ကလေးကို ထမင်းရည် တိုက်ချင်လို့ပါ၊ တိုက်လို့ရလား အစရှိတဲ့ မေးခွန်းအဖြေများ

by: Nang Htwe
 0 comments  1 love

ထမင်းရည်ကို ဒီအတိုင်းကျွေးလည်းရသလို ပိုပြီး အာဟာရပြည့်စုံသွားအောင် ကန်စွန်းဥ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တစ်မျိုးမျိုး ရောပြီး ကျွေးတာ ပိုကောင်းပါတယ်

မေမေတော်တော်များများ ကလေးအစားအသောက်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီးမေးကြပါတယ်။ မေးခွန်းတွေထဲမှာ ကလေးကို ထမင်းရည်တိုက်လို့ရလားဆိုတာလည်း ပါပါတယ်။

ဖြည့်စွက်စာ စကျွေးချိန် အသက်(၆)လမှာ စတင်ကျွေးလို့ရပါပြီ (Photo by ifealth.com )

ထမင်းရည်ဘယ်ကရ

ဖြည့်စွက်စာ စကျွေးချိန် အသက်(၆)လမှာ စတင်ကျွေးလို့ရပါပြီ။ မေမေတို့ အများစုကတော့ ထမင်းရည်ကို ရိုးရာနည်းအရ ထမင်းချက်ပြီး ရယူကြပါတယ်။ ထမင်းရည်မှာ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ အများကြီးပါဝင်နေပါတယ်။ အားသာချက်ကတော့ အစာကြေလွယ်ပြီး ဓါတ်မတည့်တာတွေ နည်းစေတာပါ။

ဗီတာမင်နဲ့ အာဟာရဓါတ်များ

ထမင်းရည်ဟာဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို အထောက်အကူပြုတဲ့အပြင် ဗီတာမင် B1 , B2 နဲ့ B3 တို့ ပါဝင်ပါတယ်။ သတ္ထုဓါတ်တွေ အနေနဲ့ကတော့ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။ နောက်ပြီး အမျှင်ဓါတ်နဲ့ ဗီတာမင် A လည်း ပါဝင်ပါတယ်။

အကောင်းဆုံးအတွက်

ထမင်းရည်ကို ဒီအတိုင်းကျွေးလည်းရသလို ပိုပြီး အာဟာရပြည့်စုံသွားအောင် ကန်စွန်းဥ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တစ်မျိုးမျိုး ရောပြီး ကျွေးတာ ပိုကောင်းပါတယ်။ ဒီလိုကျွေးမယ်ဆိုရင် ကလေးငယ်အတွက် ပရိုတိန်းတွေ၊ ဗီတာမင်အစုံအလင်နဲ့ အမျှင်ဓါတ်တွေ အများကြီး ရသွားပြီပေါ့နော်။

ထမင်းရည်ရဲ့ အကျိုးကျေးဇူး

ထမင်းရည်မှာ ကာဗိုဟိုက်ဒရိုက်ပါဝင်တာကြောင့် ကလေးငယ်ရဲ့ ခန္ဓာကိုယ်အတွက် အကောင်းဆုံး စွမ်းအင်တွေကို ရရှိပါတယ်။ နောက်ပြီး ရေဓါတ်ခမ်းခြောက်တဲ့ ပြဿနာကို ကာကွယ်ပေးပါတယ်။ အသားအရည်ကို ချောမွေ့လာစေပါတယ်။

ထမင်းရည်မှာ အကျိုးကျေးဇူးတွေ ရှိနေပေမယ့်လည်း ခဏခဏတော့ မကျွေးသင့်ပါဘူး (Photo by NDTV Doctor)

တန်ဆေးလွန်ဘေး (၁)

ထမင်းရည်မှာ အကျိုးကျေးဇူးတွေ ရှိနေပေမယ့်လည်း ခဏခဏတော့ မကျွေးသင့်ပါဘူး။ နေ့တိုင်း မကျွေးသင့်တာပါ။ ထမင်းရည်ကို နေ့တိုင်းကျွေးနေမယ်ဆိုရင် ကလေးငယ်ဟာ မိခင်နို့စို့တာ နည်းသွားတဲ့အပြင် ရေ၊ အသီးဖျော်ရည်၊ စွပ်ပြုတ် တို့ကိုလည်း သိပ်မစားတော့ပါဘူး။ ဒီတော့ ကလေးငယ်ရဲ့ ခန္ဓာကိုယ်မှာ ရေဓါတ်နည်းလာနိုင်ပါတယ်။

တန်ဆေးလွန်ဘေး (၂)

နောက်တစ်ခုကတော့ ထမင်းရည်မှာ အာဟာရဓါတ်တွေ ပါပေမယ့်လည်း ပြီးပြည့်စုံတဲ့ အာဟာရတွေတော့ မပါပါဘူး။ ထမင်းရည်ပဲ တိုက်နေမယ်ဆိုရင်တော့ အာဟာရ လိုအပ်ချက်တွေ ကြုံလာရမှာပါ။

တန်ဆေးလွန်ဘေး (၃)

ဆန်ဟာဆိုရင် အမျိုးအစားအလိုက် ကလေးငယ်နဲ့ ဓါတ်မတည့်နိုင်တဲ့ ရာခိုင်နှုန်းမြင့်မားပါတယ်။ နောက်တစ်ချက် မေမေတွေ မှားယွင်းနေတာကတော့ မိခင်နို့အစား ထမင်းရည်တိုက်ကျွေးနေတာမျိုးပါ။ ဒါဟာ လုံးဝမှားယွင်းနေပါတယ်။

ထမင်းရည်ဟာဆိုရင် ကလေးငယ်အတွက် ကောင်းပါတယ်။ ဒါပေမယ့် နေ့တိုင်း၊ ခဏခဏ တော့ မကျွေးသင့်တဲ့ အရာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x