
ငိုတာက မေမေတို့နဲ့ ဆက်သွယ်ရေးအတွက် ကလေးတွေရဲ့ တစ်ခုတည်းသောလုပ်ဆောင်မှုပါ
မွေးကင်းစကလေးလေးတွေဟာ မေမေတို့ကို ဆက်သွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ငိုတာပါပဲ။ သားသားမီးမီးလေးတို့က သူတို့လိုချင်တာကို ငိုပြခြင်းအားဖြင့်မေမေတို့က ဘယ်လိုသိစေနိုင်မှာလဲ။
ဆာလို့ငိုတယ်
မွေးကင်းစကလေးလေးရဲ့ ဝမ်းဗိုက်က သေးသေးလေးပါ။ မေမေတို့ရဲ့ နို့ကို စို့လိုက် သေးပေါက်လိုက်၊အီးပါလိုက်နဲ့ သူတို့က ပုံမှန်လည်ပတ်နေတာပါ။ အဲဒီတော့ ဗိုက်ကလည်း ခဏခဏဆာတာပေါ့။ မေမေတို့က နို့တိုက်ထားတာမကြာသေးဘူးလို့ထင်နေရင်တောင်မှ ကလေးလေးကတော့ နို့ဆာနေတာပါပဲ။ နို့မှုန့်ဖျော်တိုက်တဲ့ ကလေးတွေဆိုရင်လည်း မိခင်နို့တိုက်သလို မကြာခဏတိုက်ပေးဖို့ လိုပါတယ်။
ငိုချင်လို့ငိုတယ်
တချို့ကလေးတွေကတော့ ညနေတိုင်း ဒါမှမဟုတ် ညတိုင်း အချိန်မှန်စွာငိုတတ်ကြပါတယ်။ ဒါကသဘာဝပါပဲ။ ကလေးနဲ့ပက်သက်လို့ ဘာမှ မှားယွင်းနေတာမျိုးမရှိပါဘူး။ မိခင်တွေကတော့ သားသားမီးမီးလေးတွေ လွန်လွန်ကဲကဲ နာရီနဲ့ချီပြီးငိုကြတဲ့အခါ ပူပင်သောကဖြစ်တတ်ကြပါတယ်။ မိခင်အစားမှားလို့လား၊ လေနာပါလို့လား၊ စသဖြင့် သို့လောသို့လော ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် လေ့လာမှုတွေမှာတောင်မှ ဒီလို ပုံမှန်နာရီပေါင်းများစွာငိုတတ်တဲ့ သဘောကို ဘာရယ်လို့ ဖော်ပြတာမတွေ့ရသေးပါဘူး။ အကောင်းဆုံးကတော့ ကလေးအထူးကုဆီသွားပြီး ပြသစစ်ဆေးအကြံဉာဏ်ယူပါလို့ တိုက်တွန်းပါရစေ။ အရပ်ထဲမှာတော့ ခမဲတောင်းတာ ဘာညာဆိုတဲ့ အရပ်အခေါ်စကားတွေကို နားယောင်မိမှာစိုးလို့ပါ။
ယုယခံချင်လို့ ငိုတယ်
တခါတလေ ကလေးလေးတွေက ယုယုယယချီပိုးတာ၊ ဖင်လေးကိုပုတ်တာ၊ သီချင်းလေးညည်းပြတာ၊ အင်းးး ဆိုတဲ့မေမေတို့ရဲ့ အသံလေးတွေကို လိုချင်ကြပါတယ်။ ပုခက်လွှဲသလိုလေး ညင်ညင်သာသာချော့မြူတဲ့အခါ သဘောကျတတ်ကြတယ်။ အဲလို အယုအယလေးတွေကို လိုချင်တဲ့အခါ မှာလည်း ငိုကြတယ်။
ပင်ပန်းလို့ငိုတယ်
ကလေးလေးတွေမှာလည်း ပင်ပန်းတဲ့ အချိန်တွေရှိတယ်။ သူတို့အိပ်လို့မရအောင် ပတ်ဝန်းကျင်က ဆူညံနေရင် ပင်ပန်းတဲ့ ဒဏ်ကို ခံစားရတာပေါ့။ မွေးကင်းစလေးကို လာကြည့်တဲ့ ဧည့်သည်တွေနဲ့ ထိတွေ့ရတဲ့အခါ ပင်ပန်းရတယ်လေ။ ဒါကြောင့်အဲလိုအချိန်မှာဆိုရင် မီးတွေပိတ်ပြီး တိတ်ဆိတ်တဲ့ အခန်းထဲမှာ ထားပြီး သိပ်ပေးပါ။

ငိုလိုများတော့ စိတ်မညစ်ပါနဲ့။ ချော့တတ်ဖို့ပဲ လိုတာပါ။
အရမ်းပူလွန်း အေးလွန်းလို့ ငိုတယ်
ရာသီဥတု ပူတာနဲ့အေးတာကို မခံနိုင်ကြဘူး။ မွေးကင်းစလေးတွေဟာ အခုမှ ပြင်ပကမ္ဘာနဲ့ ထိတွေ့ကာစလေးတွေဆိုတော့ သူတို့က နဲနဲတော့ ဇီဇာကြောင်တတ်တာပေါ့လေ။ ဒါကြောင့် ပူလွန်းအေးလွန်းမဖြစ်ပါစေနဲ့။ သေချာထွေးပြီး လေအေးပေးစက်တပ်ထားတဲ့အခန်းတစ်ခုမှာဆိုရင်တော့ ကလေးတွေက ကောင်းကောင်းအိပ်တတ်ကြပါတယ်။
သေးစိုလို့ငိုတယ်
သေးစိုနေရင်လည်း ကလေးလေးတွေအတွက် သက်သောင့်သက်သာမရှိပြန်ပါဘူး။ အဲဒီတော့ မေမေတို့ကို ငိုပြီး ပြောပြတာပေါ့။ ကလေးလေးတွေငိုရင် မေမေတို့က သူတို့သေးစိုခံလေးတွေကို စမ်းကြည့်ပေးပါ။ ဒါမှမဟုတ်လည်း (၂)နာရီမတိုင်ခင်တစ်ခါလောက်စမ်းကြည့်ပြီး လဲပေးပေါ့။
နေမကောင်းရင်လဲငိုတယ်
နေမကောင်းဖြစ်လို့ တအီအီငိုနေရင်တော့ ဆေးခန်းသာသွားပါ။ အိမ်မှာပဲ ကုမနေပါနဲ့။ ကလေးအထူးကုနဲ့ သေချာပြသပြီး ကုသမှုခံယူတာက အကောင်းဆုံးပါနော်။
ကလေးလေးတွေငိုတဲ့ အကြောင်းရင်းလေးတွေက အများကြီးပါနော်။ မိခင်ဖြစ်သွားပြီဆိုရင်တော့ အမျိုးစုံချော့မြူနည်းတွေကို သူ့အလိုလိုတတ်မြောက်သွားကြတာပါပဲ။ ဘာပဲဖြစ်ဖြစ်ငိုတယ်ဆိုရင်တော့ စိတ်မပူကြပါနဲ့နော်။ သားသားမီးမီးလေးတို့ရဲ့ ဆက်သွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းလေးက ငိုယိုတာဖြစ်လို့ မေမေတို့က အကြောင်းသိပြီး အလိုက်အထိုက်လေး ယုယပေးဖို့သာလိုတာပါ။
Comments