သားသားမီးမီးလေးတွေအတွက် အဝတ်အစားကို ဘယ်လိုရွေးချယ်ပေးလဲ

by: Nang Htwe
 0 comments  0 love

ဘယ်လောက်ထိ လုံခြုံမှုနဲ့ သက်တောင့်သက်သာ ဖြစ်စေလဲဆိုတာကို မေမေတို့အနေနဲ့ အရင်ဆုံး စဉ်းစားပေးရပါမယ်။

မေမေတို့ရေ သားသားမီးမီးလေးတွေအတွက် အဝတ်အစားတွေကို ဘယ်လိုရွေးချယ်ပေးလဲ။ သားသားမီးမီးလေးတွေရဲ့ အသားအရေက နူးညံ့လှပါတယ်။ အရည်အသွေးမကောင်းတဲ့ အဝတ်အစားတွေက သားသားမီးမီးလေးတွေရဲ့ အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ အရည်အသွေးမကောင်းတဲ့ အဝတ်အစားတွေက သားသားမီးမီးလေးတွေ အတွက်လည်း သက်တောင့်သက်သာ ရှိစေမှာမဟုတ်ပါဘူး။

 သက်တောင့်သက်သာ ရှိခြင်း

သားသားမီးမီးလေးတွေအတွက် အဝတ်အစားရွေးချယ်တဲ့အခါ ပထမဆုံး စစ်ဆေးရမှာက လက်၊ လည်ပင်းနဲ့ ခြေထောက် အပိုင်းတွေပါ။ ဥပမာ အင်္ကျီတစ်ထည် ဝယ်လိုက်တယ်ဆိုရင် လည်ပင်းနဲ့ လက်မှာ တင်းကျပ်မနေဖို့ အရေးကြီးပါတယ်။ ဘောင်းဘီ ဝယ်လိုက်တယ်ဆိုရင်လည်း ခြေထောက်ကို တင်းတင်းကျပ်ကျပ် ကုပ်ထားသလို မဖြစ်အောင် သတိထားရွေးချယ်ပါ။ မီးမီးလေးတွေအတွက် စကတ်ဝယ်မယ်ဆိုရင် ခါးကိုတင်းကျပ်မနေဖို့နဲ့ လမ်းလျှောက်တာ အဆင်ပြေမယ့် အမျိုးအစားကို ရွေးချယ်ပေးပါ။ အဝတ်အစားတစ်စုံက ကလေးငယ်အတွက် ဘယ်လောက်ထိ လုံခြုံမှုနဲ့ သက်တောင့်သက်သာ ဖြစ်စေလဲဆိုတာကို အရင်ဆုံး ဆုံးဖြတ်ပေးရပါမယ်။

အကြမ်းခံခြင်း

နောက်တစ်ချက်ကတော့ အဝတ်အစားတစ်ထည်ဟာ ဘယ်လောက်ထိ အကြမ်းခံလဲဆိုတာပါ။ ကလေးငယ်က လူကြီးတွေလို ညင်ညင်သာသာ ဝတ်မှာမဟုတ်ဘူးနော်။ ပြေးလွှာမယ်၊ ဆော့ကစားမယ်။ ဒီလိုအချိန်မှာ အဝတ်အစားက အကြမ်းခံနေဖို့ လိုအပ်ပါတယ်။ လျှော်တဲ့အခါမှာလည်း ဘယ်လောက်ထိ ခံနိုင်ရည် ရှိတယ်ဆိုတာကို သတိထားရပါမယ်။ တခါနှစ်ခါပဲ လျှော်ပြီး အဝတ်အစားက မကောင်းတော့ဘူးဆိုရင် မေမေတို့ပိုက်ဆံကုန်တာပဲ ရှိမှာပေါ့နော်။

ကိုယ်အလေးချိန်နဲ့ အရပ်

သားသားမီးမီးလေးတို့က တစ်နှစ်ထက် တစ်နှစ် ကြီးထွားမြန်ပါတယ်။ ဒီနှစ်က ဝယ်ထားတဲ့ အင်္ကျီက နောက်နှစ်အရောက်မှာ တော်ချင်မှ တော်မှာပါ။ ဒါကြောင့် မေမေတို့က သားသားမီးမီးလေးတွေ အတွက် အဝတ်အစားဝယ်တဲ့အခါ အချိန်ဘယ်လောက်အထိ ဝတ်လို့ရနိုင်လဲဆိုတာ တွက်ချက်ရပါမယ်။

မေမေတို့အတွက် အဝတ်အစားဝယ်တဲ့အခါ လွယ်ကူစေမယ့် နည်းလမ်းများ

  • လည်ပင်းအကျယ်ကို စစ်ဆေးပေးပါ။ လည်ပင်းတင်းကျပ်တဲ့ အဝတ်အစားတွေက ကလေးငယ်ရဲ့ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေပြီး စိုးရိမ်ထိပ်လန့်တာတွေ ဖြစ်လာစေပါတယ်။
  • ချွတ်ရတာ၊ ဝတ်ရတာ လွယ်ကူတဲ့ အဝတ်အစားကို ရွေးချယ်ပေးပါ။
  • အင်္ကျီလက်ကို အပေါ်သို့ လွယ်လွယ်ကူကူ ဆွဲတင်လို့ရတဲ့ အဝတ်အစား အမျိုးအစားကို ရွေးချယ်ပေးပါ။
  • သားသားမီးမီးလေးတွေ မြန်မြန်ဆန်ဆန် ဝတ်ဆင်လို့ရမယ့် အဝတ်အစားကို ရွေးချယ်ပါ။

အဝတ်အစားဝယ်ယူတာနဲ့ ပတ်သတ်ပြီး မေမေတို့ သိထားသင့်တာက

  •  (၁၀၀)ရာခိုင်နှုန်း ဝါဂွမ်းနဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေက ကလေးငယ်တွေအတွက် အကောင်းဆုံးပါ။
  •  သားသားမီးမီးလေးတွေက ကြီးထွားလွယ်တာကို မေမေတို့ မမေ့ပါနဲ့။

သားသားမီးမီးလေးတွေကို အဝတ်အစားဝယ်ပေးတဲ့အခါ သက်တောင့်သက်သာရှိတဲ့ ဒီဇိုင်းလေးတွေ ရွေးချယ်ပေးထားဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x