မေမေတို့ရေ ရင်သွေးလေးက မေမေတို့ရဲ့နို့ကို မစို့လို့ စိတ်ညစ်နေရပါသလား။ ကလေးတိုင်း မေမေ့နို့ကို စို့ကြပေမယ့် မေမေရဲ့ နို့ကို မစို့တဲ့ သားသားမီးမီးလေးတွေလည်း ရှိပါသေးတယ်။ ဒီ့အတွက်တော့ မေမေတို့ စိတ်မကောင်းလည်းဖြစ်၊ စိတ်လည်း ညစ်စရမှာပါ။ ဒါကြောင့် ရင်သွေးလေးတွေ မေမေရဲ့ နို့ဘာကြောင့် မစို့ရသလဲဆိုတာ သိထားသင့်သလို သူတို့လေးတွေ နို့စို့လာဖို့အတွက်လည်း ပြင်ဆင်ပြုလုပ်လို့ရတာလေးတွေ မျှဝေပေးလိုက်ပါတယ်။

မေ့မေ့နို့ကို မစို့ချင်တဲ့ သားသားလေး
နို့သီးခေါင်းကြီးခြင်း
မေမေတို့ရဲ့ နို့သီးခေါင်းနဲ့ ရင်သွေးလေးရဲ့ ပါးစပ်နဲ့ မဆံ့တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီအခါမှာ သူတို့လေးတွေ မေမေ့နို့ကို သိပ်ကြာကြာ မစို့တတ်ကြပါဘူး။ တချို့ မေမေတွေရဲ့နို့သီးခေါင်းဟာ ကြီးမယ်ဆိုရင် ကလေးတွေ စို့ဖို့ ခက်ပါတယ်။ နောက်တစ်ခုကတော့ မေမေတို့ရဲ့ နို့သီးခေါင်းမှာ အနာရှိနေမယ်ဆိုရင်လည်း သူတို့ နို့စို့ဖို့ ငြင်းဆန်နေမှာပါ။ ဒီအချိန်မှာတော့ မေမေတို့ ဆေးခန်းပြကြည့်ပါ။
နို့ထွက်နှုန်း
မေမေတို့ရဲ့ နို့ထွက်နှုန်းကိုလည်း သတိထားပါ။ တချို့မေမေတွေဟာ နို့ထွက်အား အရမ်းသန်တဲ့အတွက် ကလေး အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် သူတို့ နို့စို့ဖို့ ငြင်းဆန်လာတတ်ကြပါတယ်။ မေမေတို့ သူတို့လေးတွေကို မတိုက်ခင် နည်းနည်းညှစ်ထုတ်လိုက်ပါ။ နို့ထွက်အား နှေးသွားပြီဆိုမှ တိုက်ကြည့်ပါ။

မေမေ့နို့မစို့ဘဲ နို့ဗူးကြိုက်နေတဲ့ သားလေး
အသက်အရွယ်
မေမေတို့ရေ ရင်သွေးလေး(၃) လကနေ(၆) လအတွင်းမှာ နို့တိုက်ရ နည်းနည်းခက်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လေးတွေရဲ့ အမြင်အာရုံ အရင်ကထက် စတင်ကောင်းလာတာမို့ နည်းနည်းစပ်စုတတ်လာပါပြီ။ ဒီအချိန်မှာ နို့သိပ်မစို့တာ ဖြစ်ခဲ့ရင် နည်းနည်းမှောင်တဲ့ အခန်းမှာ နို့တိုက်ကြည့်ပါ။ မေမေတို့ လည်ပင်းမှာ အရောင်လက်လက်တွေ ဆွဲထားမယ်ဆိုရင်လည်း အရောင်လက်လက်လေးကို စိတ်ဝင်စားနေချိန်မို့ နို့စို့နိုင်ပါတယ်။ မေမေတို့ ကြိုးစားကြည့်ပါနော်။
နို့ဗူး
မေမေတို့ရေ ကလေးကို နိုဗူးရော၊ မိခင်နို့ရော တိုက်တယ်ဆိုရင် တခါတလေမှာ သူတို့လေးတွေ မိခင်နို့ကို ငြင်းတတ်ကြပါတယ်။ မေမေ့ရဲ့နို့ကို အားစိုက်ပြီး မစို့ချင်တော့တာပါ။ ကလေးရဲ့ သွားဖုံးနာကျင်တာတွေ ရှိရင်လည်း သူတို့ နို့မစို့တတ်ပါဘူး။
ဟော်မုန်းအပြောင်းအလဲ
နောက်တစ်ခုကတော့ မေမေတို့ရဲ့ဟော်မုန်းအပြောင်းအလဲပါ။ မေမတို့ ရာသီလာနေစဉ်နဲ့ သားဥကြွေနေတဲ့အချိန် ဟော်မုန်းပြောင်းလဲတာဟာ နို့အပေါ်မှာ သက်ရောက်မှု ရှိသွားပြီး ကလေးတွေ နို့မစို့တော့တာဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments