မွေးကာစကလေးငယ်ရဲ့ ဘယ်နေရာတွေကို နေ့တိုင်း သန့်ရှင်းရေး လုပ်ပေးသင့်တာလဲ?

by: Khin Nyein Lwin
 0 comments  0 love

ကလေးလေး မွေးဖွားလာပြီဆိုတာနဲ့ မိဘတွေအတွက် ကလေးသာ အရေးကြီးဆုံး ဖြစ်တာမို့ မိဘဘဝနေထိုင်မှု ဖြစ်တည်ခြင်းက ကလေးအတွက်ပဲ ဖြစ်လာရပါတယ်။ ကလေးဆိုတာ ငယ်သေးတဲ့အတွက်  ကိုယ်ခံအားစနစ် အပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့် ရောဂါပိုးကူးစက်မှုဒဏ်ကို ခံနိုင်ရည်ရှိနေစေဖို့ ကလေးအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိန်းသိမ်းပေးဖို့ အရေးကြီးလာပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပေးတာက နို့စို့အရွယ်ကလေးများကို ဖျားနာမှုတွေများစွာကို ကာကွယ်ပေးနိုင်ပါတယ်နော်။ ဒါကြောင့် မတူညီတဲ့ ကလေးခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ပေးသင့်တာများကို ပြောပြပေးသွားပါမယ်နော်။

မျက်လုံး

မွေးကာစကလေးရဲ့ မျက်လုံးဆိုတာ အရမ်းကို နုငယ်ပြီး ဂရုစိုက်ပေးသင့်တဲ့နေရာပါ။ ဒါကြောင့် ကလေးမျက်လုံးကို မကိုင်ခင် မေမေတို့ရဲ့ လက်တွေကို သေချာသန့်စင်ထားပေးဖို့ လိုပါတယ်။ ပြီးရင် ကလေးမျက်လုံးကို သန့်စင်ပေးဖို့ ဂွမ်းလုံးတစ်လုံးကို ယူပြီး ရေနွေးနွေးထဲမှာ နှစ်ပြီး မျက်လုံးအတွင်းထောင့်ကနေ အပြင်ဘက်ထောင့်ကို ဖြည်းဖြည်းချင်း ညင်သာစွာ ပွတ်ပေးပါ။ တခါသုတ်ပြီးရင် နောက်တခါ ထပ်သုတ်ဖို့ ဂွမ်းလုံးများကို အသစ်ကိုသာ အသုံးပြုပါ။ မျက်လုံးတစ်ဖက်ကို သေချာဆေးကြောပြီးတဲ့အခါ နောက်တစ်ဖက်ကို  ဂွမ်းလုံး အသစ်တစ်လုံးနဲ့ ဆက်ပြီး သန့်စင်ပေးပါ။ ဒီနေရာမှာ မေမေလက်ကို သုံးပြီး သန့်စင်ပေးတာမျိုး မလုပ်ရပါဘူးနော်။

နား

476805099

ကလေးနားရွက်ကိုလဲ ပုံမှန်သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ ကလေးနားရွက်ကို သန့်စင်ပေးတဲ့အခါမှာလဲ ဂွမ်းလုံး ဒါမှမဟုတ် ရေစိမ်ထားတဲ့ လက်ကိုင်ပုဝါလေးနဲ့ နားရွက် အတွင်းဘက်နဲ့ အပြင်ဘက်ကို သန့်စင်ပေးပါ။ နားထဲကို နားကြပ်တံလိုမျိုး တခုခုနဲ့ ထိုးသွင်းပြီး သန့်ရှင်းပေးတာမျိုး ကလေးမွေးကာစမှာ မလုပ်ပါနဲ့နော်။

ဆံပင်

ကလေးခေါင်းကို နေ့တိုင်းလျှော်ပေးဖို့ မလိုပါဘူး။ တပတ်မှာ ကလေးရဲ့ ဆံပင်အနေအထားအရ သုံးကြိမ် ဒါမှမဟုတ် လေးကြိမ်လောက် လျှော်ပေးရင် ရပါတယ်။ ကလေးဆံပင်ကို လျှော်ဖို့အတွက် ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေးပါ။
ခေါင်းလျှော်ရင် ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးပါ။  ဆပ်ပြာရည်က ကလေးရဲ့ မျက်လုံးထဲသို့ မဝင်စေဖို့ သတိထားပါ။
မတော်တဆ မျက်လုံးထဲ ရောက်သွားရင် အစိုဓာတ်ပါတဲ့ အဝတ်နဲ့ ချက်ချင်း သုတ်ပေးပါ။ ခေါင်းလျှော်ပြီးနောက် ဆံပင်ကို နူးညံ့ခြောက်သွေ့သော မျက်နှာသုတ်ပုဝါဖြင့် ညင်သာစွာ ခြောက်ပေးပါ။ ပျော့ပျောင်းသောဖြီးဖြင့် ဆံပင်ကို ဖြီးပါ။ ကလေးရဲ့ ဆံပင်ကို အခြောက်ခံရန် ဆံပင်လေမှုတ်စက်ကို မသုံးပါနဲ့နော်။

သွားများ


မွေးကင်းစ ကလေးငယ်များတွင် သွားများမရှိသေးပေမဲ့လည်း သွားဖုံးများကို ဂရုစိုက်ရန် လိုအပ်ပါတယ်။ အစာကျွေးပြီးနောက် လက်ညိုးတစ်ဝိုက်တွင် စိုစွတ်သောရေအ၀တ်နဲ့ သွားဖုံးများကို သန့်ရှင်းပေးပါ။ ပြင်းပြင်းထန်ထန် မပွတ်ပါနဲ့။ ပထမသွားသည် ခြောက်လမှ ရှစ်လအတွင်း ပေါက်ပါတယ်။ အသက်နှစ်နှစ်အရွယ်တွင် ကလေးရဲ့သွားများကို တိုက်ဖို့အတွက် ဖလိုရိုက်ပါသော သွားတိုက်ဆေးကို  စတင်အသုံးပြုနိုင်ပါတယ်။ အစားစားပြီးတိုင်း ပလုတ်ကျင်းဖို့ သင်ပေးဖို့ အရေးကြီးပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles