ဘေဘီလေးတွေအတွက် အလွန်ကောင်းတဲ့ မိခင်နို့ရနိုင်မယ့် နည်းလမ်းများ

by: Nang Htwe
 0 comments  1 love

အရည်အသွေးကောင်းတဲ့ မိခင်နို့ရဖို့ မေမေတို့ အစားအသောက်တွေကို စနစ်တကျနဲ့ မျှမျှတတစားပေးဖို့ အထူးလိုအပ်ပါတယ်

မိခင်နို့အထွက်တိုးစေမယ့် နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ တော်တော်များများကိုလည်း မေမေတို့ ကြားဖူးမှာပါ။ ဒီတစ်ပတ်မှာတော့ Kalay ကနေ အရည်အသွေးကောင်းတဲ့ မိခင်နို့ရစေမယ့် နည်းလမ်းတွေကို ပြောပြပေးသွားမှာပါ။

မိခင်နို့အထွက်တိုးစေမယ့် နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ် (Photo by VN Tin tức)

ပိုစားပေးပါ

ခန္ဓာကိုယ်ကနေ မိခင်နို့ထုတ်ဖို့အတွက် တစ်ရက်လိုအပ်တဲ့ ကယ်လိုရီထက် အပိုထပ်ဆောင်း (၅၀၀) ကယ်လိုရီ ထပ်မံလိုအပ်ပါတယ်။ ပုံမှန်လိုအပ်တဲ့ ကယ်လိုရီကတော့ (၂၀၀၀) ပမာဏ ဖြစ်ပါတယ်။ အစားအသောက်တွေကနေသာ ရရှိတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို များများစားပေးရပါမယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသာငါး၊ အစေ့အဆန်နဲ့ ပဲအမျိုးမျိုးတို့ကို မျှမျှတတရွေးချယ်စားပေးပါ။

မေမေတို့အတွက် တစ်နေ့တာ စားတဲ့ အစားအသောက်တွေအပြင် ကယ်လိုရီ (၅၀၀) ပြည့်ဖို့ နမူနာများ

  • ပေါင်မုန့်(၂)ချပ်နဲ့ ကြက်ဥတစ်လုံး
  • လတ်လတ်ဆက်ဆက် ဟင်းသီးဟင်းရွက် တစ်ခွက်
  • နွားနို့တစ်ဖန်ခွက်
  • လတ်ဆက်တဲ့ အသီးတစ်ခွက် စတဲ့ အစားအသောက်တွေကို မေမေတို့ ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။

အကြိမ်အရေအတွက် တိုးစားပါ

တစ်ရက်ကို မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်နဲ့ ညတစ်ကြိမ် အပြင် သရေစာစားချိန် သတ်မှတ်ထားပေးပါ။ အထူးသဖြင့် နေ့လည်စာနဲ့ ညနေစာ ကြား သရေစာစားချိန် တစ်ခု သတ်မှတ်နိုင်သလို ညနက်ချိန်မှာလည်း အစာပြေမုန့်စားနိုင်ပါတယ်။ နို့တိုက်ချိန်မှာ ကယ်လိုရီပိုသုံးရတာကြောင့် မေမေတို့ မကြာခဏ ဗိုက်ဆာနိုင်နိုင်ပါတယ်။

ရေများများသောက်ပါ

နို့တိုက်နေချိန်တွင်းမှာ သာမန်အချိန်ထက် ရေပိုသောက်ဖို့ လိုအပ်ပါတယ်။

ကဖင်း

ကဖင်းဓါတ်က မေမေတို့ရဲ့ အိပ်ချိန်ကို အနှောက်အယှက်ဖြစ်စေတာကြောင့် တစ်ရက် (၁)ခွက် ဒါမှမဟုတ် (၂)ခွက်ထက် ပိုမသောက်သင့်ပါဘူး။

လှုပ်ရှားပါ

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်တာက မိခင်နို့အထွက်တိုးတာ ဘယ်လိုဆက်သွယ်နေလဲ။ စိတ်ဖိစီးမှုတွေက မေမေတို့ရဲ့ နို့ထွက်နှုန်းကို ကျစေပါတယ်။ နောက်ပြီး နို့တိုက်မေမေတွေက စွမ်းအင်ပိုလိုအပ်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်တာက စိတ်ဖိစီးမှုတွေနည်းသွားစေတဲ့အပြင် စွမ်းအင်တွေ တိုးတက်လာပြီး အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ မတူညီတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပါဝင်နေပါတယ်။ မေမေတို့အနေနဲ့ ဒီလို လတ်ဆက်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးတာက ကလေးငယ်ဆီကို အရည်အသွေးကောင်းတဲ့ မိခင်နို့ရရှိစေပါတယ်။ ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုပါတယ်။

အရည်အသွေးကောင်းတဲ့ မိခင်နို့ရဖို့ မေမေတို့ အစားအသောက်တွေကို စနစ်တကျနဲ့ မျှမျှတတစားပေးပါ (Photo by Mother & Baby)

ကျန်းမာရေးနဲ့ညီတဲ့ အဆီ

ထောပတ်သီး၊ သံလွင်ဆီ၊ ဆော်လမွန်နဲ့ အစေ့အဆန်တွေမှာ အိုမီဂါ(၃)နဲ့ (၆) ပါဝင်တာကြောင့် မေမေတို့စားပေးမယ်ဆိုရင် သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုတဲ့ မိခင်နို့ ရရှိစေပါတယ်။

ပရိုတိန်း

အနီရောင်အသား၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ ငါး၊ ဒိန်ချဉ်နဲ့ ချိစ့်တို့မှာ အမိုင်နိုအက်ဆစ် တွေပါဝင်တာကြောင့် မေမေတို့စားပေးမယ်ဆိုရင် ကလေးငယ်ကျန်းမာပြီး ကြီးထွားဖွံ့ဖြိုးစေမယ့် မိခင်နို့ကို ရရှိလာမှာပါ။

ကယ်ဆီယမ်

အာရုံကြောစနစ်၊ အရိုးနဲ့ သွားတွေ သန်စွမ်းကျန်းမာဖို့အတွက် ကယ်ဆီယမ်ဓါတ် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ကယ်ဆီယမ်ကြွယ်ဝတဲ့ ဒိန်ချဉ်၊ ချိစ့်၊ အဆီထုတ်ထားတဲ့ နွားနို့၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နဲ့ စီရီရယ်တို့ကို မေမေတို့ နေ့စဉ်စားပေးပါ။

သံဓါတ်

သွေးနီဆဲလ်တွေ ထုတ်လုပ်ဖို့နဲ့ ကိုယ်ခံစွမ်းအားကောင်းဖို့အတွက် သံဓါတ်လိုအပ်ပါတယ်။ ဒါကြောင့် သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို မေမေတို့ စားပေးပါ။

အရည်အသွေးကောင်းတဲ့ မိခင်နို့ရဖို့ မေမေတို့ အစားအသောက်တွေကို စနစ်တကျနဲ့ မျှမျှတတစားပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: boostbreastmilkquality


Comments

0 comments
Latest video
Refer to more useful articles