မွေးကင်းစကနေ အခုချိန်ထိ ရိုက်ထားတဲ့ဓါတ်ပုံတွေကို ဘယ်လိုသိမ်းမလဲ

by: Nang Htwe
 0 comments  0 love

သားသားမီးမီးလေးတွေရဲ့ အမှတ်တရဓါတ်ပုံတွေကို နှစ်အလိုက် သိမ်းဆည်းထားရအောင်

Selfie တွေခေတ်စားလာတဲ့ ယနေ့အချိန်မှာ သားသားမီးမီးလေးတွေရဲ့ ဓါတ်ပုံလေးတွေဟာ ရာနဲ့ချီပြီး မေမေဖေဖေတို့ရဲ့ ဖုန်းထဲမှာ နေရာယူထားမှာပါ။ မွေးကင်းစကနေ အခုချိန်အထိ နေ့တိုင်းဓါတ်ပုံလှလှလေးတွေ ရိုက်ပေးထားတာ ကောင်းမွန်တဲ့ အမှတ်တရလေးတွေပါ။ နောင်တချိန် သားသားမီးမီးလေးတွေ အရွယ်ရောက်လာတဲ့အခါ ဒီဓါတ်ပုံလေးတွေက တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေထဲကတစ်ခုဖြစ်လာပါတယ်။ မေမေတို့ကိုယ်ဝန်ဆောင်ချိန်တုန်းက လအလိုက်ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကလည်း သားသားမီးမီးလေးတွေအတွက် အဖိုးတန်လှပါတယ်။

နောင်တချိန် သားသားမီးမီးလေးတွေ အရွယ်ရောက်လာတဲ့အခါ ဒီဓါတ်ပုံလေးတွေက တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေထဲကတစ်ခုဖြစ်လာပါတယ် (Photo by iStock)

ဓါတ်ပုံလေးတွေကပေးတဲ့ အကျိုးကျေးဇူးများ

နှစ်ပေါင်းများစွာတိုင်အောင် ဒီဓါတ်ပုံတွေကို ဘယ်လိုသိမ်းဆည်းမလဲ။ လောကမှာ မပျက်စီးတဲ့အရာဆိုတာ မရှိပါဘူး။ ဒါပေမယ့်လည်း စနစ်တကျ သိမ်းဆည်းခြင်းဖြင့် နှစ်ကြာရှည်အောင် အတူတူရှိနိုင်ပါတယ်။ အထူးသဖြင့် သားသားမီးမီးလေးတွေ အရွယ်ရောက်လာတဲ့အခါ ပြန်ကြည့်နိုင်ဖို့ မေမေဖေဖေတို့ ပြုလုပ်ပေးထားသင့်ပါတယ်။ ငယ်ဘဝရဲ့ အဆင့်ဆင့်ကြီးလာတာကို သားသားမီးမီးလေးတွေ အမှတ်ရစေပါတယ်။ မောင်နှမတွေ စုရိုက်ထားတဲ့ ဓါတ်ပုံလေးတွေဟာဆိုရင်လည်း နောင်တချိန်မှာ အလွန်အရေးပါလိမ့်မယ်။ ဓါတ်ပုံလေးတွေ ရိုက်ပေးတဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးရှိပါတယ်။

  •  မောင်နှမတွေ အချင်းချင်း စိတ်ဆိုးနေချိန်မှာ ဓါတ်ပုံ လေးတွေက ပြန်ပြီး အဆင်ပြေစေပါတယ်။
  • နိုင်ငံရပ်ခြားဝေးကွာသွားတဲ့အခါမှာလည်း ဓါတ်ပုံလေးတွေကိုသုံးပြီး ပြန်လည်ပေါင်းစည်းနိုင်ပါတယ်။
  • စိတ်ဓါတ်ကျတဲ့အခါမှာလည်း ငယ်စဉ်ကဓါတ်ပုံလေးတွေကြောင့် အားအင်တွေပြန်လည်ရရှိစေပါတယ်။
  •  မိသားစုဓါတ်ပုံတွေက အထီးကျန်တဲ့ပြဿနာနဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  •  မိသားစုတွေ၊ မောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက် အမြဲသတိရနေစေပါတယ်။
  •  မိသားစုဓါတ်ပုံတွေက ကြိုးစားလိုစိတ်၊ အောင်မြင်ချင်စိတ်တွေ ရရှိအောင် အထောက်အကူပြုပါတယ်။
  •  ဓါတ်ပုံလေးတွေကြောင့် ငယ်စဉ်အချိန်က ပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေကို ပိုင်ဆိုင်စေပါတယ်။

ဒါကြောင့် သားသားမီးမီးလေးတွေကို မကြာခဏ ဓါတ်ပုံရိုက်ပေးသင့်ပါတယ်။ မိသားစုလိုက် ဒါမှမဟုတ် မောင်နှမတွေစုပေါင်းပြီး တစ်နှစ်တစ်ခါ၊ မွေးနေ့နဲ့ ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေမှာ မှတ်တမ်းတင်ထားနိုင်ပါတယ်။

