ရက်(၁၀၀) ပြည့်မွေးနေ့ပွဲလေးကို ဘယ်လိုပုံစံမျိုးလေးနဲ့ ကျင်းပပေးသင့်လဲ

by: Nang Htwe
 0 comments  0 love

ရက်(၁၀၀ ) ပြည့်မွေးနေ့က သားသားမီးမီးလေးတွေတော်တော်များများရဲ့ ပထမဆုံးပြုလုပ်တဲ့ မွေးနေ့ပွဲလည်းဖြစ်ပါတယ်။ ဒါကြောင့် အများစုကတော့ ခမ်းခမ်းနားနား ပြုလုပ်ကြပါတယ်

သားသားမီးမီးလေးတွေ အသက်(၃)လပြည့်တဲ့အခါမှာ ရက်တစ်ရာပြည့်မွေးနေ့မင်္ဂလာပွဲလေး ပြုလုပ်ကျင်းပပေးကြပါတယ်။ နာမည်ပေးပွဲကိုပါ တခါတည်းတွဲဖက်ပြုလုပ်ကြပါတယ်။ အာရှတိုက်နိုင်ငံတော်တော်များများမှာ ရက်(၁၀၀) ပြည့်မွေးနေ့ ပြုလုပ်ကြပါတယ်။

ကိုယ့်နဲ့ ရင်းနှီးတဲ့သူတွေလောက်သာ ဖိတ်ပြီး ကျင်းပပေးတာ ပိုကောင်းပါတယ် (Photo by youngparents)

ပထမဆုံးမွေးနေ့

ရက်(၁၀၀ ) ပြည့်မွေးနေ့က သားသားမီးမီးလေးတွေတော်တော်များများရဲ့ ပထမဆုံးပြုလုပ်တဲ့ မွေးနေ့ပွဲလည်းဖြစ်ပါတယ်။ ဒါကြောင့် အများစုကတော့ ခမ်းခမ်းနားနား ပြုလုပ်ကြပါတယ်။ မေမေဖေဖေတို့ရဲ့ မိတ်ဆွေ၊ အိမ်နီးနားချင်း၊ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကျင်းပကြပါတယ်။ ဖိတ်စာနဲ့ ဖိတ်ကြားတာမျိုး ပြုလုပ်ပါတယ်။ ရက်(၁၀၀) ပြည့်မွေးနေ့ကို လာကြတဲ့ ဦးဦး၊ ဒေါ်ဒေါ်၊ တီတီ၊ မမ တို့ကလည်း ကလေးငယ်အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ မွေးနေ့လက်ဆောင် ပြန်ပေးကြပါတယ်။  အဝတ်အစား၊ ပေါင်ဒါမုန့်၊ ဆပ်ပြာ၊ baby oil၊ အရုပ်မျိုးစုံ တို့ကို အများဆုံး လက်ဆောင်ပေးလေ့ရှိပါတယ်။ အလွန်ရင်းနှီးတဲ့ ဖိုးဖိုး၊ ဘွားဘွားတို့နဲ့ ဦးဦးဒေါ်ဒေါ်တို့ကသာ ကလေးငယ်အတွက် ပိုက်ဆံ ဒါမှမဟုတ် ရွှေလက်ဝတ်ရတနာတို့ကို လက်ဆောင်အဖြစ်ပေးပါတယ်။

နာမည်ပေးကင်ပွန်းတပ်

ကလေးငယ်ကတော့ သူတို့လေးတွေရဲ့ ရက်(၁၀၀) ပြည့်မွေးနေ့ကို နားမလည်သေးပေမယ့် မေမေဖေဖေတို့ရော ဆွေမျိုးသားချင်းမိတ်ဆွေတွေအတွက်ကတော့ ဒီရက်(၁၀၀) ပြည့်မွေးနေ့က စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးငယ်ဘဝတစ်လျှောက်အသုံးပြုမယ့် နာမည်ကြေညာပေးတဲ့နေ့မို့လို့ပါ။ ကလေးငယ်ရဲ့ နာမည်ကို နေ့နံတွေနဲ့ တွက်ချက်ပြီး အသင့်တော်ဆုံး ရွေးချယ်ပေးထားကြလို့ပါ။ ကလေးငယ် နာမည်တစ်ခု ပိုင်ဆိုင်ဖို့ မေမေဖေဖေတို့က အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ရွေးချယ်ပေးခဲ့ကြပါတယ်။

ပွဲကျင်းပနေချိန်မှာ ကလေးငယ်ရဲ့ အခြေအနေကိုလည်း ဂရုစိုက်ပေးသင့်ပါတယ် (Photo by youngparents)

မွေးနေ့ပွဲနဲ့ ကလေးငယ်ပြဿနာ

ရက်(၁၀၀) မွေးနေ့ပွဲကျင်းပတဲ့အခါ မေမေဖေဖေတို့ သတိထားရသင့်တာလေးတွေ ရှိပါတယ်။ အဲဒါကတော့ အိမ်မှာလူတွေစုံတဲ့အခါ ကလေးငယ်ရဲ့ အိပ်ချိန်နဲ့ အစားစားချိန်ကို အနှောက်အယှက်ဖြစ်စေနိုင်လို့ပါ။ မေမေဖေဖေတို့ကလည်း ဧည့်သည်တွေကို ဧည့်ခံရတာကြောင့် ကလေးငယ်အပေါ် ဂရုစိုက်ချိန်နည်းနေနိုင်ပါတယ်။ ကလေးငယ်အတွက် စိတ်ဖိစီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ကလေးငယ်ရဲ့ ပတ်ဝန်းကျင် လူတွေများလာတဲ့အခါ

  • ဒေါသထွက်တာ၊ စိတ်တိုတာ
  • စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာတာ
  • မအိပ်တာနဲ့ အစားမစားတာနဲ့
  • အသည်းအသန်ငိုတာ တဲ့ လက္ခဏာတွေ ပြသခြင်း ရှိမရှိ သတိထားပါ။

ရက်(၁၀၀) ပြည့်မွေးနေ့ကျင်းပတဲ့အခါ ကလေးငယ် စိတ်ဖိစီမှုနည်းအောင်

  • ဆူညံပွက်တဲ့ သီချင်းတွေဖွင့်တာ၊ စကားတွေ အကျယ်ကြီး အော်ပြောတာမျိုး ရှောင်ကျဉ်ပါ။
  • တခြားပွဲတွေလို ရာနဲ့ချီဖိတ်ကြားတာမျိုးမလုပ်ဘဲ ကလေးငယ်အတွက် ကိုယ့်နဲ့ ရင်းနှီးတဲ့သူတွေလောက်သာ ဖိတ်ပြီး ကျင်းပပေးတာ ပိုကောင်းပါတယ်။
  • ပွဲကျင်းပနေချိန်မှာ ကလေးငယ်ရဲ့ အခြေအနေကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။
  • ပွဲကို အကြာကြီးကျင်းပတာမျိုး သတိထားပေးပါ။

မွေးနေ့ပွဲလာတဲ့ ဧည်သည်တွေအနေနဲ့ ကလေးငယ်ကို ချီတော့မယ်ဆိုရင် လက်ကို hand gel နဲ့ အရင် သန့်စင်ပေးဖို့လိုအပ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x