ တစ်လခွဲလောက်ကြာအောင် စောင့်ပါ။ ဂျင်ဆော့ဖို့လည်း တစ်လခွဲကျော်ကြာအောင် စောင့်ပါ။
Comments