ခွဲမွေးထားတဲ့မေမေတွေ အားပြန်ပြည့်အောင် ဘာတွေစားရမလဲ

by: Nang Htwe
 0 comments  0 love

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်တွေ၊ သံဓါတ်တွေနဲ့ ကယ်ဆီယမ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်

ခွဲမွေးထားတဲ့မေမေတို့မှာ တခြားနာကျင်မှုတွေနဲ့ မတူတဲ့ ဝေဒနာကို ခံစားရပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းရပါတယ်။ စိတ်ဖိစီးမှုတွေလည်း ပိုများပါတယ်။ စိတ်ဖိစီးမှုတွေ၊ နာကျင်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်တာတွေ သက်သာစေဖို့နဲ့ မိခင်နို့ အထွက်ကောင်းစေဖို့ အတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားပေးရပါမယ်။

ဝမ်းမချုပ်ဖို့နဲ့ ရေဓါတ်မခမ်းခြောက်ဖို့အတွက် ရေများများသောက်ပေးရပါမယ် (Photo by Happy Family Organics)

ပရိုတိန်းနဲ့ ကယ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာများ

ပရိုတိန်းဓါတ်က တစ်သျှူးအသစ်တွေ အမြန်ထွက်လာစေပါတယ်။ ပရိုတိန်းဓါတ်က မေမေတို့ရဲ့ ချုပ်ရိုးဒဏ်ရာကိုလည်း အမြန်ကျက်စေပါတယ်။ ကယ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ အရိုးနဲ့သွားတွေ ကျန်းမာစေတဲ့အပြင် ကြွက်သားတွေကို အနားယူစေပြီး သွေးလည်ပတ်မှုကောင်းကာ အရိုးပွတာကို တားဆီးပေးပါတယ်။ ဥပမာ အဆီထုတ်ထားတဲ့ နွားနို့၊ ချိစ့်၊ ဒိန်ချဉ်၊ ပဲအမျိုးမျိုး။

ဆန်လုံးညို၊ ပေါင်မုန့်ညို

ဆန်လုံးညိုနဲ့ ပေါင်မုန့်ညို တို့မှာ ကာဗိုဟိုက်ဒရိုက် ကြွယ်ဝစွာပါဝင်တာကြောင့် ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ပေးပါတယ်။ မိခင်နို့ အထွက်ကောင်းအောင်လည်း အထောက်အကူပြုပါတယ်။ အမျှင်ဓါတ်၊ ဖောလစ်အက်ဆစ်နဲ့ သံဓါတ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးငယ်ရဲ့ အစောပိုင်းဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။ မနက်စာအနေနဲ့ စားသုံးပေးပါ။

ဗီတာမင် ကြွယ်ဝတဲ့ အစားအစာများ

ဗီတာမင်တွေမှာ antioxidants ကြွယ်ဝစွာပါဝင်တာကြောင့် တစ်သျှူးတွေကို အမြန်ပြန်ကောင်းလာစေပါတယ်။ ဗီတာမင်တွေက ကော်လဂျင်တွေကို ထုတ်လုပ်ပေးတာကြောင့်လည်း အမာရွတ်၊ အသားအရည်နဲ့ ပျက်ဆီးသွားတဲ့ တစ်သျှူးတွေကို ပြန်ကောင်းလာစေပါတယ်။ ဥပမာ ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ)၊ ဟင်းနုနွယ်ရွက်၊ လိမ္မ်ာသီး၊ သဘောင်္သီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ စပျစ်သီးနဲ့ ကန်စွန်းဥ။

အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာများ

ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ ဝမ်းချုပ်တဲ့ပြဿနာကို ရင်ဆိုင်ရပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေက အူသိမ်အူလှုပ်ရှားမှုကို ကောင်းစေပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ Oats၊ အစိမ်းရောင်ပဲနဲ့ ပဲအမျိုးမျိုး။

အစာကြေလွယ်တဲ့ အစားအစာများ

အစာကြေလွယ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ ဥပမာ ချိစ့်၊ ဒိန်ချဉ်နဲပ ဟင်းချိုရည်များ။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်တွေ၊ သံဓါတ်တွေနဲ့ ကယ်ဆီယမ်တွေ ကြွယ်ဝစွာပါဝင်ပါတယ် (Photo by Practo )

သံဓါတ်ကြွယ်ဝတဲ့ အစားအစာများ

ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။ ကြက်ဥ၊ ကြက်သား၊ အနီရောင်အသားများ၊ ခရုနဲ့ ဟင်းသီးဟင်းရွက်တွေမှာ သံဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

အရည်များ

ဝမ်းမချုပ်ဖို့နဲ့ ရေဓါတ်မခမ်းခြောက်ဖို့အတွက် ရေများများသောက်ပေးရပါမယ်။ အူသိမ်အူလှုပ်ရှားမှုကောင်းဖို့နဲ့ အနာကျက်စေဖို့ ရေများများသောက်ပေးရပါမယ်။ ရေအပြင် အုန်းရည်၊ အဆီထုတ်ထားတဲ့ နွားနို့၊ ဖျော်ရည်များနဲ့ ဟင်းချိုများ။

နို့နဲ့ နို့ထွက်ပစ္စည်းများ

အဆီထုတ်ထားတဲ့ နွားနို့၊ ချိစ်နဲ့ ဒိန်ချဉ်တို့မှာ ပရိုတိန်း၊ ကယ်ဆီယမ်၊ ဗီတာမင်B နဲ့ D တို့ပါဝင်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်း တစ်ရက်ကို (၅၀၀) မီလီလီတာ စားပေးသင့်ပါတယ်။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်တွေ၊ သံဓါတ်တွေနဲ့ ကယ်ဆီယမ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့ မဖြစ်မနေ စားပေးသင့်ပါတယ်။

ခွဲမွေးထားတဲ့မေမေတွေအနေနဲ့ ဝမ်းမချုပ်အောင် ရေများများသောက်ပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x