ကျောင်းကဆရာမကို ကလေးမုန်းနေရင် ဘယ်လိုဖြေရှင်းပေးမလဲ

by: Nang Htwe
 0 comments  0 love

တခါတလေ ကလေးမကြိုက်တာ၊ မလုပ်ချင်တာကို ဆရာ၊ဆရာမတွေက မသိလို့ ပြုလုပ်ခိုင်းတတ်ပါတယ်။ ဒီတော့ ကလေးမှာ ဖိအားဖြစ်လာပါတယ်။

မိဘနဲ့ ကလေးကြားမှာ ပြဿနာတွေရှိသလို ကျောင်းတက်နေတဲ့ သားသားမီးမီးလေးတွေနဲ့ ဆရာ၊ဆရာမ တွေကြားမှာလည်း ကတောက်ကဆတွေ ဖြစ်ပါတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ဖြစ်တဲ့ ပြဿနာတွေမှာ ကလေးအများစုက စိတ်ထဲကနေ ကြိတ်ခံစားပါတယ်။ မိဘတွေက မမေးဘူးဆိုရင် ကလေးက ပြောပြမှာမဟုတ်ပါဘူး။

ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ဖြစ်တဲ့ ပြဿနာတွေမှာ ကလေးအများစုက စိတ်ထဲကနေ ကြိတ်ခံစားပါတယ် (Photo by National Karate)

ကလေးနဲ့ ဆရာ၊ဆရာမ တို့က တစ်ရက်ကို အနည်းဆုံး (၅)နာရီ (၆)နာရီလောက် အတူတူရှိနေရပါတယ်။ အနည်းဆုံး တွေ့တဲ့ရက်က တစ်ပတ်(၅) ရက်ပါ။ ဆရာ၊ ဆရာမကို မုန်းတီးသွားမယ်ဆိုရင် ပညာရေးမှာ ဆိုးကျိုးတွေ အများကြီးကျလာနိုင်ပါတယ်။ စိတ်ရှုပ်ထွေးပြီး စာမသင်ချင်တော့တဲ့အထိ ဖြစ်လာပါတယ်။ ဆရာနဲ့ ကလေးကြားက ကတောက်ကဆဟာ တစ်ယောက်နဲ့ တစ်ယောက် သဘောထားလွဲတာကစပြီး ဖြစ်ပေါ်လာတာပါ။

  • ဆရာတစ်ဦးရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေဟာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။
  • ဆရာတစ်ဦးရဲ့ professional မဆန်တဲ့ အပြုအမူတွေဟာ ကလေးငယ်ကို အများကြီး ထိခိုက်စေပါတယ်။
  • ဆရာတွေရဲ့ ဘက်လိုက်မှုဟာ ကလေးငယ် ဆရာတွေအပေါ် ယုံကြည်ထားရှိတဲ့ သဘောထားတွေ ပြောင်းလဲသွားနိုင်ပါတယ်။ မလေးစားတော့တာတွေဖြစ်လာပြီး ဆရာနဲ့ ကလေးကြား အထင်အမြင်တွေ စလွဲလာပါတယ်။
  • ကလေးအားသာချက်၊ စွမ်းရည်နဲ့ ဝါသနာတွေကို တန်ဖိုးမထားတာက ဆရာတွေနဲ့ ကလေးကြားက အဆင်မပြေတဲ့ အချက်တစ်ချက်ပါ။

ကလေးနဲ့ ဆရာကြား ပြဿနာတွေကို မေမေတို့ ဘယ်လိုကြားဝင်ဖြေရှင်းမလဲ

အလေးအနက်ထားပါ

ကိုယ့်ရဲ့ကလေး ဆရာနဲ့ မတည့်တာ ပေါ့ပေါ့တန်တန် မထားသင့်ပါဘူး။ ကလေးတိုင်တာကို မေမေတို့ အသိအမှတ်ပြုရပါမယ်။ သေသေချာချာ နားထောင်ပေးရပါမယ်။ ဒါဟာ ပညာရေးမှာ ပြဿနာတစ်ခုလို့ မေမေတို့လက်ခံထားပြီး ဖြေရှင်းရပါမယ်။

ဆွေးနွေးပါ

မေမေတို့အနေနဲ့ ဒီပြဿနာကို ကလေးနဲ့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကလေးနဲ့ ဆွေးနွေးပြီးရင် ဆရာနဲ့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ဒေါသ မထွက်ရ