Image result for save baby photo prints

ဓါတ်ပုံလေးတွေကြောင့် ငယ်စဉ်အချိန်က ပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေကို ပိုင်ဆိုင်စေပါတယ် (Photo by GFP Babies)

ဓါတ်ပုံတွေကို နှစ်ပေါင်းများစွာရှိနေအောင် ဘယ်လိုသိမ်းမလဲ

သားသားမီးမီးလေးတွေအတွက် ဒီလိုပျော်ရွှင်စရာကောင်းပြီး ဘဝတစ်လျှောက် အမှတ်တရတွေ ကျန်ရှိနေအောင် ဓါတ်ပုံတွေကို ဘယ်လိုသိမ်းဆည်းရမယ်ဆိုတာ ပြောပြပေးပါမယ်။

Print ထုတ်ထားခြင်း

ဒါကတော့ အရင်ကတည်းက သိမ်းဆည်းလာတဲ့နည်းပါ။ ဓါတ်ပုံစာအုပ်တွေနဲ့ သိမ်းထားတာပါ။ တစ်ခုသတိထားရမှာက အချိန်ကြာလာတဲ့အခါ အရောင်တွေရောသွားတာ၊ အစိုပြန်လာတာနဲ့ ဝါလာပြီး ပျက်ဆီးတာတွေ ကြုံရနိုင်ပါတယ်။ နေရောင်နဲ့ မိုးရေမထိအောင် သေသေချာချာ သိမ်းဆည်းဖို့ လိုအပ်ပါတယ်။ ဓါတ်ပုံစာအုပ်ထဲမှာ မေမေတို့ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီး သားသားမီးမီးလေးတွေ အသက်အရွယ်အလိုက် သူ့အနေရာနဲ့သူ သိမ်းဆည်းထားနိုင်ပါတယ်။

ကွန်ပျူတာထဲ သိမ်းဆည်းထားခြင်း

ဖုန်းထဲမှာ သားသားမီးမီးလေးတွေရဲ့ ဓါတ်ပုံတွေ များလာတဲ့အခါ ဖျက်ပစ်လိုက်ရတာ ဝမ်းနည်းစရာကောင်းပါတယ်။ ဒါကြောင့် ကလေးငယ်တွေရဲ့ ဓါတ်ပုံတွေ များလာတဲ့အခါ ကွန်ပျူတာထဲ ပြောင်းလဲသိမ်းဆည်းထားနိုင်ပါတယ်။ Back up ပြုလုပ်ပေးထားခြင်းဖြင့် ကွန်ပျူတာ ပျက်သွားတဲ့အခါမှာတောင် ပြန်လည်ရရှိစေပါတယ်။

Memory Stick or card

Memory Stick တွေ card တွေထဲမှာလည်း သားသားမီးမီးလေးတွေရဲ့ ဓါတ်ပုံတွေ စုထားနိုင်ပါတယ်။ Memory Stick တွေ မပျက်အောင်တော့ သတိထားပေးပါ။ Back up လုပ်ထားဖို့ မမေ့ပါနဲ့။

အင်တာနက်

ဆိုရှယ်မီဒီယာ (Facebook၊ twitter၊ Instagram) တို့မှာလည်း သားသားမီးမီးလေးတွေရဲ့ ဓါတ်ပုံကို တင်ထားခြင်းဖြင့် သိမ်းဆည်းထားနိုင်ပါတယ်။ အကောင့် မပျက်သွားအောင်တော့ သတိထားပါ။ အင်တာနက်ပေါ်မှာ ဓါတ်ပုံတွေ သီးသန့်သိမ်းဆည်းထားနိုင်တဲ့ cloud တွေရှိပါတယ်။ အကောင့်ဖွင့်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။

ဓါတ်ပုံတွေကို အကုန်လုံး သိမ်းထားစရာလိုလား

ဓါတ်ပုံတွေကို အကုန်သိမ်းစရာ မလိုပါဘူး။

  • မှုန်ဝါးနေတဲ့ ဓါတ်ပုံများ
  • မျက်လုံးမှိတ်နေတဲ့ ဓါတ်ပုံတွေ
  • မျက်စိအလင်းပြန်နေတဲ့ ဓါတ်ပုံတွေ
  • အရည်အသွေးမကောင်းတဲ့ ဓါတ်ပုံတွေနဲ့
  • Effect ထည့်ထားတဲ့ ဓါတ်ပုံတွေကို ဖျက်ပစ်သင့်ပါတယ်။ မသိမ်းထားသင့်ပါဘူး။

ဒီနေ့ကစပြီး သားသားမီးမီးလေးတွေရဲ့ အမှတ်တရဓါတ်ပုံတွေကို နှစ်အလိုက် သိမ်းဆည်းထားဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x