ကလေးဥာဏ်ရည်ကို တိုးတက်စေမယ့် အစားအစာများ

by: Phyo Pyae Thu
 0 comments  1 love

မေမေတို့ရေ သားသားမီးမီးလေးတွေ စားမယ့် အစားအစာတွေထဲမှာ ကလေးဥာဏ်ရည်ကို တိုးတက်စေမယ့် အစားအစာတွေ ထည့်သွင်းချက်ပြုတ်ပေးဖို့ပါပဲ။ 

သားသားမီးမီးလေးတွေကို ဥာဏ်ကောင်းစေချင်ကြတယ်မလား (Photo: Parenting Squad)

မေမေတို့ရေ သားသားမီးမီးလေးတွေကို ဥာဏ်ကောင်းစေချင်ကြတယ်မလား၊ ဒါဆိုရင်တော့ မေမေတို့ ကလေးဥာဏ်ရည်အတွက် လွယ်လွယ်ကူကူ ကြိုးစားပေးလို့ ရတာ ရှိပါတယ်။ အဲဒါကတော့ သားသားမီးမီးလေးတွေ စားမယ့် အစားအစာတွေထဲမှာ ကလေးဥာဏ်ရည်ကို တိုးတက်စေမယ့် အစားအစာတွေ ထည့်သွင်းချက်ပြုတ်ပေးဖို့ပါပဲ။

 ပဲအမျိုးမျိုး

ပဲတွေမှာ ပရိုတင်းဓာတ်တွေ၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ်များစွာ ပါဝင်တာကြောင့် ကိုယ်ခန္ဓာအတွက် စွမ်းအင်ရရှိစေနိုင်ပါတယ်။ ကလေးငယ်တွေရဲ့နေ့လည်စာထဲမှာပဲအမျိုးမျိုးကို ထည့်သွင်းကျွေးပေးတာက နေ့လယ်ပိုင်းအချိန်မှာ ကလေးငယ်တွေရဲ့ စွမ်းရည်နဲ့တွေးတောနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဘိုစားပဲနဲ့ pinto ပဲတွေမှာ အခြားပဲတွေထက် အိုမီဂါ သရီးဖက်တီးအက်ဆစ်ဓာတ် ကြွယ်ဝစွာပါဝင်တယ်။ အိုမီဂါ-သရီးဖက်တီးအက်ဆစ်က ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေအတွက်အရေးပါ ပါတယ်။ 

 အဆီနည်းတဲ့အမဲအသား

သံဓာတ်က ကလေးငယ်တွေကို စွမ်းအင်ပြည့်ဝနေစေပြီး ကျောင်းမှာအာရုံစိုက်နိုင်ဖို့အတွက် အထောက်အကူပြုတဲ့ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ အဆီနည်းတဲ့အမဲအသားဟာ သံဓာတ်ကြွယ်ဝတဲ့အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အမဲသားမှာ မှတ်ဥာဏ်ကောင်းမွန်အောင်အထောက်အကူပြုတဲ့ ဇင့်ဓာတ်ပါဝင်နေပါတယ်။ 

ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာပါဝင်တဲ့ ပရိုတင်းနဲ့အာဟာရဓာတ်တွေက ကလေးငယ်တွေကိုအာရုံစိုက်နိုင်စွမ်းမြင့်မားအောင် အထောက်အကူပြုပါတယ်။

 ဒိန်ချဉ်

အဆီက ဦးနှောက်ကျန်းမာသန်စွမ်းဖို့အတွက်အရေးပါပါတယ်။ အဆီပြည့်ဝတဲ့ ဒိန်ချဉ်က ဦးနှောက်ဆဲလ်တွေကို သတင်းအချက်အလက်တွေ လက်ခံမှု၊ပေးပို့မှုတွေအတွက် ကောင်းမွန်တဲ့အနေအထားမျိုးဖြစ်အောင် ကူညီ ထိန်းသိမ်းပေးပါတယ်။ အာဟာရဓာတ်တွေက ဦးနှောက်ထဲကိုသွေးစီးဆင်းမှု တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းဖြင့် မှတ်ဥာဏ်ကိုထက်မြက်စေပါတယ်။ 

 အစိမ်းရောင်အသီးအရွက်များ

ဗီတာမင်တွေကြွယ်ဝစွာပါဝင်နေတဲ့ ဒေါက်ခွရွက်တွေနဲ့ ကိုက်လန်တွေက အသက်အရွယ် ကြီးရင့်လာတဲ့အခါ ခံစား ရနိုင်တဲ့ မှတ်ဥာဏ်ပျက်ယွင်းတဲ့ဝေဒနာ (dementia) ရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ကိုက်လန်မှာ ဦးနှောက်ဆဲလ်အသစ်တွေကို ကြီထွားဖွံ့ဖြိုးစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အခြားဓာတ်တွေများစွာပါဝင် နေပါတယ်။ 