ဒီပြဿနာ မေမေတို့ စကြားချိန်မှာ ဆရာအပေါ် ဒေါသတွေ ထွက်လာပါလိမ့်မယ်။ ဒေါသကို အမြန်သိမ်းလိုက်ပါ။ ဒေါသထွက်တာက ပြဿနာ ဖြေရှင်းမယ့် နည်းလမ်းမဟုတ်ပါ။

အဖြစ်မှန်

ကလေးစကားနဲ့ ဆရာစကားကို ဆက်စပ် ကြည့်ပါ။ ဘယ်ဟာ အမှန်လဲဆိုတာ သိလာပါလိမ့်မယ်။ အဖြစ်မှန်ကို စုံစမ်းပါ။

ဆရာတစ်ဦးရဲ့ professional မဆန်တဲ့ အပြုအမူတွေဟာ ကလေးငယ်ကို အများကြီး ထိခိုက်စေပါတယ် (Photo by Newsitamea)

 

လိုက်ရောညီထွေဖြစ်အောင် သင်ပေးပါ

ကလေးရဲ့ လက်ဦးဆရာက မေမေဖေဖေ တို့ပဲဖြစ်ပါတယ်။ ကလေးရဲ့ အခက်အခဲတွေကို မေမေတို့ ဖြေရှင်းပေးဖို့ တာဝန်အပြည့်ရှိပါတယ်။ ကလေးနဲ့ ဆရာကြားမှာ ပြဿနာတွေ နည်းအောင် မေမေတို့က သားသားမီးမီးလေးတွေ ကျောင်းမှာ ဆရာ၊ ဆရာမ သူငယ်ချင်းတွေ အားလုံးနဲ့ လိုက်ရောညီထွေ နေတတ်ဖို့ သင်ကြားပေးရမှာပါ။

စိတ်မပါတာ

တခါတလေ ကလေးမကြိုက်တာ၊ မလုပ်ချင်တာကို ဆရာ၊ဆရာမတွေက မသိလို့ ပြုလုပ်ခိုင်းတတ်ပါတယ်။ ဒီတော့ ကလေးမှာ ဖိအားဖြစ်လာပါတယ်။ ဒါဆို မေမေတို့က ကြားဝင်ဖြေရှင်းပေးဖို့ လိုလာပါပြီ။ ကျောင်းလိုက်သွားပြီး ကိုယ့်ကလေး မလုပ်ချင်တာတွေ၊ လုပ်ဖို့ အဆင်မပြေတဲ့ အရာတွေ ရှင်းပြလိုက်ပါ။

အကြံပေးပါ

ကလေးကို ဆရာ၊ ဆရာမတွေနဲ့ အဆင်ပြေအောင် ဘယ်လိုနေသင့်လဲဆိုတာ အကြံပေးပါ။ သင်ပေးပါ။ နည်းလမ်းပေးပါ။

ထောက်ပံ့ပေးပါ

ကျောင်းမှာ ကိုယ့်ရဲ့ကလေး ဘာတွေအားနည်းနေလဲ၊ ဘာတွေလိုအပ်နေလဲဆိုတာ မေမေတို့ သိအောင် ကြိုးစားပြီး လိုအပ်တာတွေ ထောက်ပံ့ပေးပါ။

ပြောပြပါ

ကလေးခံစားရတဲ့ ပြဿနာတွေ ဘယ်ကနေ စဖြစ်လာတယ်ဆိုတာ မေမေတို့ ပြောပြပါ။ ပြဿနာအကြောင်း ကလေးနားလည်အောင် ရှင်းပြဖို့ အရေးကြီးပါတယ်။ ဒါဟာ ကလေးနဲ့ ဆရာကြား နားလည်မှုလွဲတာကို မေမေတို့ က ကြားဝင်ဖြေရှင်းလိုက်တာပါ။

ကျောင်းအုပ်ထံ ဆက်သွယ်ပါ

ကလေးနဲ့ ဆရာကြား တချို့ပြဿနာတွေ ကြားဝင်ဖြေရှင်းပေးဖို့ ခက်နေပြီဆိုရင် ကျောင်းအုပ်ဆရာကြီးထံ တိုက်ရိုက်သွားပြီး ဖြေရှင်းတာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါ။

ကလေးအနာဂါတ်အတွက် ပညာရေးက အလွန်အရေးကြီးတာကြောင့် ကလေးနဲ့ ဆရာ၊ဆရာမ ကြားက ပြဿနာတွေကို မေမေတို့ အလေးအနက်ထားဖြေရှင်းပေးဖို့ အရေးကြီးပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: HateKidsparentsteachers


Comments

0 comments
Latest video
Refer to more useful articles