မေမေတို့ရေ မွေးကင်းစကလေးငယ်အတွက် နေ့တိုင်း (၁)နာရီမှ (၃)နာရီ တစ်ကြိမ် နို့တိုက်ကျွေးဖို့ လိုအပ်ပါတယ်နော်။ ဒီလို လိုအပ်တာကြောင့် နို့တိုက်တဲ့အခါ ပထမဆုံးရက်တွေမှာ ခါးနာတာ အဖြစ်များပါတယ်။ ပထမဆုံး ကလေးမွေးထားတဲ့ မေမေအသစ်တွေဆိုရင် နို့တိုက်တာကို ပုံစံတကျ သိသေးမှာ မဟုတ်တဲ့အတွက် မကြာခဏ ခါးနာတတ်ပါတယ်။ ဒီလို ဖြစ်တာဟာ နို့တိုက်မိခင်များအတွက် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာပြီး နာတာရှည်ရောဂါအနေနဲ့တောင် ဖြစ်သွားနိုင်ပါတယ်။
နို့တိုက်နေတဲ့အခါ ခါးနာတာကို ဖြစ်စေနိုင်ပေမဲ့လည်း သေချာဂရုတစိုက်နဲ့ စနစ်တကျနဲ့ တိုက်ပေးသွားရင်တော့ ခါးနာခြင်းကို သက်သာစေမှာလဲ ဖြစ်ပါတယ်။ တခါတလေ ခါးနာတာနဲ့အတူ ကျောနာတာပါကိုပါ တွဲပြီး ခံစားရလေ့ရှိလဲ ရှိတာကြောင့် ဒီလို နာတာတွေ သက်သာစေဖို့အတွက် နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။
နို့တိုက်နေတဲ့အချိန် ခါးနာခြင်းကို ဘာလို့ဖြစ်စေတာလဲ?
ပြောရရင်တော့ ပုံစံမကျတဲ့ နို့တိုက်ခြင်းတို့ကြောင့်ပါ။ ဥပမာ- ခါးကုန်းပြီး နို့တိုက်တာတို့၊ ကလေးကို ချီပြီး နို့တိုက်တာတို့၊ တခါတလေ တွေ့ရာနေရာမှာ ထိုင်ပြီး နောက်က အခုအခံမပါပဲ နို့တိုက်တာတို့ စတာတွေကို လုပ်ပါများတဲ့ ကျောအနောက်ဘက်မှာ ရှိတဲ့ ကြွက်သားတွေဟာ တောင့်တင်းလာပြီး ခါးနာတာ၊ ကျောနာတာတွေကို ခံစားလာစေပါတယ်။

မီးဖွားပြီးနောက် ကြွက်သားပြဿနာများ
မီးဖွားပြီးနောက် ကြွက်သားများ လျော့ရဲလာခြင်း (diastasis recti) နှင့် တင်ပါးဆုံတွင်း ကြွက်သားများ ချွတ်ယွင်းခြင်းကဲ့သို့သော အချို့သောကြွက်သားဆိုင်ရာ ပြဿနာများသည်လည်း ခါးနာခြင်းကို ဖြစ်စေနိုင်သည်။
နို့တိုက်နေချိန်အတွင်း ခါးနာတာကို သက်သာစေဖို့အတွက်
- မှန်ကန်တဲ့ ကိုယ်နေဟန်ထားပုံစံနဲ့ နို့တိုက်ပေးပါ။ ဥပမာ- နို့ထိုင်တိုက်မဲ့ ခုံပေါ်မှာ ကျောနောက်မှာ ခေါင်းအုံးခံထားပြီး ကလေးကိုလဲ နို့တိုက်တဲ့အခါ မေမေက အောက်အရမ်းငုံ့ပြီး မတိုက်ရအောင် လက်ပေါ်မှာ ခေါင်းအုံးထားပြီး ကလေးကို တင်ထားပြီး နို့တိုက်ပါ။
- ဘယ်မှာပဲထိုင်တိုက်တိုက် မေမေသက်တောင့်သက်သာရှိမဲ့ နေရာမျိုးမှာသာ တိုက်ပါ။
- ကလေးကို အိပ်ရာထဲမှာ ထားပြီး မေမေတို့အနေနဲ့ လှဲလျောင်းပြီးလဲ တိုက်နိုင်ပါတယ်။
- အိပ်ရေးဝဝ အိပ်ပါ။ ကလေးအိပ်တဲ့အချိန် မေမေတို့လဲ ခဏတာ လိုက်အိပ်ပျော်အောင် ကြိုးစားဖို့လိုပါတယ်။ ဘာကြောင့်လဲ အိပ်ရေးမဝတာကလဲ ခါးနာခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့်ပါ။
ဒါကြောင့် နို့တိုက်မေမေများအနေနဲ့ နို့တိုက်နေတဲ့အချိန်အတွင်း ခါးနာခြင်းကို ရေရှည်ကို မပါသွားကြစေဖို့ ပြောပြခဲ့တဲ့ အချက်လေးတွေကို သတိထားပြီး နို့တိုက်ပေးကြပါလို့ ပြောပြပေးလိုက်ပါတယ်နော်။
Comments