 ငါး

ငါးမှာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းတာနဲ့မှတ်ဥာဏ်စွမ်းရည် လျော့ကျတာတွေကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် ဒီ နဲ့ အိုမီဂါ သရီးဖက်တီး အက်ဆစ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဆယ်လ်မွန်၊တူနာနဲ့ဆာဒင်းငါးတွေ မှာ အိုမီဂါ သရီးကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဦးနှောက်အတွက်အိုမီဂါ သရီး ပမာဏများများရရှိလေလေ  ကလေး တွေကို အာရုံစူးစိုက်နိုင်စွမ်းပိုမိုကောင်းမွန်စေမှာဖြစ်သလို ကလေးငယ်တွေရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ 

 အခွံမာသီးနဲ့အစေ့အဆန်များ

ပရိုတင်းဓာတ်တွေ၊အရေးပါတဲ့ ဖက်တီးအက်ဆစ်တွေ၊ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ များစွာပါဝင်နေတဲ့ အခွံမာ အသီးတွေနဲ့ အစေ့အဆန်တွေက  စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေပြီး အာရုံစနစ်ကို ထိန်းသိမ်းပေးပါတယ်။ 

DHA က သားသားမီးမီးလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ် (photo: Thirteen Celebration)

ဥာဏ်ရည်အတွက် လိုအပ်တဲ့ အာဟာရဓါတ်ကဘာလဲ

ဥာဏ်ရည်အတွက် လိုအပ်တဲ့ အာဟာရဓါတ်ကတော့ DHA ပါ။ DHA က သားသားမီးမီးလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ်။ ကလေးတွေ စားသုံးမယ့် အာဟာရဓါတ်တွေထဲမှာ DHA မျှတစွာ ပါမယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို မြင့်တက်စေပြီး DHA ချို့တဲ့မယ်ဆိုရင်တော့ ကလေးတွေမှာ သင်ယူနိုင်စွမ်းနည်းပါတယ်။

မဖြစ်မနေလိုအပ်ခြင်း

DHA က ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့  omega-3 fatty acids တစ်မျိုးဖြစ်ပြီး သားသားမီးမီးလေးတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးစေပါတယ်။ ဒါကြောင့် မေမေ့ကလေးလေးကို ဥာဏ်ရည်ထက်မြက်တဲ့ ကလေးလေးဖြစ်စေချင်တယ်ဆိုရင် ကလေးစားမယ့် အစားအစာတွေထဲမှာ DHA ထည့်ကျွေးပေးပါ။

DHA ချို့တဲ့မယ်ဆိုရင်

မေမေ့ကလေးလေး DHA ချို့တဲ့မယ်ဆိုရင် ဥာဏ်ရည်ဥာဏ်သွေးအားနည်းခြင်းနဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို ပြဿနာ ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ အာရုံစူးစိုက်မှုအားနည်းတဲ့ ရောဂါ အပြင် ကလေးမှာ စိတ်ကျရောဂါတွေအထိတောင် ဖြစ်နိုင်ပါတယ်။

DHA အာဟာရကို ဘယ်လိုအစားအစာတွေကနေ ရရှိနိုင်မလဲ

မေမေတို့ ကလေးလေးကို ကျွေးပေးရမယ့် အစားအစာတွေကတော့ ဆယ်လမွန်ငါး အပါအဝင် ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဒိန်ချဉ်၊ ငါးဥ၊ မြေပဲအမျိုးမျိုး၊ တို့ဟူး၊ နွားနို့ (အသက်တစ်နှစ်မှသာ) တွေပဲ ဖြစ်ပါတယ်။ ဒီအစားအစာတွေကတော့ DHA ဓါတ် ရှိတဲ့ အစားအစာတွေမို့ ကလေးလေး ဥာဏ်ကောင်းစေမှာ သေချာပါတယ်။ မေမေတို့ ကျွေးပေးဖို့ မမေ့ပါနဲ့နော်။

မေမေတို့ရေ သားသားမီးမီးလေးတွေ ဥာဏ်ရည်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ရှိဖို့ လိုအပ်ကြောင်း Kalay ကနေပြောပြပေးလိုက်ပါတယ်။

 

From Kalay with

Tag: advicebrainfood

Comments

0 comments
Latest video